သတင်း

ကနီတွင် စစ်တပ်စခန်းကို PDF ပူးပေါင်းအဖွဲ့ သိမ်းယူ၊ သေနတ် ၁၅ လက်ရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယမန်နေ့ (နှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇)  နံနက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က သွားရောက် တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းခဲ့သည်ဟု သိရသည်။

မုံရွာ-ယာကြီး-ကလေးဝလမ်း မိုင်တိုင် ၄၉ အနီး အင်အား ၃၀ နီးပါးခန့်ရှိသော တာဝါတိုင်စခန်းကုန်းကို ယင်းမာပင်ခရိုင် PDF အမှတ် (၁) တပ်ရင်းက ဝင်တိုက်ပြီး မိနစ် ၂၀ ခန့် အကြာတွင် စခန်းသိမ်းနိုင်ခဲ့သည်ဟု သိရသည်။ 

ခရိုင် PDF တပ်ရင်းအပြင် ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း တိုက်ခိုက်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။ 

“စီးနင်းပြီးတော့ စခန်းကို မီးရှို့နိုင်ခဲ့တယ်။ ပြီးတော့ အားလုံးဆုတ်ခွာနိုင်ခဲ့တယ်။ သူတို့ (စစ်ကောင်စီ) ဘက်က ရဟတ်ယာဉ် နှစ်စီးနဲ့ အင်အားတွေ ထပ်ဖြည့်တယ်။ ကျွန်တော်တို့က သူတို့ကို သတ်ဖို့မရှိဘူး။ ပြည်သူ့ရင်ခွင် ခိုလှုံဖို့ ကမ်းလှမ်းတာ။ သူတို့ဘက်က (ပစ်ခတ်) တုံ့ပြန်တော့ မလွှဲမရှောင်သာနဲ့ တိုက်ထုတ်ရတဲ့အနေအထားပေါ့” ဟု ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုတိုက်ပွဲနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယမန်နေ့ညက သတင်းထုတ်ပြန်ခဲ့ပြီး MA 2 – ၃ လက်၊ MA 11 – ၆ လက်၊ MA 3- ၅ လက်၊ MA 4 – ၁ လက်၊ ၆၀ မမ ပြောင်းတို တစ်လက်၊ ဗုံးသီးများ၊ ရှေ့ထွက်မိုင်းများ၊ နင်းမိုင်းများအပါအဝင် လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လှုပ်ရှားသည့် ဒေသများတွင် စစ်ကောင်စီစခန်းများ အသိမ်းခံရသည့်သတင်း မကြာခဏ ထွက်ပေါ်တတ်သော်လည်း စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်စခန်းတစ်ခုကို PDF တို့ သိမ်းပိုက်နိုင်ပြီး လက်နက်အများအပြား ရရှိခဲ့ခြင်းမှာ ဖြစ်ခေါင့်ဖြစ်ခဲ ဖြစ်ရပ်ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိ ၁ ဦး အပါအဝင် အများအပြားသေဆုံးသည်၊ သွားရောက် တိုက်ခိုက်သူများဘက်မှ  ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတချို့ရှိသည်ဟု ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များက ပြောသည်။

သေဆုံး၊ ဒဏ်ရာရမှု အခြေအနေနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

သိမ်းဆည်းရမိသည့်အထဲမှ လက်နက်ခဲယမ်းတချို့။ (ဓာတ်ပုံ-ပေးပို့

သွားရောက်တိုက်ခိုက်ခဲ့သည့် စခန်းသည် စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ အိန္ဒိယနိုင်ငံနယ်စပ်အထိ လမ်းပေါက်သည့် မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်တွင် စစ်တပ် အာဏာသိမ်းပြီးချိန်ကတည်းက တပ်စွဲထားခြင်းဖြစ်ပြီး ဆက်သွယ်ရေးအချက်အချာကျသည့်နေရာတွင် ရှိနေကြောင်း ကနီမြို့နယ် ဒေသခံများထံမှ သိရသည်။

ကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သည့် အသက် ၃၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးကလည်း ထိုစခန်းသည် ဒေသခံတို့အတွက် အနှောင့်အယှက်ဖြစ်နေသည်ဟု ပြောသည်။

“စစ်ကောင်စီအတွက် ဗျူဟာကျတဲ့ကုန်းတစ်ခုဖြစ်သလို ဗျူဟာကျတဲ့နေရာဖြစ်တယ်။ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးကွန်ရက်တွေက (စခန်း) ကုန်းအနီးအနားမှာ ရှိတယ်။ အဲ့ဒီလမ်းသည် အိန္ဒိယအထိ ပေါက်တဲ့လမ်းဖြစ်တဲ့အပြင် စစ်ကောင်စီတပ်က တပ်ချလိုက်ခြင်းအားဖြင့် ဆက်သွယ်မှုတွေကို ပြည်သူတွေအနေနဲ့ ကောင်းကောင်းမွန်မွန် မလုပ်နိုင်တော့ဘူး” ဟု သူက ဆိုသည်။

ထိုစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လမ်းပေါ် ဖြတ်သန်းသွားလာသည့် ပြည်သူများကို စစ်ဆေးပြီး ငွေကြေးတောင်းခံကြောင်း သိရသည်။ 

ကနီမြို့နယ်နှင့် နယ်မြေဆက်စပ်နေသော ယင်းမာပင်၊ ဆားလင်းကြီးမြို့နယ်များတွင်လည်း ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီကို ခုခံတိုက်ခိုက်နေရာ စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစုများ အားကောင်းသော နယ်မြေများလည်း ဖြစ်သည်။ 

၂၀၂၁ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် နှစ်နှစ်ပြည့်ချိန်တွင် တစ်နိုင်ငံလုံး မြို့နယ်ပေါင်း ၃၃၀ အနက် ၁၉၈ မြို့နယ်ကိုသာ အပြည့်အဝထိန်းချုပ်ထားနိုင်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ထုတ်ဖော်ဝန်ခံထားသည်။ 

ထိုအထဲမှ စစ်ကိုင်းတိုင်းသည် တော်လှန်ရေးအဖွဲ့များ အားကောင်းပြီး မြို့နယ်အနှံ့အပြားမှ လက်နက်ကိုင် ခုခံနေရာ စစ်ကိုင်းတိုင်းမှ မြို့နယ် ၁၀ ခုထက်မနည်းကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသလို လေကြောင်းမှလည်း ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button