သတင်း

စစ်ကောင်စီက ကန့်ဘလူမြို့မှ လူငယ်နှစ်ဦးကို သတ်ဖြတ် အလောင်းစွန့်ပစ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့တွင် စစ်ကောင်စီတပ်က ဒေသခံ ၈ ဦးကို ဖမ်းဆီး စစ်ဆေးပြီး အများအပြား ပြန်လွှတ်ပေးသော်လည်း လူငယ် ၂ ဦးကိုမူ နှိပ်စက်သတ်ဖြတ်ပြီး တူးမြောင်းအတွင်း စွန့်ပစ်ထားသည်ကို မတ် ၂၄ တွင် မြို့ခံများ တွေ့လိုက်ရသည်ဟု သိရသည်။

မတ်လ ၆ ရက်နေ့က ဇီးကုန်းမြို့၊ စည်ပင်သာယာဈေးအတွင်း စစ်ကောင်စီသတင်းပေးဟု အမည်ထွက်သူ ဈေးကောက်လုပ်နေသည့် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရပြီးနောက် ဇီးကုန်းမြို့ သကြားစက်အတွင်း အထိုင်ချထားသည့် စစ်သားများ၊ ဇီးကုန်း မြို့မရဲစခန်းမှ ရဲများက မတ်လ ၈ နှင့် ၉ တွင် ဈေးသည်များအပါအဝင် ဒေသခံတချို့ကို ဖမ်းဆီးခဲ့သည်။

ဖမ်းထားသူများကို ဇီးကုန်းသကြားစက်အတွင်း ချုပ်နှောင်စစ်ဆေးခဲ့ပြီးနောက် မတ် ၁၀ ရက်နေ့တွင် ၁ ဦး၊ ၁၆ ရက်နေ့တွင်  ၅ ဦးကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သည်။

မွတ်စလင်လူငယ်နှစ်ဦး၏ ရုပ်အလောင်းများတွင် ဒဏ်ရာအများအပြား ရှိနေသည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“သူတို့အလောင်းတွေကို ဦးအောင်ဇေယျတူးမြောင်း၊ ဇီးကုန်းမြို့အလွန် ရေတံခါးမှာ ညပ်လျက် တွေ့ရတယ်။ လူရုပ်တောင် မပေါ်တော့ဘူး။ ရုပ်ပျက်ဆင်းပျက်တွေ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုအမျိုးသားက ပြောသည်။

၂၈ နှစ်အရွယ် ကိုသက်ပိုင်စိုးမှာ ရင်ဘတ်တွင် ဓားဖြင့် ထိုးခံထားရသည်ဟု ယူဆရသောဒဏ်ရာ၊ တစ်ကိုယ်လုံးတွင် ခုတ်ထစ်ခံထားရသည့် ဒဏ်ရာများ ရှိနေသည်၊ ၁၇ နှစ်အရွယ် ကိုချစ်မင်းနိုင်တွင်လည်း အလားတူ ဓားဒဏ်ရာများအပြင် လည်ပင်းကို ကြိုးဆွဲချထားသကဲ့သို့ မျက်လုံးပြူးထွက်၊ လျှာတစ်လစ်ပုံစံဖြင့် တွေ့ရကြောင်း မျက်မြင်သက်သေများကို ကိုးကား၍ ၎င်းက ဆိုသည်။

ထိုအလောင်းများ တွေ့ရှိရချိန်တွင် သေဆုံးနေသည်မှာ ၅ ရက်ခန့် ရှိပြီဟု ယူဆကြကြောင်း ၎င်းက ဆက်ပြောသည်။

မတ်လ ၈ ရက်က ကိုသက်ပိုင်စိုးနှင့် အခြားမွတ်စလင်အမျိုးသားတစ်ဦး ဖမ်းဆီးခံရပြီး နောက်တစ်နေ့တွင် ကိုချစ်မင်းနိုင်၏ မိခင်အပါအဝင် ၅ ဦး ဖမ်းဆီးခံရခြင်းဖြစ်သည်။

ကိုချစ်မင်းနိုင်မှာ မိခင်ဖြစ်သူ ပြန်လွတ်လာစေရန် နောက်တစ်နေ့ (မတ် ၁၀) တွင် သွားရောက် အဖမ်းခံခဲ့သည်ဟု သိရသည်။

“သူ့ကို မတွေ့လို့ မိခင်ကို ဖမ်းသွားတော့ နောက်တစ်နေ့မှာ သူက သွားအဖမ်းခံခဲ့တယ်။ မိခင်အပါအဝင် ဈေးသည် ၅ ဦးက ပြန်လွတ်လာခဲ့တယ်။ ဒါပေမဲ့ အားလုံးက နှိပ်စက်ခံရတဲ့ ဒဏ်ရာဗရပွနဲ့ ကြောက်လန့်ပြီး စိတ်ဒဏ်ရာတွေလည်း ရနေကြတယ်။ အခု သားဖြစ်သူပါ ဆုံးသွားတော့ သူ့ရဲ့ အမေက အရူးတစ်ပိုင်းပဲ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူ ထိုလူငယ်နှစ်ဦးမှာ ဈေးအနီး ဖုန်းရောင်းဝယ်ရေးဆိုင်ဖွင့်ထားသူနှင့် အကူဝန်ထမ်းတို့ ဖြစ်ကြောင်း၊  ဈေးကောက်အမျိုးသမီး ပစ်သတ်ခံရမှုနှင့် မသက်ဆိုင်ကြောင်း သေဆုံးသွားသောလူငယ်တို့၏ မိသားစုများနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ဆိုသည်။

