ဆောင်းပါး

အရပ်သားများ ပစ်မှတ်ဖြစ်ခဲ့သည့် ခွာဖိုရ်ရွာ လေကြောင်းတိုက်ခိုက်မှု

“ဂျိန်း” ခနဲ မိုးကြိုးပစ်သံကဲ့သို့ အသံထွက်ပေါ်လာပြီးနောက် ရွာထဲမှ မီးခိုးလုံးများ တက်လာသည်။ အသံကြားသည်နှင့်တစ်ပြိုင်နက် အိမ်အနီး ရှိနေသည့် ဆလိုင်းဟယ်ရီ* က မိသားစုဝင်များကို ရှာဖွေရာ သမီးငယ်နှင့် ယောက္ခမဖြစ်သူကိုသာ တွေ့ရသည်။ ရွာထဲသို့ ဈေးဝယ်သွားသည့် ဇနီးသည်ကို မတွေ့ရ။

သူလိုက်လံရှာဖွေချိန်တွင် ရွာသားတစ်ယောက်က ဇနီးသည်ကို ကျောပိုးသယ်ဆောင်လာသည်။

“သူ့ကို တစ်ယောက်က ပိုးလာတယ်။ အောက်က ခြေထောက်က ဘောင်းဘီရှည်ဝတ်ထားတော့ ဘောင်းဘီစတွေက အကုန်ပေါက်ပြဲပြီးတော့ အကုန် တွဲလောင်းကျနေတယ်။ သွားပြီလို့၊ နှစ်ဖက်လုံး သွားပြီ ထင်လိုက်တာ” ဟု ဆလိုင်းဟယ်ရီက ဆို့ဆို့နင့်နင့် ပြောပြသည်။

ထန်တလန်မြို့မှ ၅ မိုင်ခန့်အကွာ အိမ်ခြေ ၇၀ ကျော်သာ ရှိသည့် ခွာဖိုးရွာကို စစ်လေယာဉ် ၂ စီးက မတ် ၃၀ ရက် နံနက်က ရုတ်တရက် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၉ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့သည်။

ထိုတိုက်ခိုက်မှုမှာ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ချင်းပြည်နယ်တွင် အရပ်သား ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှု ဖြစ်လာသည်။

ထန်တလန်မြို့နှင့် အနီးဆုံးရွာဖြစ်သည့် ခွာဖိုးရွာမှာ မြို့မြောက်ဘက် ၅ မိုင်ခန့်အကွာတွင် ရှိပြီး လူဦးရေ ၃၀၀ ကျော် နေထိုင်ရာ ရွာလေးဖြစ်ပြီး နေအိမ် ၁၅ အိမ်ခန့်တွင် မြို့ဘက်မှ စစ်ရှောင်ရောက်လာသူများ ခိုလှုံ နေထိုင်နေသည်။

ဒေသခံများ၊ အရပ်ဘက်အဖွဲ့များ၏ အဆိုအရ ခွာဖိုးရွာအနီး တိုက်ပွဲလည်း မရှိသလို ဒေသကာကွယ်ရေးအဖွဲ့များ၊ ချင်းအမျိုးသားတပ်မတော် (CNA) ၏ အခြေစိုက်စခန်းများလည်း မရှိဘဲ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာသာဖြစ်သည်။

CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း အလားတူ ပြောသည်။

“အဲ့ဒီနားမှာ စစ်ဆင်ရေးတွေ ဘာမှမရှိဘူး။ ပြည်သူလူထုကို ဦးတည်ပြီးတော့ သက်သက် ပြောင်ပြောင်တင်းတင်း သူတို့က အကြမ်းဖက်လာတယ်” ဟု ဆလိုင်းထက်နီက ဆိုသည်။

စစ်လေယာဉ်သံကို ရင်းနှီးနေသော ရွာငယ်လေး

ထန်တလန်မြို့ဆီ ဦးတည်သည့် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များသည် မကြာခဏ ရွာပေါ် ဖြတ်ပျံလေ့ရှိသဖြင့် နံနက်ပိုင်း ၉ နာရီခွဲဝန်းကျင်က လေယာဉ်သံများ ကြားသော်လည်း ခွာဖိုရ်ရွာခံများ မတုန်လှုပ်မိ။

