
လူ့အခွင့်အရေး ရုပ်ရှင်များဖြင့် လူသိများသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို တပ်မတော်အရာရှိတစ်ဦးက တပ်မတော်အပေါ် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုထားရာ လာမည့် ဩဂုတ်လ ၂၉ ရက်တွင် အပြီးသတ်အမိန့် ချမှတ်မည်ဟု အင်းစိန်မြို့နယ် တရားသူကြီးက ယနေ့ရုံးချိန်းတွင် ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၁၅ ရက် ရုံးချိန်းတွင် ဦးမင်းထင်ကိုကိုကြီးကို တရားသူကြီးက စစ်မေးပြီးနောက် ပြစ်ဒဏ် ချမှတ်သင့် မသင့်ကို နှစ်ဖက်ရှေ့နေများက လျှောက်လဲချက်ပေးကြသည်။
ဦးမင်းထင်ကိုကိုကြီးမှာ တပ်မတော်အပေါ်ဝေဖန်သည့် စာများကို ၎င်း၏ Ko Ko Gyi ဟူသည့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် အကောင့်၌ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လများတွင် ရေးသားခဲ့ကြောင်း ယနေ့တွင် အင်းစိန်မြို့နယ်တရားသူကြီးထံ ဝန်ခံထွက်ဆိုခဲ့သည်။
သို့သော် ၎င်းထံတွင် တပ်မတော်ပြိုကွဲစေလိုခြင်း၊ တပ်မတော် မရှိစေလိုခြင်းမျိုးကဲ့သို့ စေတနာ၊ ဆန္ဒ၊ ရည်ရွယ်ချက်မျိုး မရှိကြောင်း ထွက်ဆိုခဲ့သည်။
ဦးမင်းထင်ကိုကိုကြီးကို ဖေ့ဘွတ်ခ်လူမှုကွန်ရက်တွင် မတ်လ ၁၅ ရက်မှ ၂၂ရက်အတွင်း ရေးသားချက်များနှင့်ပတ်သက်၍ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက အင်းစိန်မြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅(က)ဖြင့် ဧပြီလအတွင်းက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဦးမင်းထင်ကိုကိုကြီးသည် အသည်းကင်ဆာရောဂါ ခံစားနေရ၍ ဆိုကာ ပြင်ပမှ တရားရင်ဆိုင်နိုင်ရေး တရားရုံးထံ အာမခံလျှောက်ထားခဲ့သော်လည်း တရားသူကြီးက ပယ်ချခဲ့သည်။
ပုဒ်မ ၅ဝ၅(က) သည် ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိ သို့မဟုတ် တပ်သားအား တာဝန်ဝတ္တရားမလေးစားခြင်း၊ ပျက်ကွက်ခြင်း ပြုစေရန် အကြံနှင့် ပတ်သက်ပြီး ရေးသားဖြန့်ချိမှုဖြစ်ပြီး အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ဦးမင်းထင်ကိုကိုကြီးကို ပြစ်ဒဏ် ချသင့်ကြောင်း တရားလို တပ်မတော်အရာရှိဘက်မှ ဥပဒေအရာရှိ၏ လျှောက်လဲချက်များအနက် (၄) ချက်
တရားလို ဒုဗိုလ်မှူးကြီးလင်းထွန်း၏ ရှေ့နေက –
(၁) ဦးမင်းထင်ကိုကိုကြီး၏ လူမှုကွန်ရက်၌ ရေးသားချက်များသည် တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများအပေါ် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အလုပ်တာဝန်များအပေါ် ပေါ့လျော့မှု ဖြစ်စေနိုင်ကြောင်း
(၂) ဦးမင်းထင်ကိုကိုကြီးမှာ ကဗျာဆရာ၊ စာရေးဆရာ၊ ဒါရိုက်တာ ဖြစ်သော်လည်း အဆိုပါအလုပ်အကိုင်မှတစ်ဆင့် ၎င်း၏ အယူအဆကို ဖော်ပြခြင်းမရှိဘဲ ပျံ့နှံ့မှုများသည့် ဖေ့ဘွတ်ခ်လူမှုကွန်ရက်ကို အသုံးပြု၍ ဖြန့်ချိရေးသားခဲ့ခြင်း
