သတင်း

မြောင်တိုက်ပွဲတွင် ၁၉ နှစ်အရွယ် PDF ရဲဘော် ၂ ဦးလည်း သေဆုံး

(အောက်ဖော်ပြပါ သတင်းတွင် စိတ်မချမ်းမြေ့ဖွယ် အကြောင်းအရာများ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်)

စစ်ကောင်စီ ဘီလူးစစ်ကြောင်း စီးနင်းခဲ့သည့် စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် ပစ်သတ်ခံထားရသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများ ယနေ့ (မတ် ၃၁ ရက်) တွင် တွေ့ရှိရကြောင်း သိရသည်။

အင်အား ၈၆ ဦးပါသည့် စစ်ကောင်စီ ဘီလူးစစ်ကြောင်းသည် မြောင်မြို့တောင်ဘက် ၅ မိုင်ခန့်အကွာ ဆွဲလွဲအိုရွာကို စစ်ကြောင်းသုံးခုခွဲ၍ မတ် ၃၀ နံနက် ၅ နာရီခန့်တွင် စီးနင်းခဲ့အပြီး ပြန်ဆုတ်သွားချိန်တွင် ထိုသို့ တွေ့ရခြင်း ဖြစ်သည်။

စခန်းကို စီးနင်းချိန် သေဆုံးခြင်း ဖြစ်နိုင်သည်ဟု စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် (၁) တပ်ရင်းမှူး ဗိုလ်ယက္ခက ပြောသည်။

“နောက်ထပ် ရဲဘော်နှစ်ယောက် ထပ်ကျသွားတယ်။ ခွာစစ်ဆင်ရင်းနဲ့ ရဲဘော်တွေက ကွဲသွားတာ။ သူတို့နှစ်ယောက်က ပျောက်နေတာ။ ဒီနေ့မနက်မှ အလောင်းပြန်တွေ့တာ”ဟု ဗိုလ်ယက္ခက ပြောသည်။

အသတ်ခံရသူများမှာ အသက် ၁၉ နှစ်အရွယ် စစ်ကိုင်ခရိုင် တပ်ရင်းအမှတ် (၁) တပ်ခွဲ (၃) လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့မိသားစုဝင်များ၏ လုံခြုံရေးအခြေအနေကြောင့် အမည်နှင့်တကွ ထုတ်ဖော်၍ မရသေးပေ။

အသက် ၁၉ နှစ်အရွယ် ရဲဘော်နှစ်ဦးလုံး၏ ရုပ်အလောင်းများကို စီးနင်းခံရသည့် စခန်းထဲမှာပင် တွေ့ရရှိခြင်းဖြစ်ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ခေါင်းဆောင် ကိုနွေဦးက ပြောသည်။

“တစ်ယောက်က ဒဏ်ရာနဲ့ ဖမ်းမိထားပြီး ဒီနေ့မနက် ပြန်ထွက်တော့မှ ပစ်သတ်သွားတာ။ တစ်ယောက်က မနေ့ကတည်းက သေသွားတာ။ အနံ့ထွက်နေပြီ။ နောက်တစ်ယောက်က ပေါင်မှန်ထားတာ။ ပတ်တီးတွေ ဘာတွေ စည်းထားတာ တွေ့တယ်။ ပြန်ထွက်တော့မှ သတ်သွားတာ။ ကျောမှာ နှစ်ချက်ပစ်ခဲ့တာ” ဟု ကိုနွေဦးက ပြောသည်။

ဆွဲလွဲအိုရွာ စီးနင်းမှုတွင် PDFတပ်ရင်း (၁) ဒုတိယတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းသည်လည်း ခေါင်းဖြတ်သတ်ခံခဲ့ရသည်။ ဗိုလ်ဆင်ရိုင်း၏ ခေါင်းမဲ့ ရုပ်အလောင်းကို မတ်လ ၃၀ ရက်တွင် တွေ့သဖြင့် မီးသင်္ဂြိုဟ်လိုက်ပြီး နောက်တစ်နေ့တွင် ဦးခေါင်းကို တွေ့ရသည်ဟု သူက ပြောသည်။

“နားတွေနှစ်ဖက်လုံး ဖြတ်ထားတယ်။ မျက်လုံးတွေလည်း မပါတော့ဘူး။ (မျက်လုံးများကို) ဖောက်ထားတာ” ဟု ကိုနွေဦးက ပြောသည်။

ခေါင်းမဲ့သင်္ဂြိုဟ်ခဲ့ရသည့် PDF ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်း၏ နာရေး။

