သတင်း

ဒါရိုက်တာ မင်းထင်ကိုကိုကြီးပြန်လွတ်လာ၊ အဆိုတော် စောဖိုးခွားကို လွှတ်ပေးပြီးမှ ပြန်ဖမ်းခေါ်ထား

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ နံနက်တွင် အကြောင်းပြချက်မရှိ ဖမ်းဆီးခံခဲ့ရသူ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးမှာ ယနေ့ ( နိုဝင်ဘာ ၁၅)  နံနက်ပိုင်းတွင် လွတ်ရက်စေ့ဖြင့် ပြန်လည်လွတ်မြောက်လာပြီး အဆိုတော် စောဖိုးခွားကို လွှတ်ပေးပြီးမှ ပြန်ဖမ်းခေါ်သွားသည်ဟု သိရသည်။

အင်းစိန်အကျဉ်းထောင် မင်းစေတီထွက်ပေါက်မှ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ အဆိုတော် စောဖိုးခွားတို့ အပါအဝင် ၇ ဦး လွတ်မြောက်သွားသည်ဟု အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သည့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။

သို့သော် စောဖိုးခွားကိုမူ ထပ်မံတရားစွဲဆိုထားသည့် အမှုရှိသည့်အတွက် ထောင်တွင်းသို့ ပြန်လည်ဖမ်းဆီးခေါ်ဆောင်ထားသည်ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီ (မြန်မာပိုင်း) သို့ ပြောဆိုသည်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် ဒါရိုက်တာတစ်ဦးအဖြစ် လူသိများသည့် အသည်းကင်ဆာရောဂါဝေဒနာ ခံစားနေရသူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပြီး အဆိုတော် စောဖိုးခွားမှာ သဘာဝဘေးဒဏ်စီမံခန့်ခွဲမှု ပုဒ်မ ၃၀ (က) နှင့် ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ ကျန်းမာရေး ကောင်းမွန်ပြီး ၎င်း၏ နေအိမ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြင်ပရှိ ပြည်သူများကိုလည်း ကျမ်းမာရေး ဂရုစိုက်ကြရန် မှာကြားကြောင်း ဒါရိုက်တာမင်းထင်ကိုကိုကြီးနှင့် နီးစပ်သည့် ကဗျာဆရာတစ်ဦးက ပြောသည်။

“နေကောင်း၊ ကျန်းမာပြီးတော့ သူ အိမ်ပြန်ရောက်ပြီ ဆိုတဲ့အကြောင်း ပြောပါတယ်။ ပြီးတော့ အပြင်မှာ ရှိတဲ့သူတွေကိုလည်း ကျန်းမာရေး ဂရုစိုက်ကြဖို့ဆိုပြီး ကိုမင်းထင်က ပြောပါတယ်” ဟု ပြောသည်။   

၂၀၁၉ ခုနှစ်တွင်လည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့ရာမှ ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးခံခဲ့ရသည်။ 

၂၀၂၀ ဖေဖော်ဝါရီလ ၂၁ တွင် လွတ်ရက်စေ့ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် စစ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ နံနက်တွင် ပြန်လည် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

စစ်တပ်၏၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်း‌ရေး၊ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဘာသာရေးအကြောင်းပြ၍ နိုင်ငံရေးတွင် သွေးထိုးလှုံ့ဆော်နေသည့် မဘသအဖွဲ့တို့ကို လူမှုကွန်ရက်စာမျက်နှာတွင် မင်းထင်ကိုကိကြီးက ဝေဖန်ပြောဆိုလေ့ရှိသည်။

သူသည် လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် ဦးဆောင်ကျင်းပသူ၊ လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံ တည်ထောင်သူနှင့် ရုပ်ရှင်ပညာရပ် သင်ကြားသူ မင်းထင်ကိုကိုကြီးသည် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေများကို ယခင်စစ်အစိုးရလက်ထက် ၂၀၀၀ ပြည့်နှစ်ကျော်ကတည်းက မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးလာခဲ့သူ ဖြစ်သည်။