ထို့နောက် နာရီဝက်ခန့်အကြာတွင် လေယာဉ်ထပ်ရောက်လာသည်နှင့် ခွာဖိုရ်ရွာလေးအတွင်း မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သည့် ဗုံးသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

“ဂျက်ဖိုက်တာ ၂ စီးလောက်နဲ့ လာကြဲသွားတာ။ ၁၀ နာရီမထိုးခင် ၂ စီး ဝဲသွားတာ။ ထန်တလန်မြို့ကို သွားတာက ပုံမှန်ဝဲနေတာ။ ဂျက်ဖိုက်တာရော။ ဟယ်လီကော်ပတာရော။ ပုံမှန်ဝဲနေတယ်။ ပုံမှန်ပဲ ထင်ပြီး ဒီအတိုင်းနေကြတာ။ အဲ့ဒီမှာ အရပ်သားတွေပဲ အကုန်ထိသွားတာ။ တိုက်ပွဲမဖြစ်ဘူး။ ဘာကြောင့်ကြဲလဲဆိုတာတော့ မသိဘူး” ဟု ခွာဖိုရွာသား အသက် ၄၀ ဝန်းကျင်အရွယ် ဆလိုင်းဟယ်ရီ* က ထိုစဉ်က အခြေအနေကို ပြန်ပြောပြသည်။

CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ခွာဖိုရွာကို ဂျက်တိုက်လေယာဉ် ၂ စီးက ဗုံး ၉ ကြိမ် ကြဲခဲ့ကြောင်း ပြောသည်။

စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားများနေထိုင်ရာ ခွာဖိုးကျေးရွာကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုအတွင်း ရုရှားနိုင်ငံထုတ် YAK 130 ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးချိုးဖောက်မှုများ စောင့်ကြည့်လေ့လာနေသည့် အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သော ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization – CHRO) မှ ပြောရေးဆိုခွင့်ရှိသူ မန်ဟရဲလ်န်က ပြောသည်။

စစ်ကောင်စီက ဖြတ်တောက်ထားသည့် ဆက်သွယ်ရေးလိုင်း အခက်အခဲကြောင့် ထိခိုက်မှုအခြေအနေကို ချက်ချင်း စုံစမ်း၍ မရခဲ့ပေ။

မတ် ၃၀ ရက် ကနဦးသတင်းများအရ အရပ်သား ၁၀ ဦးသေဆုံး၊ ဒဏ်ရာရသူ ၂၀ ရှိသည်ဟု သိရသည်။ သို့သော်လည်း ယခုအခါ သေဆုံးသူ ၉ ဦး၊ ဒဏ်ရာရသူ ၁၀ ဦးဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များ၊ ဒေသခံများက အတည်ပြုသည်။

အသက် ၆ နှစ်အရွယ် Pa Van Duh ၏ ရုပ်အလောင်းကို မြှုပ်နှံနေစဉ်။ (ဓာတ်ပုံ- Tial Hram Ling)

အသက် ၃၀ အရွယ် Nu Sung Hlei Cuai နှင့် နှမဖြစ်သူ အသက် ၂၈ နှစ်အရွယ် Nu Ngun Dawt၊ အသက် ၄၀ အရွယ် Nu Len Zi နှင့် သူ၏  အသက် ၁၆ နှစ်သမီး Mai Sofia၊ အသက် ၂၀ အရွယ် Pa Hmet Lain နှင့် ဇနီးဖြစ်သူ အသက် ၁၈ နှစ်အရွယ် Nu Par Tha Iang၊ ၆ နှစ်အရွယ် Pa Van Duh နှင့် ၉ နှစ်အရွယ် Pa Siang Cung Biak တို့ ပွဲချင်းပြီး ဆုံးပါးခဲ့သည်။

ဒဏ်ရာရရှိသူများအနက်မှ ၁၇ နှစ်အရွယ် Salai Ven Cem မှာ ပြင်းထန်သည့် မီးလောင်ဒဏ်ရာကြောင့် ဧပြီ ၁ နေ့လယ်တွင် ကွယ်လွန်သွားသည်။

ရွာအတွင်း တိုက်ရိုက် ပေါက်ကွဲ

ထိုလေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘာသာရေးအဆောက်အအုံ ၂ လုံး၊ အိမ် ၁၁ လုံး ပျက်စီးခဲ့ရသည်။

