သတင်း

စစ်တပ် တပ်စွဲခဲ့သည့် ကလေးမြို့မြောက်ပိုင်းတွင် ရုပ်အလောင်း ၃ ခု တွေ့

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း ပျဉ်တောဦးကျေးရွာတွင် စစ်ကောင်စီတပ် တပ်စွဲပြီးနောက် ပြန်ထွက်သွားချိန်တွင် နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခံထားရသည့် အမျိုးသား ရုပ်အလောင်း ၃ ခုကို ယနေ့ (ဧပြီ ၆) နံနက်ပိုင်းတွင် တွေ့ရကြောင်း ဒေသခံများက ပြောသည်။

အသက် ၃၀ ဝန်းကျင်အရွယ် သတ်လတ်ပိုင်း အမျိုးသားတို့၏ ရုပ်အလောင်းများ ဖြစ်ပြီး အရပ်သား ၂ ဦးနှင့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး ပါဝင်ကြောင်း သိရသည်။ 

ဧပြီ ၃ ညနေပိုင်းတွင် ပျဉ်းတောဦးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲပြီးနောက် ယနေ့ နံနက် စစ်တပ်ပြန်ထွက်သွားချိန် ဒေသခံကာကွယ်ရေးအဖွဲ့များ ရွာထဲဝင်ပြီး နယ်မြေရှင်းလင်းရေးဝင်ချိန်တွင် ရုပ်အလောင်းများကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ 

ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ယူဆကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့/ အထက်ချင်းတွင်း တပ်မဟာ (၄) တပ်ရင်းမှူးက ပြောသည်။

“တစ်လောင်းက ခြံထဲမှာ စွန့်ပစ်ထားတာ။ နောက်နှစ်ယောက်ကတော့ လမ်းကြားမှာပဲ ပစ်ထားတာ။ ကွန်ကရစ်လမ်းပေါ်မှာ။ အဲ့ဒီနှစ်လောင်းက ၃ ပေခြားလောက်မှာ ရှိတာ။ သူတို့ကို အရှင်လတ်လတ် မိထားတယ်။ စစ်ဆေးတယ်၊ ရိုက်တယ်၊ နှိပ်စက်တယ်၊ ပြီးမှ သတ်တယ်၊ အဲ့လိုပဲ ယူဆတယ်။” ဟု အမည်မဖော်လိုသည့် ထိုတပ်ရင်းမှူးက ပြောသည်။

ကလေးမြို့ထိုးစစ်နှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိသလို ထိုသုံးဦး သတ်ဖြတ်ခံရသည့် အကြောင်းရင်းကိုလည်း မသိရသေးပေ။

ရုပ်အလောင်းများတွေ့ရှိရာ ချင်း – စစ်ကိုင်း နယ်နိမိတ်အစပ်ရှိ ပျဉ်းတောဦးရွာသည် ကလေး-ရာဇဂြိုဟ်ဆည်-တမူးလမ်းပေါ်တွင် တည်ရှိပြီး အိမ်ခြေ ရာနှင့်ချီရှိပြီး စီးပွားရေးကောင်းသည့် ကျေးရွာ ဖြစ်သည်။ 

နာမည်ကျော် စစ်ကောင်စီလက်နက်ကိုင်တို့၏ ရန်ကြောင့် ဒေသခံအများအပြား နေရပ်စွန့် တိမ်းရှောင်နေကြသည်။

စစ်တပ်ဆုတ်ခွာသွားသော်လည်း အန္တရာယ်ကင်းသည့်အခြေအနေ မဖြစ်ပေါ်သေးသဖြင့် ဒေသခံအများစု နေရပ်မပြန်ရဲသေးကြောင်း သိရသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အင်အား ရာဂဏန်းဖြင့် ကလေးမြို့မြောက်ပိုင်းကို စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာရာ ပျဉ်းတောဦးရွာနှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲ ပြင်းထန်ခဲ့သည်။

ကလေးမြို့အခြေစိုက် အမှတ် (၂၂၈) ခြေလျင်တပ်ရင်းက တိုက်ပွဲဖြစ်ပွားရာ ကလေးမြို့မြောက်ပိုင်းကို လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်ခဲ့သည့်အပြင် လေကြောင်းမှလည်း တိုက်ခိုက်ခြင်းကြောင့် ဧပြီ ၃ ရက် ညနေပိုင်းတွင် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များ ပျဉ်းတောဦးရွာအနီးမှ ဆုတ်ခွာခဲ့ရသည်ဟု အထက်ပါ တပ်ရင်းမှူးက ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် ပျဉ်းတောဦးကျေးရွာမှ ခရစ်ယာန်ဘုရားကျောင်း အပါအဝင် အဆောက်အအုံအချို့ ပျက်စီးမှု မှတ်တမ်းရုပ်သံများကို ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (ကလေး၊ ကဘော်၊ ဂန့်ဂေါ) အဖွဲ့က လူမှုကွန်ရက်တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် ကလေးမြို့မြောက်ပိုင်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း သေဆုံးပြီး ကျည်ဘောက်များ၊ ကျည်ဆန်များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်ယူနီဖောင်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းလည်း CDF KKG က ဧပြီ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။ 

တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရ သေဆုံးသည့် အခြေအနေနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ 

ကလေးမြို့တောင်ပိုင်းကို စစ်ကောင်စီက မကြာမကြာ စစ်ကြောင်းထိုးလေ့ရှိပြီး ဒေသကာကွယ်ရေးအဖွဲ့များ အားကောင်းသည့် ကလေးမြို့မြောက်ပိုင်းကိုပါ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ဆက်သွယ်ရေးအချက်အချာကျသည့် ကလေးမြို့သည် အာဏာသိမ်းစစ်ကောင်စီကို အစောဆုံး လက်နက်ကိုင်ခုခံခဲ့ပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများ နေ့စဉ် ရှိနေဆဲဖြစ်သည်။

ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်း၊ မကွေးတိုင်းတို့တွင် စစ်ကောင်စီကို ခုခံတိုက်ခိုက်မှု အားကောင်းလျက်ရှိပြီး စစ်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများလည်း သန်းနှင့်ချီ ရှိလာသည်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ ဧပြီလ ၆ ရက် ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၁.၈ သန်း ရှိသည့်အနက် စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်လာသည့် ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၁.၄ သန်း ရှိနေသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button