ပညာရေး

ဗမာများကို ဖွံ့ဖြိုးရေးတက္ကသိုလ်ဝင်ခွင့်ပယ်ခဲ့သော ပညာရေးဝန်ထမ်းများ ခံဝန်ထိုးရ

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) အတွက် ဝင်ခွင့်လျှောက်လွှာများတွင် ဗမာလူမျိုးများကို ရွေးချယ်ပယ်ချခဲ့သည့်အတွက် သက်ဆိုင်ရာ ပညာရေးဝန်ထမ်း ငါးဦးကို စာဖြင့်သတိပေးအရေးယူထားကြောင်း ရှမ်းပြည်နယ်ပ ညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမောင်ကပြောသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အဆိုပါတက္ကသိုလ်၌ တက်ရောက်ခွင့်ရရန် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်မှ လျှောက်ထားခဲ့သူ တက္ကသိုလ်ဝင်တန်းအောင် ၄၄ ယောက်စလုံးကို ဗမာလူမျိုးဖြစ်၍ဟုဆိုကာ ခရိုင်ပညာရေးမှူးရုံးက အောက်တိုဘာလအတွင်း ပယ်ချခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးအပါအဝင် ပညာရေးဝန်ထမ်း လေးဦးနှင့် ပြည်နယ်ပညာရေးမှူးရုံးမှ တိုင်းရင်းသားလိုင်းကိုင်စာရေး (၂) တို့ကို စာဖြင့်သတိပေးထားသည့်အပြင် နောက်နောင် ယင်းသို့မပြုလုပ်ရန် ခံဝန်ထိုးခိုင်းခဲ့ကြောင်း ဦးဝင်းမောင်ကပြောသည်။

သို့သော် အရေးယူခံရသည့် ဝန်ထမ်းများက အပေါ်ကခိုင်းသည့်အတွက် လုပ်ရခြင်းဖြစ်သဖြင့် ယခုကဲ့သို့ အရေးယူခံရမှုမှာ မတရားကြောင်း ပြောဆိုသည်။

သို့ရာတွင် အပေါ်ကခိုင်းသဖြင့်ဆိုသည့်အချက်ကို ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ပယ်ချလိုက်ပြီး ထိုအရေးယူခံရသူများက အပြစ်လွတ်အောင် လွှဲချနေခြင်းဖြစ်သည်ဟု ပြောသည်။

“အခါတိုင်းလည်း ဒီလိုပဲလုပ်နေတာ၊ သူတို့ဘာသာ မပြတ်မသားလုပ်ပြီးမှ သူတို့ အပြစ်လွတ်အောင် လွှဲချနေတာလို့ပဲ ယူဆပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမောင်ကဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ခရိုင်ပညာရေးရုံးမှ ပညာရေးဝန်ထမ်း လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်း၊ လျှောက်လွှာများကို လက်ခံစိစစ်သော ဒေါ်ယဉ်မေကြည် (စာရေး-၁)၊ ဒေါ်ကြည်မာဝင်း(လက်ထောက်ကွန်ပျူတာ လုပ်ဆောင်ရေးမှူး) ဒေါ်မိုးမိုးသန်း(စာရေး-၂)နှင့် ပြည်နယ်ပညာရေးမှူးရုံးမှ သင်တန်းလိုင်းကို တာဝန်ခံကိုင်တွယ်သော စာရေးဦးအံ့ကျော်မောင်တို့ကို စာဖြင့်သတိပေးအရေးယူပြီး ခံဝန်ထိုးခိုင်းခြင်းဖြစ်သည်။

“ကျွန်မတို့ရဲ့ ဝန်ထမ်းသိက္ခာ အရမ်းကို ကျဆင်းသွားပါတယ်။ လူတွေမှာ အရေးအကြီးဆုံးက ကိုယ်ကျင့်သိက္ခာပါ။ သူများအထင်ကြီးအောင် မနေနိုင်ပေမယ့် သူများအထင်သေးတာမျိုးတော့ မခံစားနိုင်ဘူး”ဟု အရေးယူခံရမှုနှင့် ပတ်သက်၍ ဒေါ်မိုးမိုးသန်းကပြောသည်။

စာဖြင့်သတိပေးအရေးယူခံရသည့် အဆိုပါဝန်ထမ်းများမှာ စတင်အရေးယူသည့်ကာလမှစ၍ ခြောက်လအတွင်း ရာထူးတိုးခြင်း၊ လစာတိုးခြင်းများဆိုင်းငံ့ခံရပြီး ဝန်ထမ်းဘဝတစ်လျှောက်လုံးကို အမည်းစက်သဖွယ် လိုက်ပါထိခိုက်စေသည်ဟု ကျောက်မဲခရိုင်ပညာရေးမှူး ဒေါ်ယဉ်မင်းစုကဆိုသည်။

“ကျွန်မတို့ ခရိုင်ရုံးကဝန်ထမ်းတွေ ဒီကိစ္စ ဒီလိုလုပ်တယ်ဆိုတာကလည်း ပြည်နယ်ကိုမေးပြီးမှ လုပ်တာပဲ။ ဒီကလေးတွေက စာရေးတွေဆိုတော့ သူတို့သဘောနဲ့ သူတို့ ဘာမှ လုပ်လို့မရဘူး။ ခုတော့ ဘာပဲဖြစ်ဖြစ် အပြစ်ခံကြရမယ်ဆိုရင်လည်း အပြစ်ခံရတဲ့ဆီမှာက ပြည်နယ်ရဲ့ အခန်းကဏ္ဍက ပျောက်နေပြီးတော့ ကျွန်မတို့ ခရိုင်ရုံးကြီးမှာပဲ အကုန်လုံးဖြစ်နေတယ်” ဟု ၎င်းကပြောသည်။

စစ်ကိုင်းမြို့နယ် နတ်ခရိုင်ကျေးရွာတောင်ဘက် ရွာသစ်ကြီး၌ ၁၉၆၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးသိပ္ပံကို ၁၉၉၁ ခုနှစ် နဝတအစိုးရလက်ထက်တွင် တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ပေးခဲ့ပြီး တစ်နှစ်မှ ငါးနှစ်အထိရှိသည့် ပညာရေးဘွဲ့သင်တန်းများ ဖွင့်လှစ်သင်ကြားလျက် ရှိသည်။

Related Articles

Back to top button