သတင်း

ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ ရေးသားချက်များတွင် တပ်မတော်အပေါ် ကောင်းစေလိုသော စေတနာ မတွေ့ရဟု တရားသူကြီးသုံးသပ်

လူမှုကွန်ရက်တွင် တပ်မတော်နှင့် ပတ်သက်သော ရေးသားချက်များနှင့် ပတ်သက်ပြီး တပ်မတော်၏တရားစွဲခြင်း ခံထားရသည့် ကဗျာဆရာ၊ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ်တရားသူကြီးက အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ကျခံစေရန် ယနေ့ အမိန့်ချမှတ်လိုက်သည်။

လူ့အခွင့်အရေး မှတ်တမ်းရုပ်ရှင်ကားများဖြင့် လူသိများသည့် အသက် ၅၇ နှစ်အရွယ် ဦးမင်းထင်ကိုကိုကြီးကို တပ်မတော်က အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်အထိအပြင် ငွေဒဏ်လည်းချမှတ်နိုင်သော ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် အင်းစိန်မြို့နယ်တရားရုံးတွင် ယခုနှစ် ဧပြီလက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ပုဒ်မ ၅ဝ၅ (က) သည် ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိ သို့မဟုတ် တပ်သားအား တာဝန်ဝတ္တရား မလေးစားခြင်း၊ ပျက်ကွက်ခြင်း ပြုစေရန် အကြံနှင့် ရေးသားဖြန့်ချိမှု ဖြစ်သည်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးမှာ စစ်တပ်က မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်နေရာယူထားမှုနှင့်ပတ်သက်ပြီး ၎င်း၏ Facebook စာမျက်နှာပေါ်မှတစ်ဆင့် ကန့်ကွက်ရေးသားနေသူလည်း ဖြစ်သည်။

Ko Ko Gyi အမည်ဖြင့် ဖွင့်လှစ်ထားသော Facebook အသုံးပြုမှတ်တမ်းတွင် ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ မတ်လ ၂၂ ရက်အတွင်း တပ်မတော်နှင့်ပတ်သက်၍ ရေးသားပြောဆိုမှုများကြောင့် ၎င်းကို စစ်တပ်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သူ၏ရေးသားမှုများတွင် ‘ဟြောင့် (ဟေ့ကောင်) တိုင်းပြည်က မင်းတို့ စစ်အာဏာရူးတစ်သိုက်၊ မင်းတို့ ဖွတ်သူခိုးတစ်သိုက်၊ မင်းတို့လက်ပါးစေ မဘသတစ်သိုက်ကြောင့် ပျက်သွားပြီ’ ဟု ရေးသားထားသောအချက်လည်း ပါသည်။

“နွားသို့ မေတ္တာစာ” ခေါင်းစဉ်ဖြင့် ရေးသားထားသော “အစကတည်းက အခြေခံဥပဒေက မင်းတို့နဲ့ မဆိုင်ဘူးနွားရဲ့၊ မင်းတို့ ရေးရမှာ မဟုတ်ဘူးနွားရဲ့၊ မင်းတို့နဲ့ မဆိုင်တဲ့ လွှတ်တော်ထဲ မင်းတို့ရောက်နေခဲ့တာ နွားရဲ့၊ မင်းတို့မျက်နှာ ပြန်ကြည့်လိုက်စမ်း၊ တစ်နိုင်ငံလုံးက ဝိုင်းထွေးထားတဲ့ တံတွေးတွေမှ ရွှဲလို့ စိုလို့” ဟု ရေးသားထားသည့်အချက်လည်း ပါဝင်ခဲ့သည်။

ယင်းအပြင် “ဒေါ်စိန်အေးဟာ လူလိမ် သူခိုး လူသတ်သမားတွေ မွေးထုတ်ပေးနေတဲ့ မိခင်ကြီးပါ”၊ “သူ့ဟာသူတောင် ရွာလည်နေတာ မြန်မာနိုင်ငံကို ဘယ်လိုလုပ်ပြီး အကာအကွယ်ပေးနိုင်မှာလဲ မြန်မာနိုင်ငံသားတွေ ကံဆိုးလိုက်တာဗျာ ဒေါ်စိန်အေးသားကြီးတွေ အရည်အချင်းမဲ့သမျှ တစ်နိုင်ငံလုံး ခါးစည်းခံပေတော့”၊ “တံတွေးခွက်ထဲမှာ ဒေါ်စိန်အေးသားကိုထားခဲ့” စသည့် ရေးသားချက်များလည်း ပါဝင်သည်။

