သတင်း

ကိုရိုနာကြောင့် တရုတ်နှင့်ကုန်သွယ်ရေး ဒေါ်လာ ၁၆ သန်း မြန်မာ နေ့စဉ်ဆုံးရှုံး

ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်မှုဂယက်ကြောင့် တရုတ်နှင့်နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာဘက်က တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၁၆ သန်း (ကျပ် ၂၄ ဘီလျံ) ခန့် ဆုံးရှုံးလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတစ်ဦးက Myanmar Now ကို ပြောသည်။

ကချင်နှင့် ရှမ်းပြည်နယ်များရှိ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ မူဆယ် နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ကုန်တင်ပို့မှု ရပ်သလောက်ဖြစ်သွားခဲ့ပြီး တရုတ်နှစ်သစ်ကူးကာလအပြီး ဇန်နဝါရီ ၂၇ ရက်နေ့မှ ဖေဖော်ဝါရီ ရက် အထိ ၁၀ ရက်အတွင်း ဒေါ်လာ သန်း ၁၆၀ ကျော် ဆုံးရှုံးခဲ့သည်ဟု စီးပွား/ကူးသန်း ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

စီးပွား/ကူးသန်း ၏အချက်အလက်များအရ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးသည် တစ်လ ပျမ်းမျှ အမေရိကန်ဒေါ်လာ ၄၉၂ သန်းနီးပါးရှိသည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှစ၍ ယခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့အထိ မြန်မာဘက်က တရုတ်ဘက်သို့ ပို့ကုန်တန်ဖိုးမှာ ကန်ဒေါ်လာသန်း ၁၄၀၀ ကျော် ရှိခဲ့ပြီး တရုတ်၏သွင်းကုန်တန်ဖိုးမှာ ဒေါ်လာ သန်း ၆၈၀ ခန့် ရှိသည်။

တရုတ်နိုင်ငံဘက်က ဝယ်လက်မရှိသဖြင့် သောင်တင်နေသည့် မြန်မာ့ပို့ကုန် အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ဈေးကွက်အသစ် ရှာဖွေနေသည်ဟုလည်း အထက်ပါ စီးပွား/ကူးသန်း အရာရှိက ဆိုသည်။

သစ်သီးဝလံအသင်းတွေနဲ့ ချိတ်ဆက်ပြီးတော့ စင်ကာပူနိုင်ငံဘက်ကို ဈေးကွက်ချိတ်ဆက် ဆောင်ရွက်နေတယ်။ ကျွဲ၊ နွားတွေကိုကျတော့ လာအိုဘက်ကို ချိတ်ဆက်ဆောင်ရွက်နေတယ်ဟု ၎င်းက ပြောသည်။

သို့သော်လည်း စျေးကွက်အသစ်သည် မြန်မာ့ပို့ကုန်အကျပ်အတည်းကို အတိုင်းအတာတစ်ခုအထိသာ ဖြေရှင်းနိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံတွင်းမှ ကိုရိုနာဂယက်သည် လနှင့်ချီ ကြာမြင့်ခဲ့ပါက မြန်မာတရုတ် နယ်စပ်ကုန်သွယ်ရေး အထိနာမည်ဟုလည်း ၎င်းက ဆိုသည်။

“… စင်ကာပူဘက်ချိတ်ဆက်တယ် ဆိုပေမယ့်လည်း ဒီလောက်ပမာဏအများကြီး ထွက်ဖို့ဟာက ခဲယဉ်းတာပေါ့ဟု ၎င်းက ပြောသည်။

ယခုအချိန်သည် ဖရဲ နှင့် သခွား ပေါ်ချိန်ဖြစ်သဖြင့် ယင်းလုပ်ငန်းကို အမှီပြုနေသော တောင်သူအပါအဝင် လုပ်ငန်းရှင်များအားလုံး ဆုံးရှုံးနေရသဖြင့် အခြားနိုင်ငံများသို့ ကမ်းလှမ်းထားသော်လည်း ဝယ်ယူရန် မသေချာသေးကြောင်း မြန်မာနိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးက ပြောသည်။

