
မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် ကိုလိုနီခေတ် အကျဉ်းထောင်ဥပဒေမှာ ခေတ်နှင့် မလျော်ညီတော့သည့်အတွက် ပြုပြင်ရန် လိုအပ်ကြောင်း ယနေ့ အင်းစိန်ထောင်မှ လွတ်မြောက်လာသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ထောင်ဘူးဝရှေ့တွင် မီဒီယာများကို ပြောသည်။
ယင်းအကျဉ်းထောင်အက်ဥပဒေမှာ ၁၈၉၄ ခုနှစ်ကတည်းက ရေးဆွဲထားသည့် ဥပဒေဖြစ်ပြီး အဆိုပါ ဥပဒေ၊ လက်စွဲများအတိုင်း အကျဉ်းသားများအပေါ် ကျင့်သုံးနေဆဲဖြစ်သဖြင့် ခေတ်နှင့်လျော်ညီအောင် အရေးတကြီး ပြောင်းလဲရေးဆွဲဖို့ လိုအပ်ကြောင်း ၎င်းကတောင်းဆိုလိုက်ခြင်းဖြစ်သည်။
“အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား မရှိဘူးပေါ့။ ကိုယ့်ကို နိုင်ငံရေး အကျဉ်းသား စတေးတပ် (အဆင့်အတန်း) ပေးမထားဘူး။ ဆေးသမားတွေနဲ့ ဒီလိုပဲ ရောနေရတာပဲ။ နိုင်ငံရေးသမားလို့ သက်သက် သီးခြားခွဲထားတာတို့ သူတို့ကို စတေးတပ် ပေးထားတာတို့ မရှိဘူး” ဟု ၎င်းက ဆိုသည်။
တပ်မတော်ကို ထိခိုက်နစ်နာစေသည့် စာစုများကို လူမှုကွန်ရက်တွင် ရေးသားသည်ဟုဆိုကာ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသည့် ကဗျာဆရာ၊ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ယနေ့ (ဖေဖော်ဝါရီလ ၂၁ ရက်) မနက်ပိုင်းတွင် လွတ်ရက်စေ့၍ အင်းစိန်ထောင်မှ လွတ်မြောက်လာသည်။
လူ့အခွင့်အရေးမှတ်တမ်းရုပ်ရှင်များဖြင့် လူသိများသည့် ဦးမင်းထင်ကိုကိုကြီးကို တပ်မတော်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် အင်းစိန်မြို့နယ်တရားရုံး၌ ၂၀၁၉ ခုနှစ် ဧပြီလတွင် တရားစွဲဆိုခဲ့ပြီး ဩဂုတ်လကုန်ပိုင်းတွင် တရားရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။
လက်ရှိတွင် နိုင်ငံရေးအကျဉ်းသားအဖြစ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ သတ်မှတ်ခံထားရသူစာရင်းတွင် အကျဉ်းကျခံနေရသူ ၇၄ ဦး၊ အာမခံဖြင့်တရားရင်ဆိုင်ဆဲ ၄၂၇ ဦး၊ ထောင်တွင်းမှ တရားရင်ဆိုင်ဆဲ ၁၄၁ ဦး ရှိသည်။
လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကို တည်ထောင်သူ မင်းထင်ကိုကိုကြီးသည် လွတ်မြောက်လာပြီးနောက်တွင် ရုပ်ရှင်ဇာတ်ညွှန်းသင်တန်းများ ပေးရန် အစီအစဥ်ရှိပြီး ရုပ်ရှင်ရိုက်ကူးရေးအလုပ်များလုပ်ရန် အစီအစဉ်ရှိသည်ဟု Myanmar Now ကိုပြောသည်။
“ဒီ (ထောင်) ထဲမှာလည်း ဇာတ်ညွှန်းနှစ်ခု ရေးခဲ့တယ်။ တစ်ခုက ကိုပေါက်အတွက်၊ တစ်ခုက ဒါရိုက်တာ ဏကြီး အတွက်။ ဇာတ်ညွှန်းနှစ်ခု ပြီးတယ်” ဟု အင်းစိန်အကျဉ်းထောင်ရှေ့တွင် ၎င်းက ပြောသည်။
မင်းထင်ကိုကိုကြီးသည် တရားရင်ဆိုင်စဉ်က အာမခံ မရရှိခဲ့သဖြင့် ချုပ်ရက်အပါအဝင် ထောင်ထဲတွင် ၁၀ လကျော် နေထိုင်ခဲ့ရသည်။ သူသည် ထောင်မကျမီ တရားရင်ဆိုင်ရစဉ်ကတည်းက အသည်းကင်ဆာရောဂါ ခံစားနေရသည်ဟု ဆိုသည်။