ထိုသို့ ရေးသားချက်များနှင့်ပတ်သက်ပြီး ဦးမင်းထင်ကိုကိုကြီးက ၎င်း ရေးသားခဲ့ခြင်းဖြစ်ကြောင်း ရုံးတော်၌ ဝန်ခံခဲ့ပြီး တပ်မတော်အပေါ် ကောင်းစေလိုသော စေတနာ၊ ဆန္ဒ၊ ရည်ရွယ်ချက်များဖြင့် ရေးသားခဲ့ခြင်းသာ ဖြစ်သည်ဟု ခုခံချေပခဲ့သည်။

ယနေ့ တရားသူကြီး၏ သုံးသပ်ချက်များတွင် ဦးမင်းထင်ကိုကိုကြီးမှာ တပ်မတော်အပေါ် နွား၊ ခွေး စသည့် တိရစ္ဆာန်များနှင့် ခိုင်းနှိုင်းပြီး ရိုင်းစိုင်းသော အသုံးအနှုန်းများဖြင့် လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ချိခဲ့ကြောင်း ၎င်းဘက်က ခုခံချေပသကဲ့သို့ တပ်မတော်အပေါ် ကောင်းစေလိုသော စေတနာ၊ ဆန္ဒ၊ ရည်ရွယ်ချက်များဖြင့် ရေးသားပါသည်ဟု သက်သေထင်ရှား တင်ပြနိုင်ခြင်းမရှိကြောင်း ပါရှိသည်။

ထို့ပြင် ကဗျာဆရာ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ တစ်ယောက်ဖြစ်သည့် ဦးမင်းထင်ကိုကိုကြီးအနေဖြင့် ၎င်း၏ရေးသားချက်များသည် တစ်ဖက်သား မည်သို့ စိတ်ခံစားမှု ရှိမည်ကို သိလျက်နှင့် တမင်ရည်ရွယ်ဖော်ပြသည်မှာ ထင်ရှားကြောင်း တရားသူကြီးက သုံးသပ်သည်။

ဦးမင်းထင်ကိုကိုကြီးအနေဖြင့် တရားလိုက တိုင်တန်းသည့်အတိုင်း တပ်မတော်သားများအား တာဝန်ဝတ္တရား ပျက်ကွက်စေလိုခြင်း၊ မလေးစားစေလိုခြင်း စသည်တို့ ဖြစ်စေချင်သည်မှာ ထင်ရှားကြောင်း တရားသူကြီးက ဆိုသည်။

ဦးမင်းထင်ကိုကိုကြီး၏ တပ်မတော်အပေါ် ဝေဖန်ရေးသားချက်များသည် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်စေရန် ရည်ရွယ်ချက် ပါဝင်အောင် ရေးသားခြင်း မရှိကြောင်း သုံးသပ်၍ အင်းစိန်မြို့နယ်တရားရုံးက ယင်းသို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

သို့သော် ဦးမင်းထင်ကိုကိုကြီးမှာ ဆေးမှတ်တမ်းအရ၊ ရုံးရှေ့အပြုအမူများအရ ကျန်းမာရေး မကောင်းသည်မှာ ထင်ရှားသဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁ နှစ် ချမှတ်ပြီး ချုပ်ရက် ထုတ်နုတ်ခံစားခွင့် ရှိကြောင်း အမိန့်ချမှတ်ခဲ့သည်။

“မစိုးရိမ်ပါနဲ့ ကျွန်တော် ပြန်ထွက်လာမှာပါ။ အရေးကြီးတာက အခြေခံဥပဒေ ပြင်ဆင်ရေး။ ကျွန်တော်တို့ ခေါင်းဆောင်တွေနဲ့အတူ မျက်ခြည်မပျက် အားလုံး ညီညီညွတ်ညွတ် ဆက်လက်ချီတက်ကြပါလို့ ပြောချင်ပါတယ်” ဟု

ဦးမင်းထင်ကိုကိုကြီးက အမိန့်ချခံရပြီး အင်းစိန်ထောင်ပို့မည့် အချုပ်ကားပေါ်သို့ မတက်ခင်တွင် မီဒီယာများသို့ ဖြေကြားခဲ့သည်။

ယခုအမိန့်အတွက် အယူခံဝင်မဝင်ကို မသိရသေးပါ။

မင်းထင်ကိုကိုကြီးသည် သဘာဝပတ်ဝန်းကျင်၊ လူ့အခွင့်အရေး စသည့် မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးထုတ်လုပ်သူဖြစ်ပြီး လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကို တည်ထောင်သူလည်း ဖြစ်သည်။

၎င်း၏ မှတ်တမ်းရှပ်ရှင်များအနက် ‘အင်းသီး’ နှင့် ရခိုင်ပြည်နယ်မှ ဂတ်စ်ပိုက်လိုင်းများအကြောင်း မှတ်တမ်းရုပ်ရှင်မှာ လူကြိုက်များ ထင်ရှားသည်။

Show More

Related Articles

Back to top button