သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးရှိ ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် ၁၃ နှစ်အရွယ် ကလေး သေဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ယနေ့ (ဧပြီ ၁၂) နံနက်အစောပိုင်းက တရုတ်ကုမ္ပဏီ၏ ကြေးနီစီမံကိန်းကို လုံခြုံရေးယူထားသည့် ရဲတပ်ရင်းက လက်နက်ကြီးပစ်ခတ်စဉ် ရွာအတွင်း ကျရောက် ပေါက်ကွဲကာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။

ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ပုသိမ် – မုံရွာလမ်းအနောက်ဘက် အုံတုံပင်ရွာရှိ အမှတ် (၂၈) ရဲတပ်ရင်းက ပစ်ခတ်သော လက်နက်ကြီးကျည်မှာ တစ်မိုင်ခန့်အကွာရှိ ရွှေပေကုန်းရွာမှ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

၁၃ နှစ်ရွယ် မိန်းကလေးငယ်မှာ ဝမ်းဗိုက်ကို လက်နက်ကြီးစ ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ပြီး အဘွားဖြစ်သူမှာလည်း ပေါင်ထိမှန်ဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေရသည်ဟု စစ်တပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများကို ကူညီစောင့်ရှောက်ပေးနေသူ ယင်းမာပင်မြို့နယ်မှ အသက် ၃၀ အရွယ် အမျိုးသားက ပြောသည်။

“သေဆုံးတဲ့ကလေးမက ဗိုက်မှာ အူတွေလည်း ပွင့်ထွက်နေတာ။ အိမ်က အုတ်နံရံတွေ ပေါက်သွားတယ်။ မီးဖိုဆောင်လည်း ပြိုပျက်သွားတယ်”

လက်နက်ကြီးထိမှန် သေဆုံးသည့် မိန်းကလေးငယ်၏ နာရေးအခမ်းအနားကို ယနေ့နံနက်ပိုင်း၌ပင် ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများတွင် သေဆုံးသည့် မိန်းကလေးငယ်၏ ရုပ်အလောင်းနှင့်အတူ ပေါက်ကွဲထားသည့် လက်နက်ကြီးကျည်အပိုင်းအစများလည်း တွေ့ရှိရသည်။

သေဆုံးသူနေအိမ်အနီးအနားတွင် တွေ့ရသော လက်နက်ကြီးအပိုင်းအစတစ်ခု။ (ဓာတ်ပုံ – ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး)

တရုတ်ကုမ္ပဏီပိုင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို လုံခြုံရေးယူပေးထားသည့် ရဲတပ်ရင်း၌ စစ်သားများ အပါအဝင် အင်အား ၃၀ ခန့်ရှိသည်ဟု သိရသည်။ ယခုလ ၉ ရက်တွင် ဒေသကာကွယ်ရေးအဖွဲ့များ၏ တိုက်ခိုက်ခြင်းခံရပြီးနောက် ထိုရဲတပ်ရင်းက အနီးဝန်းကျင်ရှိ ရွာများကို သုံးညဆက်တိုက် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟုလည်း ဒေသခံတို့က ဆိုသည်။ 

ထိုသို့ပစ်ခတ်နေသဖြင့် ဒေသခံအများစု ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသော်လည်း ရွာကို အချိန်ကြာကြာ ပစ်မထားနိုင်ဖြစ်နေကြသည်ဟု အထက်ပါဒေသခံ အမျိုးသားက ပြောသည်။​

“အမြဲရှောင်ဖို့ဆိုတာ မလွယ်ဘူးလေ။ ကိုယ့်အိမ်ကိုယ့်ရာကို ကပ်တယ်။ ထုတဲ့နှက်တဲ့အချိန်ကိုတော့ ရှောင်တယ်။ ကျန်တဲ့အချိန် ပြန်ကပ်တယ်လေ။ အန္တရာယ်တော့ များတာပေါ့”

မြန်မာစစ်တပ်နှင့် တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးတွင် တော်လှန်ရေးအဖွဲ့များ မလှုပ်ရှားနိုင်စေရန် စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးကာ ကျေးရွာများကို စီးနင်းလေ့ရှိသည်။

ကြေးနီထုတ်လုပ်ရေးစီမံကိန်းအနီး ပုသိမ် – မုံရွာလမ်းမဘေးရှိ ရဲတပ်ရင်းက မကြာခဏ ခြောက်လှန့် ပစ်ခတ်နေရာ ယမန်နေ့ညပိုင်းတွင်လည်း ဒေသခံ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။​

ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးတစ်ဝိုက် ကျေးရွာများကို စစ်တပ်က အဆက်မပြတ် စစ်ကြောင်းထိုး ဖြိုခွင်းနေရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ယခုနှစ် ဧပြီလဆန်းအထိ တစ်နှစ်ကျော်ကာလအတွင်း အရပ်သား ၁၇ ဦးအထိ အသတ်ခံခဲ့ရကြောင်း ဆားလင်းကြီးမြို့နယ် စစ်ရှောင်ကူညီရေးအဖွဲ့က ပြုစုထားသော စာရင်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ယခုနှစ် မတ် ၁၅ ရက်ထုတ်ပြန်ချက်အရ နှစ်နှစ်ကျော်ကာလအတွင်း အာဏာသိမ်းစစ်တပ်၏ လက်ချက်ဖြင့် ကလေးသူငယ် ၃၀၀ ကျော် သေဆုံးခဲ့ရပြီး လက်နက်ကိုင် ခုခံတော်လှန်မှု အပြင်းထန်ဆုံးဖြစ်သော စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်သည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်လာသည်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိသော စစ်ကောင်စီက အရပ်သားများကိုပါမချန် လက်နက်ကြီးများ၊ စစ်လေယာဉ်များဖြင့် ပစ်ခတ် ချေမှုန်းနေသည်။ ယမန်နေ့တွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း ရွာတစ်ရွာ၌ လူစုလူဝေးပြုလုပ်နေစဉ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပြီး ကလေးသူငယ်များနှင့် အမျိုးသမီးအများအပြား ပါဝင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button