လူ့အခွင့်အရေးဆိုင်ရာ ရုပ်ရှင်လုပ်ငန်းများကြောင့် လူသိများသူ ဒါရိုက်တာမင်းထင်ကိုကိုကြီးကို Facebook လူမှုကွန်ရက်စာမျက်နှာတွင် ‘ဟြောင့် (ဟေ့ကောင်) တိုင်းပြည်က မင်းတို့ စစ်အာဏာရူးတစ်သိုက်၊ မင်းတို့ ဖွတ်သူခိုးတစ်သိုက်၊ မင်းတို့လက်ပါးစေ မဘသတစ်သိုက်ကြောင့်ပျက်သွားပြီ’ ဟူသည့် ရေးသားချက် အပါအဝင် စာစု ၁၀ ခု ရေးသားမှုကြောင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ပုဒ်မ ၅ဝ၅ (က) သည် ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိ သို့မဟုတ် တပ်သားအား တာဝန်ဝတ္တရားမလေးစားခြင်း၊ ပျက်ကွက်ခြင်းပြုစေရန် အကြံနှင့် ရေးသားဖြန့်ချိမှုဖြစ်ပြီး ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်အထိအပြင် ငွေဒဏ်လည်းချမှတ်နိုင်သည့်ပုဒ်မ ဖြစ်သည်။
ဦးမင်းထင်ကိုကိုကြီးသည် တပ်မတော်သားများအား တာဝန်ဝတ္တရား ပျက်ကွက်စေလိုခြင်း၊ မလေးစားစေလိုခြင်း စသည်တို့ ဖြစ်စေချင်သည်မှာ ထင်ရှားကြောင်း၊ တပ်မတော်အပေါ် ဝေဖန်ရေးသားချက်များသည် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်စေရန် ရည်ရွယ်ချက် ပါဝင်အောင် ရေးသားခြင်း မရှိဟု အင်းစိန်မြို့နယ် တရားသူကြီးက ဆုံးဖြတ်ပြီး အလုပ်နှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။
သို့သော် ဦးမင်းထင်ကိုကိုကြီးမှာ ဆေးမှတ်တမ်းနှင့် ရုံးရှေ့အပြုအမူများအရ ကျန်းမာရေး မကောင်းသည်မှာ ထင်ရှားသဖြင့် ချုပ်ရက် ထုတ်နုတ်ခံစားခွင့် ရခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသက်တမ်းအတွင်း တပ်မတော်က၎င်း၏ အကျိုးထိခိုက်နစ်နာစေခြင်းကြောင့်အပါအဝင် ဥပဒေအသီးသီးဖြင့် တပ်မတော်၏ တရားစွဲခံရသူများမှာ မင်းထင်ကိုကိုကြီး အပါအဝင် ၉၆ ဦး ရှိလာကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို စောင့်ကြည့်သည့် ‘အသံ’ အဖွဲ့၏ ဇန်နဝါရီလထုတ် သုတေသနတစ်ခုက ဆိုသည်။
တရားစွဲဆိုခံရသူများတွင် တက်ကြွလှုပ်ရှားသူ အများဆုံးဖြစ်ပြီး ၂၀၁၉ ခုနစ်အတွင်း တရားစွဲခံရမှုမှာ အမြင့်ဆုံး ဖြစ်သည်ဟု အဆိုပါ သုတေသနက ဖော်ပြသည်။
သင်္ကြန်တွင် သံချပ်ထိုးသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များသည်လည်း တပ်မတော်အတွင်း အုပ်ချုပ်ရေးယန္တရားပျက်ပြားအောင် သံချပ်ထိုးသည်ဟုဆိုကာ ပုဒ်မ ၅၀၅ (က) ဖြင့် မတူညီသည့် တိုင်းဒေသကြီးနှင့် မြို့နယ်များရှိ တရားရုံးများတွင် တပ်မတော်၏ အမှုဖွင့်တရားစွဲထောင်ချခြင်း ခံနေရသည်။
အင်းစိန်အကျဉ်းထောင်အပေါက်ဝမှ ကားပေါ်သို့မတက်မီ “နိုင်ငံရေးဆက်လုပ်မှာလား” ဆိုသည့် Myanmar Now ၏အမေးကိုတော့ မင်းထင်ကိုကိုကြီးက “ကြည့်ပေါ့ စောင့်ကြည့်လိုက်ပေါ့ … ဒါပေမဲ့ ကြောက်တော့ကြောက်သွားပြီ။ မပြောရဲမဆိုရဲတော့ဘူးလေ။ ကြောက်လည်းကြောက်သွားတယ် နောင်တလည်းရသွားတယ်” ဟု အဖြေပေးသွားခဲ့သည်။