ရွာအပေါ် ခပ်နိမ့်နိမ့် ပျံသန်းလာသည့် လေယာဉ်တစ်စီးက ဗုံးကြဲပြီးနောက် အခြားတစ်စီးက စက်သေနတ်ဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဆလိုင်းဟယ်ရီက ပြောသည်။

ရွာထဲ ကြဲချသည့် ဗုံးများအနက် ဈေးဆိုင်ပေါ်သို့ ကျရောက်ပေါက်ကွဲသည့် ဗုံးကြောင့် ဆိုင်ပိုင်ရှင် ညီအစ်မနှစ်ဦးနှင့် ဈေးကူရောင်းချပေးနေသည့် ၁၆ နှစ်အရွယ် အမျိုးသမီးတို့ သေဆုံးခဲ့ပြီး ဘုရားကျောင်းအနီး ကျရောက်ပေါက်ကွဲသည့် ဗုံးကြောင့် လူငယ်ဇနီးမောင်နှံနှစ်ဦး သေဆုံးခဲ့သည်ဟု ဆလိုင်းဟယ်ရီက ဆိုသည်။

“ဗုံးက ဈေးဆိုင်ကို ပစ်တာ။ ဈေးဆိုင်မှာ ဓာတ်ဆီတွေဘာတွေလည်း ရှိတော့၊ ရောင်းတော့ ဓာတ်ဆီက ပေါက်ကွဲတယ်။ ပေါက်ပြီးတော့ အိမ်ထဲမှာရှိတဲ့ ၃ ယောက်က တစ်ခါတည်း မီးထဲ ပါသွားတာပဲ။ မီးလောင်ဒဏ်ရာ နှစ်ယောက်က ယောက်ျားလေးဆိုတော့ မီးထဲကနေ ထွက်နိုင်တာ။ တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာတွေချည်းပဲ”

ဈေးဝယ်နေသည့် ဆလိုင်းဟယ်ရီ၏ အမျိုးသမီးမှာလည်း လက်နှစ်ဖက်တွင် မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး ညာခြေထောက် ဗုံးဆန်ထိမှန် ဒဏ်ရာရရှိခဲ့သည်။ လေကြောင်းပစ်ခတ်မှုများကြားမှ ဇနီးသည်ကို ဗုံးခိုကျင်းဆီ ခေါ်ဆောင်ကာ ဒဏ်ရာကို ဆေးကြောသန့်စင်ပေးသည်။ ထို့နောက် နှစ်နာရီခန့်အကြာ ဇနီးဖြစ်သူအပါအဝင် ဒဏ်ရာပြင်းထန်သူများ ဆေးကုသရေးအတွက် ဆရာဝန်ရှိမည့်အရပ်ဆီ သူ ခရီးနှင်ရသည်။

ကားဖြင့် တစ်နေကုန် ခရီးနှင်ပြီး ညသန်းခေါင်ကျော်မှ ဆေးဝါးကုသမှုခံနိုင်မည့် နေရာသို့ ရောက်ရှိခဲ့သည်။ ဒဏ်ရာပြင်းထန်သူများကို ဦးစားပေး ကြည့်ရှုရသဖြင့် နံနက် အရုဏ်တက်ချိန်နီးမှ ဆေးကုသခွင့်ရခဲ့ကြောင်း ဆလိုင်းဟယ်ရီက ပြောပြသည်။ 

ဒဏ်ရာက ပြင်းထန်လွန်းသဖြင့် လုံလောက်သည့် ဆေးကုသမှု မရနိုင်။ ကုသမှု ပိုမိုရနိုင်သည့် နေရာသို့ လွှဲသည့်အခါ ထိုနေ့ ညနေတွင်ပင် ခရီးဆက်ရပြန်သည်။

ညလုံးပေါက် ခရီးနှင်ပြီး နောက်တစ်နေ့ နေ့လယ် ဆေးကုသခွင့်ရချိန်တွင် ဇနီးဖြစ်သူ၏ ဒဏ်ရာမှ အနံ့ဆိုးများ ထွက်နေပြီ။ အချိန်မီ ကုသမှုခံယူနိုင်ခဲ့သဖြင့် အသက်ဘေးလွတ်ခဲ့ရသည့်တိုင် လနှင့်ချီ ကုသမှု ခံယူရမည်ဟု သိရကြောင်း ဆလိုင်းဟယ်ရီက ပြောသည်။