ရက်ဂေးသီချင်းအမျိုးအစားကိုသာ သီဆိုလေ့ရှိသည့် အဆိုတော်စောဖိုးခွားမှာ ငြိမ်းချမ်းရေးအဆိုတော်ဟု လူသိများသည်။ ၂၀၁၂ အလွန်နှစ်များတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အခမ်းအနားများတွင် စောဖိုးခွားကို တွေ့ရလေ့ရှိပြီး ငြိမ်းချမ်းရေးသီချင်းများဖြင့် ဖျော်ဖြေလေ့ရှိသည့် ကရင်တိုင်းရင်းသားတစ်ဦးဖြစ်သည်။

သူရေးသားသည့် “ချစ်ကြပါ” သီချင်းကို အခမ်းအနားများတွင် သီဆိုလေ့ရှိပြီး အမုန်းများရပ်ရန် တောင်းဆိုထားပြီး ငြိမ်းချမ်းသည့် ကမ္ဘာကြီးတည်ဆောက်ကြရန် တိုက်တွန်းထားသည့် သီချင်းဖြစ်သည်။

အလားတူ တရုတ်တွေ၊ ကုလားတွေ၊ ကရင်တွေ၊ ဗမာတွေ၊ ရခိုင်တွေ၊ ကချင်တွေ လာလုပ်မနေနဲ့ အားလုံးဟာ လူတွေချည်းပဲ စာသားများပါဝင်သည့် “ညီမျှခြင်းလူ” သီချင်းမှာလည်း မညီမညွတ်ဖြစ်နေသည့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ညီညွတ်ရန် ရေးသားသီဆိုထားသည့် သီချင်းတစ်ပုဒ်ဖြစ်သည်။

အခြားထင်ရှားသည့် သီချင်းတစ်ပုဒ်မှာ DSA စစ်တက္ကသိုလ်ကျောင်းထွက်များကို လှောင်ပြောင်ထားသည့် “ဒေါ်စိန်အေးရဲ့သား” သီချင်းကို သူအထိန်းသိမ်းခံနေရသည့် အစောပိုင်းကာလ လမ်းလုံးပြည့် ဆန္ဒပြကန့်ကွက်လှုပ်ရှားသူများကြားမှ တော်လှန်ရေးဂီတအဖွဲ့များ သီဆိုခဲ့ကြသည်။

ပြင်ဦးလွင်မြို့တွင်ရှိသည့် စစ်တက္ကသိုလ် Defence Service Academy (DSA) ကို ဒေါ်စိန်အေးဟု အများက နားလည်ထားပြီး သီချင်းထဲမှ ‘လေးခွကိုင်ပြီး ရမ်းကားနေတဲ့အကောင် …..အဲဒါ ဒေါ်စိန်အေးရဲ့သား’၊   ‘ရပ်ကွက်ထဲမှာ မရှိမှအေးမယ့်ကောင်’ စသည့် စကားလုံးများဖြင့် စစ်အရာရှိများကို ဝေဖန်သရော်ထားသည်။

စောဖိုးခွားသည် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD အောင်နိုင်ရေးသီချင်းများ သီဆို၍ မဲဆွယ်စည်းရုံးပေးခဲ့မှုကြောင့်လည်း စစ်တပ်၏ အငြိုးကို ခံခဲ့ရသူလည်းဖြစ်သည်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးနှင့် အဆိုတော် စောဖိုးခွားတို့၏ မိသားစုဝင်များနှင့် ဆက်သွယ်နိုင်ရန် Myanmar Now က ကြိုးစားနေဆဲဖြစ်သည်။ ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရသူ အဆိုတော်ပိုပို၊ မတရားအသင်းဆက်သွယ်မှု  ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခံထားရသူ မဝင်းမင်းသန်းတို့ကိုလည်း ပြီးခဲ့သည့် ရက်ပိုင်းတွင် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။ 

စစ်အာဏာသိမ်းပြီးနောက် နိုဝင်ဘာ ၁၀ အထိ ဖမ်းဆီးခံထားရသူ ၁၂၉၆၄ ဦးအထိ ရှိနေပြီဖြစ်ပြီး သေဒဏ်ချမှတ်ခံထားရသူ ၁၂၈ ဦး ပြန်လည်လွတ်မြောက်လာသူ ၃၁၉၃ ဦးအထိ ရှိနေပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က နိုဝင်ဘာ ၁၄ တွင် ထုတ်ပြန်ထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button