သတင်း

မင်းထင်ကိုကိုကြီးအမှု နှစ်ကြိမ်ဖွင့်ထားခြင်းကို ရှေ့နေ ကန့်ကွက်

ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ Facebook တွင် ရေးသားချက်ကို တပ်မတော်က ပုဒ်မ နှစ်ခုဖြင့် အမှုဖွင့် တရားစွဲခြင်းသည် ဥပဒေနှင့် မညီကြောင်း ၎င်း၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က သတင်းထောက်များကို ယနေ့ ပြောလိုက်သည်။

ရန်ကုန်၊ အင်းစိန်မြို့နယ် ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ခြင်း၊ အင်းစိန်မြို့နယ် တရားရုံးတွင် အကြည်ညိုပျက်စေမှုအတွက် ဦးတိုက်လျှောက်ခြင်းတို့သည် Facebook တွင် ရေးသားသည် ဟူသော လုပ်ရပ်အတွက်သာဖြစ်သည်ဟု ၎င်းက ထောက်ပြသည်။ ဤအခြေအနေကို တရားရုံးသို့ ဆက်လက် တင်ပြမည်ဟု ဆိုသည်။

မြို့နယ်တရားရုံးရှိ အမှုကို စစ်ဆေးသည့် အခန်း အနေအထားကြောင့် ဝင်ရောက် လေ့လာနိုင်သူ အရေအတွက်မှာ ၂ဝ ထက် မပိုပေ။ သတင်းသမားတို့ ဝင်ရောက် သတင်းယူနိုင်ခြင်း မရှိပေ။

အမှုစစ်တရားသူကြီး၏ လုံခြုံရေး၊ တရားခွင် နေရာ ကျဉ်းမြောင်းခြင်းတို့ကြောင့် လူဦးရေ ကန့်သတ်ထားသည်ဟု တရားရုံးဝန်ထမ်းတစ်ဦးက ပြောသည်။

အာမခံ ထပ်မံ ပယ်ချ

အသည်းကင်ဆာ ဖြစ်နေသော မင်းထင်ကိုကိုကြီးသည် ခွဲစိတ်ကုသမှု ခံယူထားသူ ဖြစ်၍ အာမခံပေးရန် ပြီးခဲ့သည့် ရုံးချိန်းတွင် လျှောက်ထားရာ  ပယ်ချခံရသည်။ ယနေ့ ထပ်မံ လျှောက်ထားရာ တရားသူကြီးက ဆရာဝန်ကို ခေါ်ယူစစ်ဆေးခြင်း မရှိသေးဟု ဆိုကာ ထပ်မံ ပယ်ချလိုက်ကြောင်း ရှေ့နေက ပြောသည်။

“အသည်းတစ်ခြမ်းကို လှီးထုတ်ထားရတဲ့အပြင် နှလုံးရောဂါနဲ့ ကျောက်ကပ်ဝေဒနာလည်း ရှိနေတော့ တော်တော်လေးတော့ ခက်ခဲတယ်ဗျာ။ အထက်ရုံးကို(အယူခံ) တက်မယ်ဆို အချိန်ကာလအရ အမှုကြာမြင့်မှာလည်း ကျွန်တော်တို့ဘက်က စိုးရိမ်ပါတယ်။ (ယခုရုံးချိန်းမှာ) ကျွန်တော်တို့အနေနဲ့က ဥပဒေအရလည်း လျှောက်ထားသလို လူပုဂ္ဂိုလ်အရ အသနားခံသော်လည်းပဲ မအောင်မြင်ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။  

အမှုပြန်လည် စစ်ဆေးရန် မေ ၉ နံနက် ၁၁ နာရီသို့ ချိန်းဆိုထားကြောင်း၊  တရားလိုပြသက်သေအဖြစ် တပ်မတော်အရာရှိ ငါးဦးကို အမည်စာရင်းတင်သွင်းထားသည်ဟု သိရကြောင်း  ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။

မင်းထင်ကိုကိုကြီးက  တရားရုံးမှ အထွက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် စကား အနည်းငယ် ပြောခဲ့သည်။

“သူတို့ကို သွားပြီးတော့လေ … မကြည်ညိုဘူးလို့ ပြောမိတာကိုလေ … တော်တော် နောင်တ ရနေတာ၊  တော်တော် နောင်တရသွားပြီ လို့၊ ကြည်ညိုလာပြီ လို့။ တစိမ့်စိမ့်ကို ကြည်ညိုလာတယ်လို့ ပြောတော့မယ်” ဟု   ၎င်းက ဆိုသည်။

မင်းထင်ကိုကိုကြီးသည် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးထုတ်လုပ်ခဲ့သည့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်သိပ္ပံကို တည်ထောင်သူ ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က နိုင်ငံရေးတွင် ဝင်ရောက်နေရာယူထားမှုနှင့် ပတ်သက်ပြီး   Facebook တွင် ပြင်းပြင်းထန်ထန် ကန့်ကွက် ရေးသားရာမှ ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်၊ တရားစွဲခံနေရသည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) သည် ၂ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သော ပုဒ်မ ၅ဝ၅ (က) သည်  ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိ သို့မဟုတ် တပ်သားအား တာဝန်ဝတ္တရား မလေးစားခြင်း၊ ပျက်ကွက်ခြင်း ပြုစေရန် အကြံနှင့် ပတ်သက်ပြီး ရေးသားဖြန့်ချိမှု ဖြစ်သည်။

တပ်မတော်၏ မှတ်ချက်

တပ်မတော်ကအမှု နှစ်ကြိမ်ဖွင့်ရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီကို Myanmar Now က ယနေ့ ညနေပိုင်းတွင် ဆက်သွယ် မေးမြန်းခဲ့သည်။

မင်းထင်ကိုကိုကြီးအမှုတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်က စွဲဆိုမှုဖြစ်သည့်အတွက် အမှု နှစ်ကြိမ်ဖွင့်ရသည့် အကြောင်းရင်းကို   အသေအချာ မပြောနိုင်သေးကြောင်း  ၎င်းက မှတ်ချက်ပြုသည်။

“ပုဒ်မ နှစ်ခုဆိုတာကတော့ သူတို့ကျူးလွန်တဲ့၊ ဥပဒေနဲ့ ငြိစွန်းတဲ့ဟာမို့လို့ စွဲတယ်လို့တော့ ကျွန်တော်ကတော့ ယူဆပါတယ်” ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

Show More

Related Articles

Back to top button