“ညာဘက်ခြေသလုံးက နောက်ဘက်က ပွင့်ထွက်သွားတယ်။ ကျည်တွေဘာတွေကတော့ ဗုံးစမှန်တာတွေကတော့ ပြန်ထုတ်ပြီးပြီ”

ကျည်ထိမှန်ခြင်း၊ အချိန်ကြာမှ ကုသမှုခံယူနိုင်ခြင်းတို့ကြောင့် ထိခိုက်သည့်အထဲတွင် ဒူးခေါင်းရိုး ပါဝင်သည်၊ စတီးရိုး ထိုးထည့်၍ ကုသရမည်ဟု သိရကြောင်း သူက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ပျက်စီးသွားသော ခွာဖိုရ်ရွာမှ နေအိမ်တစ်လုံးကို မတ် ၃၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- Tial Hram Ling)

မြို့လုံးကျွတ် စွန့်ခွာရသော်လည်း အန်တုနေဆဲ ထန်တလန်

အာဏာသိမ်းပြီးနောက် မြို့နယ်ပေါင်း ၃၃၀ ကျော်အနက် ထက်ဝက်ကျော်ကိုသာ အပြည့်အဝစိုးမိုးထားနိုင်ကြောင်း ယခုနှစ်ဆန်းပိုင်းတွင် စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောထားသည်။ စစ်ကောင်စီ နယ်မြေ အပြည့်အဝမစိုးမိုးနိုင်သည့် မြို့နယ်များထဲ ထန်တလန်မြို့နယ်လည်း အပါအဝင်ဖြစ်သည်။

၂၀၂၁ နှစ်ကုန်ပိုင်းက ထန်တလန်မြို့ပေါ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များ၏ မီးရှို့မှုကြောင့် လူနေအိမ် ၃ ပုံ ၂ ပုံနီးပါး ပျက်စီးခဲ့ရပြီး မြို့လုံးကျွတ် စစ်ဘေးရှောင်တိမ်းခဲ့ရသည်။

ဖေဖော်ဝါရီလဆန်းပိုင်းက ထန်တလန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူထားသည့် ရဲစခန်းကို ချင်းဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့သည်။ ထို့နောက် စစ်ကောင်စီက ရဲစခန်းပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် သာလွန်အင်အား အသုံးပြုပြီး အဆက်မပြတ် တိုက်ခိုက်နေသည်။

CDF ထန်တလန်၏ မတ် ၃၁ ထုတ်ပြန်ချက်အရ ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ၃ လအတွင်း ထိုမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ၁၁၂ ကြိမ် ရှိသည်။

ကချင်ပြည်နယ်မှသည် တနင်္သာရီတိုင်းအထိ နိုင်ငံအနှံ့ ခုခံတော်လှန်မှုများကို စစ်မျက်နှာဖွင့် ရင်ဆိုင်နေရသည့် စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်အတွင်း နိုင်ငံတစ်ဝန်း လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှု ၆၅၄ ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူ ၂၂၈ ဦး သေဆုံးပြီး ၃၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ဟန့်တားနိုင်ရေးအတွက် စစ်ဗိုလ်ချုပ်များကို အရေးယူပိတ်ဆို့ခြင်း၊ လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကို နိုင်ငံတကာက ချမှတ်ထားသော်လည်း လုံလောက်မှု မရှိဟု ချင်းဒေသအရပ်ဘက်အဖွဲ့များက တုံ့ပြန်သည်။

စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာအနေဖြင့် ထိရောက်စွာ ကြားဝင်ဆောင်ရွက်ပေးရန် လိုကြောင်း ချင်းအရပ်ဘက်အဖွဲ့များက တောင်းဆိုထားသည်။

“စစ်တပ်က လေကြောင်းကို အားကိုးပြီး ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာတွေသည် ဒီလိုလုပ်ဆောင်မှုမျိုး မရှိနိုင်အောင် No Fly Zone လိုမျိုး ကုလသမဂ္ဂအနေနဲ့ လုပ်ပိုင်ခွင့်ရှိပါတယ်။ နိုင်ငံတကာအနေနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးသင့်ပြီ” ဟု CHRO ပြောရေးဆိုခွင့်ရှိသူ မန်ဟရန်လ်က မှတ်ချက်ပြုသည်။

