စစ်ကိုင်းတိုင်းအတွင်း ဒေသကာကွယ်ရေးအဖွဲ့များ အားကောင်းသည့်၊ ချင်းပြည်နယ်နှင့် ကပ်လျက် တည်ရှိသည့် ကလေးမြို့နယ် မြောက်ပိုင်းကို စစ်ကောင်စီ၏ လေတပ်၊ ကြည်းတပ်တို့က ထိုးစစ်ဆင်နေရာ ကျေးရွာ ၁၅ ရွာမှ ပြည်သူ ၂၇,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။
မြို့နယ်မြောက်ပိုင်းမှာ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း တိုက်ပွဲဖြစ်လေ့နည်းပါးသည့် ဒေသဖြစ်ကြောင်း၊ အင်အား ရာဂဏန်းပါဝင်သည့် စစ်ကောင်စီ မြေပြင်စစ်ကြောင်းက မတ် ၃၀ မှစ၍ စစ်ဆင်ရေးဝင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ် သုံးခုထံမှ သိရသည်။
ချင်းနယ်စပ်၊ နန်းချောင်းနံဘေး ကလေး-ရာဇဂြိုဟ်ဆည်-တမူးလမ်းပေါ်ရှိ ပျဉ်းတောဦးရွာအနီးတွင် တော်လှန်ရေးအဖွဲ့များနှင့် မတ် ၃၁ ရက် ညနေပိုင်းမှစ၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်နေသည်ဟု ၎င်းတို့က ပြောသည်။
တောင်ဘက် ၁၀ မိုင်ကျော် ဝေးသည့် ကလေးမြို့အခြေစိုက် အမှတ် (၂၂၈) ခြေလျင်တပ်ရင်းက တိုက်ပွဲဖြစ်ရာ ကလေးမြို့နယ်မြောက်ပိုင်းသို့ ဧပြီ ၃ အထိ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်နေသည်ဟု အထက်ပါ သတင်းရင်းမြစ်တို့ထံမှ သိရသည်။
ဧပြီ ၄ ညနေ ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီက ပျဉ်းတောဦးရွာအနီးသို့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် သုံးစီးဖြင့် ပစ်ခတ်ခဲ့သလို ရဟတ်ယာဉ်ပေါ်မှ စစ်သားအချို့ မြေပြင်ပေါ် ချ၍ စစ်အင်အားထပ်ဖြည့်သည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO) အထက်ချင်းတွင်းဒေသ (UCR) အထွေထွေအတွင်းရေးမှူးက ပြောသည်။
“မြေပြင်တိုက်ပွဲလည်း ဖြစ်တယ်။ မြေပြင်ကတော့ သူတို့ လေယာဉ်နဲ့ ချချချင်း ခြေလျင်တပ်တွေကလည်း နန်းစောင်းပု(ရွာ)နဲ့ ပျဉ်းတောဦးကြားမှာ ဝပ်နေတယ်။ လေယာဉ်နဲ့ ကြဲတာနဲ့ သူတို့က ရွာထဲ ဝင်လာတာ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ညနေပိုင်းမှာ ကာပစ်ပြီး တပ်ဆုတ်လာတယ်” ဟု ၎င်းက ပြောသည်။
ထိုဒေသသို့ မည်သည့်အတွက်ကြောင့် စစ်ကောင်စီက ထိုးစစ်ဆင်နေသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။
“ကလေးမြို့တောင်ပိုင်းမှာ စစ်ရေးအခြေအနေ ငြိမ်နေတယ်။ မြောက်ပိုင်းမှာက ဒေသခံတော်လှန်ရေးအဖွဲ့တွေပဲ အားကောင်းတယ်” ဟု Ranger Kalay Defence Force တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကလေးမြို့နယ် မြောက်ပိုင်းရှိ ဆည်တော်ဦး၊ ကျောင်းတိုက်ရွာတို့တွင် စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ အားကောင်းသည်ဟု ၎င်းထံမှ သိရသည်။
ဧပြီ ၄ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပျဉ်းတောဦးရွာအနီး၊ ညောင်ကုန်းရွာတွင် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသတွင်း စစ်ရေးအခြေအနေကြောင့် ကလေးမြောက်ပိုင်းရှိ ချမ်းသာကြီး၊ မောက်လင်း၊ စမိတ်ကွင်း၊ နန်းချောင်း၊ ပျဉ်းတောဦး၊ ကြိုးကြာကွင်း၊ စမိတ်ကွင်း၊ မင်းလှ၊ လက်ပံချောင်း၊ မျောက်ချောတော အပါအဝင် ကျေးရွာများမှ ဒေသခံတို့ တိမ်းရှောင်နေရခြင်းဖြစ်သည်။
စစ်ကောင်စီတပ်တွင် ကျည်ဆန်ပေါသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“လက်နက်ကြီးကတော့ တောက်လျှောက်ထုတယ်။ တစ်ရက်မှ မနားဘူး။ ညလည်း ထုတယ်။ နေ့လည်း ထုတယ်။ မနက်လည်း ထုတယ်။ နှစ်လုံးပူးပြီး ထွက်တဲ့ဟာတွေနဲ့လည်း ထုတယ်” ဟု ကလေးမြို့နယ်အတွင်း နေထိုင်ပြီး လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
တိုက်ပွဲများအတွင်း ပြည်သူနှစ်ဦး၊ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး ဒဏ်ရာရထားသည်ဟု အထက်ပါ သတင်းရင်းမြစ်တို့ထံမှ သိရသည်။ ထိုဒေသအတွင်းတွင် ဖြစ်ပွားနေသည့် အသေးစိတ်အခြေအနေများကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
“ဒီနေ့တော့ တိုက်ပွဲဖြစ်တာ မရှိသေးဘူး။ သူတို့က လမ်းလည်း ပိတ်ထားတယ်။ ပျဉ်းတောဦးလမ်းကို ပိတ်ထားတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု CNO/UCR အထွေထွေအတွင်းရေးမှူးက ဧပြီ ၄ တွင် ပြောသည်။
တောင်တန်းဒေသ ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့ကို သွားလာရာတွင် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် ကလေးမြို့နယ်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် နိုင်ငံအတွင်း ရရာလက်နက်ဖြင့် အစောဆုံးခုခံခဲ့သည့် ဒေသဖြစ်သည်။
အာဏာသိမ်းပြီး နှစ်နှစ်အတွင်း တော်လှန်ရေးအဖွဲ့များလှုပ်ရှားမှု အားကောင်းသည့် ကလေးမြို့နယ်တောင်ပိုင်းကို စစ်တပ်က မကြာခဏ ထိုးစစ်ဆင်လေ့ရှိသည်။
ကလေးမြို့နယ် မြောက်ပိုင်းတွင် စစ်ကောင်စီက ထိုးစစ်ဆင်သည်မှာ ယခုအကြိမ်သည် ပထမဆုံးနှင့် အပြင်းထန်ဆုံးဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်တို့ထံမှ သိရသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှ မတ်လ တတိယပတ်က ထုတ်ပြန်သည့် အချက်အလက်များအရ စစ်အာဏာသိမ်းပြီးနောက်တွင် လူဦးရေ ၁.၄ သန်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။ နိုင်ငံအနောက်မြောက်ပိုင်း နှင့် အရှေ့တောင်ပိုင်းတို့တွင် စစ်ရှောင်အများဆုံးရှိနေသည်ဟု ထိုစာရင်းတွင် ဖော်ပြထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)