သတင်း

ဗုံးကြဲတိုက်ခိုက်ခံရသည့် ထန်တလန်တွင် ဒေသခံ ၁၀ ဦး သေ၊ ၂၀ ခန့် ဒဏ်ရာရ

ယနေ့ (မတ် ၃၀ ) နံနက်ပိုင်းက ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့နယ်အတွင်း စစ်ကောင်စီက စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၀ ဦး သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရသည်ဟု သိရသည်။

ထန်တလန်မြို့မြောက်ဘက် ခြောက်မိုင်ခန့်အကွာရှိ ခွာဖိုးရွာကို နံနက် ၂၀ ခန့်တွင် လေယာဉ်ဖြင့် လေးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခြင်းခံခဲ့ရသည်ဟု ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“ဗုံးကြဲလေယာဉ်က လေးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်တယ်။ သေဆုံးတာက ၁၀ ယောက် ရှိပြီ။ ထိခိုက်ဒဏ်ရာရတာက အယောက် ၂၀ ရှိပြီ” ဟု ၎င်းက မွန်းလွဲပိုင်းတွင် ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားနေထိုင်ရာ ကျေးရွာအတွင်း ဗုံးလေးလုံး ကျရောက် ပေါက်ကွဲသည့်အတွက် ထိုကဲ့သို့ ထိခိုက်မှုများပြားရခြင်းဖြစ်ကြောင်း၊ နေအိမ်များ မီးလောင်နေဆဲဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သေဆုံးသူများတွင် ကလေးတစ်ဦး ပါဝင်ပြီး စစ်ကောင်စီက ဖုန်းလိုင်းများ ဖြတ်တောက်ထားသည့်အတွက် လက်ရှိတွင် သေဆုံးသူများ၏ အမည်၊ အသက်အရွယ် အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်တို့နှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းနေဆဲဖြစ်သည်ဟု သိရသည်။

ခွာဖိုးရွာကို လေကြောင်းမှ ဗုံးကြဲပြီးနောက် အနီးရှိ ထန်တလန်မြို့ပေါ်ကိုလည်း ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဆလိုင်းထက်နီက ဆက်ပြောသည်။

ထန်တလန်မြို့တွင် လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက အရပ်သားအားလုံး နေရပ်စွန့်ခွာ ရှောင်တိမ်းသွားကြပြီးနောက် မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ချင်းဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များသာ နေရာယူထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူထားသည့် ရဲစခန်းကို ချင်းဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက် သိမ်းယူနိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်က စခန်းကို ပြန်သိမ်းယူကာ နယ်မြေစိုးမိုးနိုင်ရေး ကြိုးပမ်းနေ၍ တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ၎င်းတို့ကို ထောက်ပံ့နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ပြတ်ပြတ်သားသားအရေးယူမည်ဟု ယခုလ ၂၇ ရက်က တပ်မတော်နေ့အခမ်းအနားတွင် အာဏာသိမ်းခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုအပြီး သုံးရက်အကြာတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းမှာ ချင်းအမျိုးသားတပ်မတော်နှင့် ချင်းပြည်သူများကြား သွေးကွဲစေရန် ရည်ရွယ်သည့် လုပ်ရပ်ဖြစ်သည်ဟု ဆလိုင်းထက်နီက ဆိုသည်။

“အကြမ်းဖက်မင်းအောင်လှိုင်က တပ်မတော်နေ့မှာ ကျွန်တော်တို့ NUG နဲ့ ပံ့ပိုးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်မှု လုပ်မယ်ဆိုတာ ကိုယ့်ပြည်သူကို ရက်စက်ပြတာ”

“တကယ့် စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ ဖြစ်တယ်။ အဲ့ဒါကြောင့် အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူက ကျွန်တော်တို့ကို ဘယ်လောက်ပဲ အဲ့ဒီလိုလုပ်နေပါစေ ကျွန်တော်တို့က ဆက်လက်ပြီးတော့ ခုခံတွန်းလှန်မယ်” ဟု ဆလိုင်းထက်နီက တုံ့ပြန်သည်။

CNA သည် တစ်နိုင်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ထိုးထားသော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် NUG နှင့် အစောဆုံးပူးပေါင်းကာ စစ်တပ်ကို တော်လှန်တိုက်ခိုက်နေသည်။

ယမန်နှစ် နိုဝင်ဘာလဆန်းက အိန္ဒိယ – မြန်မာနယ်စပ်အနီးရှိ ချင်းအမျိုးသားတပ်မတော် ဌာနချုပ်တည်ရှိရာ Victoria Camp ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ CNA တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပြီး ဆေးခန်းနှင့် အဆောက်အအုံအချို့ ပျက်စီးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button