လူထုနှင့် ရန်တိုက်ပေးခြင်း

အာဏာသိမ်းကာလ နှစ်နှစ်ပြည့်ချိန်တွင် စစ်တပ်က လက်နက်ကိုင်လှုပ်ရှားမှု အားကောင်းရာ မြို့နယ် ၄၀ ကို စစ်အုပ်ချုပ်ရေးဒေသဖြစ် ထပ်မံသတ်မှတ်ခဲ့ရာ ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်မှအပ တစ်ပြည်နယ်လုံးနီးပါး ပါဝင်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်အုပ်ချုပ်ရေးကြေညာခြင်းမှာ အရပ်သားများကို ကန့်သတ်ခြင်း မဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့များ၏ လုပ်ဆောင်ချက်ကို ထိန်းချုပ်ရန် ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် PDF တို့ကို ကူညီထောက်ပံ့နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ပြတ်ပြတ်သားသား အရေးယူသွားမည်ဖြစ်ကြောင်း မတ် ၂၇ ရက်နေ့ အခမ်းအနားတစ်ခုတွင် ပြောခဲ့သည်။

မြို့လုံးကျွတ် စွန့်ခွာသွားကြသည့် ထန်တလန်မြို့ကို ယခုနှစ် ဖေဖော်ဝါရီအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- Tial Hram Ling

ထို့နောက် ၃ ရက်အကြာ ထန်တလန်မြို့နယ်အတွင်းမှ ခွာဖိုးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုမှာ ချင်းပြည်သူတို့ ချင်းလက်နက်ကိုင်များကို ငြိုငြင်လာစေရန် သွေးခွဲသည့် လုပ်ရပ်လည်း ဖြစ်သည်ဟု ဆလိုင်းထက်နီက ယူဆသည်။

စစ်ကောင်စီတပ်က လက်နက်အားကိုးဖြင့် လူထုကို ဖိနှိပ်ခြိမ်းခြောက်နေသည့်တိုင် လူထုက ကြံ့ကြံ့ခံရပ်တည်နေဆဲဖြစ်ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်က သုံးသပ်သည်။

“သာလွန်အင်အားနဲ့ ဒီလိုမျိုး ပြည်သူတွေကို ဒီလိုမျိုးသတ်ဖြတ်တာက ကြောက်သွားမလား။ ကြောက်သွားပြီးတော့ CDF တွေကို မထောက်ခံဘဲ နေမလားဆိုတဲ့ တွေးထင်ချက်ကတော့ မှားလိမ့်မယ်။…စစ်ကောင်စီရဲ့ အနိုင်ကျင့်မှုတွေ၊ ဖိနှိပ်စော်ကားမှုတွေကို ကြံ့ကြံ့ခံပြီးတော့ ရပ်တည်နေတယ်” ဟု ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြီးကို ကြုံခဲ့ရသည့် ခွာဖိုးရွာခံအများစုမှာ နေရပ်မပြန်ရဲကြသေး။ ဆလိုင်းဟယ်ရီ၏ သမီးနှင့် ယောက္ခမဖြစ်သူတို့အပါအဝင် ခွာဖိုးဒေသခံများမှာ ဘေးလွတ်ရာ‌ ရှောင်တိမ်းနေကြဆဲဖြစ်သည်။

ယခင်က မိသားစုကို ငဲ့ကွက်ပြီး လက်နက်မကိုင်ခဲ့သည့် ဆလိုင်းဟယ်ရီအတွက် ယခုဖြစ်ရပ်ဆိုးက စစ်ကောင်စီကို ခုခံတော်လှန်ရန် ပိုမိုခိုင်မာစေခဲ့သည်။

“ဒီစစ်တပ်က အေးဆေးနေလို့ မရတော့ဘူး။ ပြန်ပြီးတော်လှန်မှ ရတော့မယ်။ ဒီအတိုင်း ငြိမ်ခံနေလို့ မရတော့ဘူး” ဟု ဆလိုင်းဟယ်ရီက ပြောလိုက်သည်။

(*သတင်းရင်းမြစ်များ၏ လုံခြုံရေးအတွက် အမည်လွှဲဖြင့် ဖော်ပြထားပါသည်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button