
အလုပ်သမားအရေး ကျွမ်းကျင်သူများကို ရွေးချယ်ပြီး တစ်သီးပုဂ္ဂလများအဖြစ် လာမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အလုပ်သမားအဖွဲ့အစည်း ၁၀ ဖွဲ့က ပူးပေါင်းလုပ်ဆောင်နေကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
အလုပ်သမား၊ လယ်သမားများ၏ အသံကို လွှတ်တော်တွင် ပိုမိုတင်ပြနိုင်ရန် ယင်းသို့ လုပ်ဆောင်ရခြင်းဖြစ်ပြီး ပါတီထောင်မည်မဟုတ်ကြောင်း ရန်ကုန်မြို့ Myanmar Press Freedom Center တွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့က ဆိုသည်။
ရွေးကောက်ခံ အစိုးရသက်တမ်း နှစ်ခုရှိပြီဖြစ်သော်လည်း မဲထည့်ရွေးချယ်လိုက်သည့် အမတ်များက လွှတ်တော်တွင် အလုပ်သမား၊ လယ်သမားများ၏ အသံကို တင်ပြနိုင်မှုအားနည်းသလို အလုပ်သမားအရေးကို ကျွမ်းကျင်မှုမရှိခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ရှေ့နေဦးဌေးက ပြောသည်။
“ ‘မင်းတို့အလုပ်သမားတွေက ထစ်ခနဲဆို ဆန္ဒပြတယ်’ ဆိုတာမျိုးပြောမယ့် အလုပ်သမားကိုယ်စားလှယ်တော့ မလိုချင်ဘူးဗျာ”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။
အလုပ်သမားအဖွဲ့အစည်းများက ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်းများကို အလုပ်သမား၊ လယ်သမားများ အများဆုံးရှိသည့် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ပြီး ရန်ကုန်မြို့တွင် လှိုင်သာယာကဲ့သို့သော နေရာမျိုး၌ လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်အားလုံးတွင် ဝင်ပြိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ် ၆ ဦးကို ယာယီ ရွေးချယ်ထားပြီး ကျန်နေရာများအတွက် ဆက်လက် ဆွေးနွေးနေဆဲဖြစ်ကြောင်း၊ မတ်လ ပထမပတ်တွင် ရွေးချယ်ခဲ့သည့် ကိုယ်စားလှယ်လောင်းအမည် စာရင်းနှင့် မူဝါဒကို တရားဝင် ထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
လက်ရှိတွင် အလုပ်သမားသမဂ္ဂအဖွဲ့အစည်းများနှင့် အလုပ်သမားရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း ၁၀ ဖွဲ့က ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးအတွက် အစည်းအဝေးများလုပ်ဆောင်နေပြီး စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်က ဆိုသည်။
ယင်းအဖွဲ့အစည်း ၁၀ ဖွဲ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS)၊ လယ်သမား အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်သူများအဖွဲ့(FLAG)၊ အနာဂတ်အလင်းတန်းဆုံမှတ်(FLC)၊ ဒို့မျိုးဆက်ကွန်ရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက် (AMTUN)၊ တောင်သူလယ်သမား စိုက်ပျိုးရေးနှင့် စားသောက်ကုန်အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (AFM)၊ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့ (LHEO)၊ Labor Power Group နှင့် ဒို့မြေကွန်ရက် တို့ဖြစ်သည်။
လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များက အလုပ်သမား၊ လယ်သမားများအရေး တင်ပြဆောင်ရွက်မှု အားနည်းသည်ဆိုသော အချက်နှင့်ပတ်သက်ပြီး ရွှေပြည်သာမြို့နယ် မဲဆန္ဒနယ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက လွှတ်တော်အမတ်များအနေဖြင့် အလုပ်သမားများ၏ တောင်းဆိုချက်ကို ဆုံးဖြတ်ပေးနိုင်ခြင်း မရှိဘဲ ဆုံးဖြတ်ချက်ချမည့် အစိုးရကို ပြန်လည်တင်ပြပေးခြင်းသာ လုပ်နိုင်ကြောင်း ပြန်လည်တုံ့ပြန်သည်။
အလုပ်သမားဆန္ဒပြမှုများမှာ ယခုနှစ်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်နေပြီး အထူးသဖြင့် လုပ်ခလစာနည်းပါးမှု ပြဿနာမှာ အများဆုံးဖြစ်ပွားနေကာ အလုပ်သမားအခွင့်အရေးဆိုင်ရာ သတ်မှတ်ချက်များအပေါ်တွင်လည်း အလုပ်ရှင်နှင့် အလုပ်သမားကြား မကြာခဏ ပြဿနာဖြစ်ပွားလေ့ရှိသည်။