စခန်းစီးနင်းခံရစဉ် ဗိုလ်ဆင်ရိုင်းဆိုသူ စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် (၁) ဒုတိယတပ်ရင်းမှူးဖြစ်သူမှာ အခြားရဲဘော်များ ထွက်ပြေးချိန်ရရန် ဘီလူးစစ်ကြောင်းကို ပြန်လည်ခုခံတိုက်ခိုက်ရင်း သေဆုံးသွားသည်။

ဦးခေါင်းမပါသည့် ခန္ဓာကိုယ်တွင် ကျည်ဆန်ဒဏ်ရာများ မတွေ့ရှိရသဖြင့် အရှင်ဖမ်းဆီး ခေါင်းဖြတ်သတ်လိုက်ခြင်းဖြစ်နိုင်သည်ဟု ကာကွယ်ရေးအဖွဲ့တို့က ကောက်ချက်ချသည်။

စစ်ကောင်စီ ဘီလူးစစ်ကြောင်း၏ သတ်ဖြတ်မှုများ

ဖေဖော်ဝါရီ ၁၂ ကတည်းက မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သည့် ဘီလူးစစ်ကြောင်းသည် သုံးပတ်အတွင်း ရွာစဉ်လှည့်စီးနင်းနေမှုကြောင့် ဒေသခံ ၁၀,၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေကြရပြီး အရပ်သား ၂ ဦးနှင့် ကာကွယ်ရေးအဖွဲ့ဝင် ၉ ဦး အသတ်ခံလိုက်ရသည်။

မတ် ၁၄ နေ့က မြောင်မြို့နယ် အရှေ့ပိုင်းရှိ မင်းတန်းရွာအနီး စစ်ကြောင်းဝင်စဉ် စစ်ဘေးရှောင်နေသည့် သက်ကြီးရွယ်အိုဦးတစ်ဦးကို ပစ်သတ်ခဲ့သလို မတ် ၁၉ တွင်လည်း မြို့တောင်ဖျားတွင် သက်ကြီးပိုင်း အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြသည်။

အာဏာသိမ်းစစ်တပ်၏ အဆိုပါဘီလူးစစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း ဒဏ်ရာရရှိခဲ့သည့် ရဲဘော်တစ်ဦးမှာ မင်းတန်းရွာအနီးတွင် မတ် ၁၅ ရက်နေ့က ပစ်သတ်ခံခဲ့ရသလို မတ် ၂၄ တွင် မြောင်မြို့နယ် လက်ယက်မရွာနှင့် ကြာပင်လှရွာကြားတွင် ကာကွယ်ရေးအဖွဲ့ဝင်ဘက်ကလည်း ၅ ဦးလည်း သေဆုံးခဲ့သည်။

ဖေဖော်ဝါရီ ၂၅ တွင် မြင်းမူမြို့နယ်မြောက်ပိုင်းကို စတင်စီးနင်းခဲ့ပြီးနောက် နှစ်ရက်အတွင်း ကာကွယ်ရေးအဖွဲ့ဝင် ၅ ဦး၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခဲ့သည်။ ထို့နောက် စစ်ကိုင်းမြို့တာတိုင်ရွာကို မတ် ၁ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီး နောက်တစ်ရက်တွင် ရွာခံ ၁၇ ဦးကို အစုလိုက်အပြုံလိုက် ထပ်မံသတ်ဖြတ်ခဲ့သည်။ 

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် ကျေးရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုကျော်ဇော် (ခ) ကိုမိုက်ကယ်နှင့် ကိုရာဟုတို့ကို ဘီလူးစစ်ကြောင်းက အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခဲ့သည်။

မတ် ၅ နံနက်ပိုင်းတွင်လည်း မြင်းမူမြို့နယ်ထဲက လက္ကပင်ရွာကို နှစ်ရက်ကြာ ဆက်လက်စီးနင်းကာ အရပ်သား ၁၀ ဦးကို သတ်ဖြတ်ခဲ့ကြသေးသည်။ လက္ကပင်ရွာကို စီးနင်းစဉ်က ရွာဦးကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဝံသနှင့် အရပ်သား ၄ ဦးကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ မတ် ၇ ကတည်းက အဖမ်းခံထားရသည့် အဆိုပါ ၅ ဦး၏ သတင်းမှာလည်း စုံစမ်း၍ပင် မရသေးပေ။

အဆိုပါသတ်ဖြတ်မှုများနောက်ပိုင်းတွင် မြောင်မြို့နယ်ကို ဆက်လက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ယနေ့ (မတ်လ ၃၁ ရက်) နံနက်ပိုင်းတွင် မြင်းမူမြို့နယ်နှင့် မြောင်မြို့နယ်အစပ်တွင် တပ်ဖျောက်လှုပ်ရှားနေသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button