လောလောဆယ်တော့ စင်ကာပူ နဲ့ မလေးရှားကို နမူနာတွေ ပို့ထားတယ်။ စင်ကာပူက ဝယ်လက်နှစ်ဦးတော့ လာဆက်သွယ်ပေမယ့် အတည်တော့ မဖြစ်သေးဘူးဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်တွင် ဖရဲ၊ သခွား တင်ဆောင်ထားသည့် ကုန်တင်ကား ၅၀၀ ခန့် သောင်တင်နေကြောင်း၊ ရက်ကြာသဖြင့် ပျက်စီးသွားသော ကုန်ပစ္စည်းများထဲမှ အကောင်းများကို ပြန်ရွေးပြီး တရုတ်ဝယ်လက်ကို စောင့်ဆိုင်းနေကြ ကြောင်း၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် တရုတ်ဝယ်သူများ ပြန်လာမည်ဟု မျှော်လင့်ရကြောင်း မူဆယ်ကုန်စည်ဒိုင်အသင်း အတွင်းရေးမှူး ဦးစိုင်းခင်မောင်က ပြောသည်။

သို့သော် လက်ရှိအခြေအနေများအရ အဆိုပါမျှော်လင့်ချက်လည်း မဖြစ်နိုင်တော့ဟု စီးပွား/ကူးသန်း ဒုတိယအတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

အကြမ်းဖျင်း … ဖေဖော်ဝါရီ ၁၀ ရက်နေ့လောက် ပြန်အရောင်းအဝယ်ဖြစ်မယ်လို့ မှန်းထားတာ။ ဒါပေမဲ့ လက်ရှိအနေအထားအရ မဖြစ်နိုင်တော့ဘူးဟု ၎င်းက ပြောသည်။

စိုက်ပျိုးရေးထုတ်ကုန်များနည်းတူ တရုတ်ဈေးကွက်ကို မှီခိုနေရသည့် ရေထွက်ကုန်များသည်လည်း အထိနာခဲ့ပြီး တရုတ်ဘက်သို့ ကဏန်းတင်ပို့သည့် ဈေးကွက်တစ်ခုတည်းပင်လျှင် တစ်ရက်လျှင် ကျပ်သိန်း ၇,၀၀၀ ကျော်ခန့် ထိခိုက်နေသည်ဟု ကဏန်းကုန်စည်ဒိုင်အသင်း ဥက္ကဋ္ဌ ကိုထွန်းလင်းစိုးက ပြောသည်။

တရုတ်ဘက်သို့ မြန်မာဘက်က နယ်စပ်ကုန်သွယ်ရေးမှ နေ့စဉ် ပင်လယ်ကဏန်းအရှင် တန်ချိန် ၄၀ ကျော် နှင့် ငါးရှဉ့်တန်ချိန် ၅၀ ခန့် ပုံမှန်ပို့ခဲ့သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

တချို့လည်း (မူဆယ်ကနေ) ရန်ကုန်ပြန်ပို့ အခြောက်လုပ်လို့ရရင်လည်း လုပ်ပေါ့။ အချို့ကိုတော့ မြဝတီ (ထိုင်းနယ်စပ်) ဘက်ပို့ပေါ့။ ဒီအတိုင်းလွှင့်ပစ်ရမယ့်အတူတူ ဈေးကွက်မရှိလည်း အရှုံးခံပြီး ရသလောက်နဲ့ ယူပေါ့ဟု ၎င်းက ပြောသည်။

ကိုရိုနာဗိုင်းရပ်ရောဂါသည် ဆန်ဈေးကွက်ကိုလည်း ထိခိုက်ခဲ့ပြီး နှစ်နိုင်ငံအကြား သဘောတူထားသည့် ဆန်ရောင်းဝယ်ရေး စာချုပ်ချုပ်ရန် အစီအစဉ်များလည်း နှောင့်နှေးခဲ့ရကြောင်း မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်ကပြောသည်။

နယ်စပ်မှ တရုတ်နိုင်ငံသို့ မြန်မာဘက်မှ တရားဝင်ဆန်စပါးတင်ပို့မှုသည် တစ်နှစ်တန်ချိန် သုံးသောင်းနီးပါး ရှိကြောင်း ၎င်းက ပြောသည်။

Show More

Related Articles

Back to top button