(၃) တပ်မတော်အပေါ် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)အရ တပ်မတော်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ တာဝန်ဝတ္တရားကို မလေးစား သို့မဟုတ် ပျက်ကွက်ခြင်းသော်လည်းကောင်း ပြုစေရန် အကြံရှိလျှင် သို့မဟုတ် ထိုသို့ ပြုစေတန်ရာသည့် အကြောင်းရှိလျှင်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားရာ ဦးမင်းထင်ကိုကိုကြီး၏ ရေးသားချက်ကြောင့် တပ်တွင်းပုန်ကန်မှု ဖြစ်ပေါ်ခြင်း၊ တာဝန်ဝတ္တရား ပျက်ကွက်ခြင်းများ မရှိသော်လည်း အတွေးအခေါ်မြင့်မားရသည့် စာရေးဆရာ၊ ကဗျာဆရာ၊ ဒါရိုက်တာအဖြစ် လုပ်ကိုင်သည့် ဦးမင်းထင်ကိုကိုကြီးအနေဖြင့် ထိုသို့ဖြစ်စေရန် အကြံဖြင့် ရေးသည်မှာ ထင်ရှားကြောင်း ဥပဒေအရာရှိက တရားသူကြီးထံ လျှောက်လဲချက်ပေးခဲ့သည်။
(၄)ထို့ပြင် ဦးမင်းထင်ကိုကိုကြီး၏ ရေးသားချက်များကြောင့် စစ်ပုန်ကန်မှု၊ တာဝန်ဝတ္တရားပျက်ကွက်မှုများ ဖြစ်နိုင်မဖြစ်နိုင်ကို တပ်မတော်တွင်းရှိ အရာရှိများက အခြားသူထက် ပိုမို နားလည်နိုင်ပြီး ထိုသို့ ဖြစ်လာနိုင်ခြေ ရှိသည့်အတွက် တရားလိုက တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ဥပဒေအရာရှိက ဆိုသည်။
အထက်ပါ အချက်များကြောင့် ဦးမင်းထင်ကိုကိုကြီးကို တပ်မတော်အပေါ် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် အရေးယူသင့်ကြောင်း တရားလိုဘက်မှ ဥပဒေအရာရှိက တရားသူကြီးထံ လျှောက်ထားခဲ့သည်။
မင်းထင်ကိုကိုကြီးကို အမှုမှ တရားသေ လွတ်မြောက်ခွင့် ပေးသင့်ကြောင်း လျှောက်လဲချက်များအနက် (၄) ချက်
စွပ်စွဲခံရသူ ဦးမင်းထင်ကိုကိုကြီး၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က –
(၁) ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေညာစာတမ်းအရပင် လူတိုင်းတွင် လွတ်လပ်စွာ ပြောဆိုဖော်ထုတ်နိုင်ခွင့်ရှိခြင်း
(၂) ဦးမင်းထင်ကိုကိုကြီး၏ ရေးသားချက်ကြောင့် တပ်မတော်တွင်း စစ်ပုန်ကန်မှုနှင့် တာဝန်ဝတ္တရား ပျက်ကွက်မှုတို့ ဖြစ်ပေါ်ခဲ့ကြောင်း တရားလို တပ်မတော်အရာရှိနှင့် တရားလိုပြသက်သေများက ရုံးတော်သို့ သက်သေအထောက်အထားနှင့် ထွက်ချက်များ မပေးနိုင်ခြင်း။
(၃) အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) အတွက် တရားလိုပြသက်သေများတွင် ပြည်သူသက်သေနှင့် တပ်သား၊ အရာခံအဆင့်ရှိသူ တစ်စုံတစ်ယောက်မျှ မပါဝင်ဘဲ ဗိုလ်မှူးအဆင့်၊ ဗိုလ်ကြီးအဆင့် ရှိသူများသာ ပါဝင်ခြင်း
(၄) ဦးမင်းထင်ကိုကိုကြီးက တပ်မတော်သားများ ထိခိုက်နစ်နာစေရန် ရေးသားခြင်း မဟုတ်ဘဲ တပ်မတော်ကို ကောင်းစေလိုသော စေတနာဖြင့် ရေးသားခြင်းဖြစ်၍ ရန်သူဟု မသတ်မှတ်ဘဲ ကျန်းမာရေးမကောင်းသူကို လွှတ်ပေးသင့်ကြောင်း
စသည့်အချက်များကို တရားသူကြီးထံ လျှောက်ထားခဲ့သည်။