တရုတ်နိုင်ငံ၌ ကူးစက်ပျံ့နှံ့နေသည့် ပြင်းထန်အဆုတ်ရောင် ကူးစက်ရောဂါ (nCoV-2019) ကိုရိုနာဗိုင်းရပ်ကြောင့် မတ်လအတွင်း နေပြည်တော်၌ ကျင်းပမည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ရွှေ့ဆိုင်းမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အရာရှိကြီး တစ်ဦးက ပြောသည်။
ကျောက်မျက်ရတနာ ပြပွဲတွင် အဓိကရောင်းချသည့် ကျောက်စိမ်းကို တရုတ်နိုင်ငံသားများက အများဆုံး ဝယ်ယူနေခြင်းဖြစ်သည်။
ယူရိုငွေဖြင့်ရောင်းချသော ကျောက်မျက်ပြပွဲများကို နေပြည်တော်၌ နှစ်စဉ် မတ်နှင့်အောက်တိုဘာလတို့တွင် ကျင်းပရန် လျာထားပြီးဖြစ်သော်လည်း ယခုနှစ် မတ်လအတွင်း ကျင်းပရမည့်ပြပွဲရက်ကို ယနေ့တိုင် မသတ်မှတ်နိုင်သေးခြင်း ဖြစ်သည်ဟု မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးဌာန၊ ဒုတိယအထွေထွေမန်နေဂျာ(ကျောက်စိမ်း) ဦးကျော်ဦးလွင်က Myanmar Now ကို ပြောဆိုသည်။
“အခုအခြေအနေက လုပ်ဖို့လည်းမသင့်ဘူးလေ” ဟု ၎င်းက ပြောသည်။
ပြပွဲကိုမည်သည့်အချိန်သို့ ပြောင်းရွှေ့ကျင်းပမည်မှာမူ မသိရသေးဘဲ ကျင်းပမည့်အချိန်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြိုတင်ကြေညာပေးသွားမည်ဟု ၎င်းကဆိုသည်။
ပုလဲ၊ ကျောက်စိမ်းနှင့် ကျောက်မျက် သုံးမျိုးကို အချောထည်နှင့်အရိုင်းထည်ဟူ၍ အမျိုး အစားနှစ်ခုခွဲကာ ရောင်းချလေ့ရှိသည့် အဆိုပါပြပွဲများ၏ ရောင်းရငွေ ၉၀ ရာခိုင်နှုန်းကျော်မှာ ကျောက်စိမ်းကဏ္ဍမှရရှိကြောင်း ဝန်ကြီးဌာနကထုတ်ပြန်သည့် ပြပွဲဆိုင်ရာ အချက်အလက်များတွင် တွေ့ရသည်။
မန္တလေးမြို့အခြေစိုက် ကျောက်မျက်ရတနာကုန်သည် ကိုဇော်ကလည်း တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ် စတင်ဖြစ်ပွားကတည်းက ပုဂ္ဂလိက ကျောက်မျက်ရတနာ ရောင်းဝယ်ရေးကဏ္ဍ၌ ဝယ်လိုအားကျဆင်းမှုနှင့် ကြုံတွေ့နေရကြောင်း Myanmar Now ကို ပြောပြသည်။
၂၀၁၉ ခုနှစ် မတ်လအတွင်း ကျင်းပသည့် ပြပွဲသို့လာရောက်သည့် နိုင်ငံခြားသားများအနက် တရုတ်နိုင်ငံသား ပါဝင်မှုမှာ ရာနှုန်းပြည့်နီးပါးရှိကြောင်း ဝန်ကြီးဌာန၏ စာရင်းများ၌လည်းတွေ့ရသည်။ လူပေါင်း ၃၀၀၀ နီးပါး တက် သည်ဆိုသော အဆိုပါပြပွဲသို့ ထိုင်း၊ အမေရိကန်၊ အိန္ဒိယ၊ ဩစတြေးလျနိုင်ငံများမှ လာရောက်သူစုစုပေါင်းမှာ ဦးရေ ၁၀၀ ကျော်သာရှိပြီး ကျန်သူများမှာ တရုတ်နိုင်ငံမှဖြစ်သည်။
လက်ရှိတွင် မြန်မာအစိုးရကလည်း ၂၀၂၀ ဖေဖော်ဝါရီ ၆ ရက် မှစ၍ တရုတ်မှမြန်မာသို့လာမည့် ခရီးသွားများကို ဆိုက်ရောက်ဗီဇာထုတ်ပေးမှုနှင့် ခရီးစဉ် စီစဉ်မှုများကို ယာယီရပ်ဆိုင်းထားရန် ညွှန်ကြားထားသည်။
နေပြည်တော် ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသန်းထွဋ်ကလည်း အုပ်ချုပ်ရေးမြို့တော် နေပြည်တော်သို့ ရောက်ရှိလာသည့် ဧည့်သည်များကို ကိုယ်အပူချိန်စစ်ဆေးပြီး ပုံမှန်ဖြစ်မှသာ တည်းခိုခွင့်ပြုရန် ဆောင်ရွက်ထားကြောင်းဆိုသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကမူ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်၍ သံသယလူနာနှင့် စောင့်ကြည့်လူနာများ ရှိသော်လည်း ယနေ့အချိန်ထိ ကူးစက်ခံရသူ မတွေ့ရှိရသေးဟု ပြောထားသည်။