“ကလေးနှစ်ဦးလုံးက အရပ်သားတွေပါ။ သံသယတရားခံတွေလည်း မဟုတ်ပါဘူး။ သာမန်ဖုန်းဆိုင်ဝန်ထမ်းတွေပါ။ ဒါကို မသက်ဆိုင်ဘဲ အသတ်ခံရတာ” ဟု သူက ဆိုသည်။

ရုပ်အလောင်းများကို တူးမြောင်းအတွင်းမှ ဆယ်ယူ၍ မွတ်စလင်ထုံးထမ်းစဉ်လာအရ သင်္ဂြိုဟ်ခွင့် ရရှိရန် မိသားစုဝင်များက တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီက ခွင့်မပြုဘဲ မူးမြစ်ထဲသို့ မျှောလိုက်ကြောင်း မိသားစုနှင့် နီးစပ်သူက ဆက်ပြောသည်။

ဖုန်းရောင်းဝယ်ရေးဆိုင်ပိုင်ရှင် ကိုသက်ပိုင်စိုးသည် မင်္ဂလာဆောင်ထားသည်မှာ ၁၀ လခန့်သာ ရှိသေးပြီး ကိုယ်ဝန် ၅ လနှင့် ဇနီး ကျန်ရစ်ခဲ့သည်။

လူနှစ်ဦးကို သတ်ဖြတ်အလောင်းစွန့်ပစ်ကာ သင်္ဂြိုဟ်ရန် အလောင်းကောက်ယူခွင့်ပင် မပေးသော စစ်ကောင်စီ၏ လုပ်ရပ်ကို လွန်စွာစိတ်နာမိသည်ဟု အထက်ပါ ကန့်ဘလူမြို့ခံ မွတ်စလင်ဘာသာဝင် အမျိုးသားကလည်း ဆိုသည်။

“လူတစ်ယောက်ရဲ့ ဖြစ်တည်မှု ဘာသာထုံးတမ်းအရ သေဆုံးချိန်မှာတောင်မှ သင်္ဂြိုဟ်ခွင့် မရတာ။ လူတစ်ယောက်က သံသယရဲ့ အကျိုးကို ခံစားခွင့်ရှိတယ်။ ဖမ်းခံရပြီး မတော်တဆ သေသွားရင်တောင် လက်သင့်ခံလို့ ရတယ်။ အခုဟာက တစ်ချိန်တည်း၊ တစ်ပြိုင်တည်းမှာ သတ်ပစ်လိုက်တယ်။ အရမ်းကို စိတ်နာစရာကောင်းတဲ့ အခြေအနေဖြစ်တယ်။ Dead Body ကို တွေ့နေရတာတောင်မှ ကောက်ယူ သင်္ဂြိုဟ်ခွင့် မပေးတဲ့ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေဟာ အတော်ခံစားရတယ်” ဟု သူက ဆိုသည်။

ထို့ပြင် စစ်ကောင်စီက သေဆုံးသူတို့၏ မိသားစုများကို အသုဘအိမ်အဖြစ် စီစဉ်ခြင်း၊ အိမ်နီးချင်းများ ဝင်ထွက်ခြင်း၊ ဘာသာရေးဆိုင်ရာ ဝတ်ပြုခြင်းများ မပြုရန် တားမြစ်ထားကြောင်း မိသားစုနီးစပ်သူတို့ထံမှ သိရသည်။

“လူနည်းစုလေးဖြစ်တော့ အရမ်းကြောက်လန့်နေရတယ်။ အခုလိုမျိုး ဥပုသ်လရဲ့ ပထမရက်မျိုးဆိုရင် ပိုကြောက်ရတယ်။ ရှေ့မှာဖြစ်ခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေဟာ ခုလိုဥပုသ်လမှာဆိုတော့ ဒီဖြစ်ရပ် ဖြစ်လာတော့ အားလုံးက ပိုထိတ်လန့်နေကြတယ်” ဟု အထက်ပါမြို့ခံက ဆိုသည်။

မြစ်အတွင်း မျောပါသွားသည့် ထိုလူငယ်နှစ်ဦး၏ အလောင်းများကို မတ် ၂၅ တွင် ခင်ဦးမြို့နယ် မူးမြစ်ကမ်းတစ်နေရာတွင်  တွေ့ရှိသည့်အတွက် ခင်ဦးမြို့နယ်လူငယ်တစ်စုက မြစ်ကမ်းဘေး၌ မြှုပ်နှံလိုက်ကြောင်း ဒေသခံများက ဆိုသည်။

သံသယဖြင့် ဖမ်းဆီးခံရသူတို့ သတ်ဖြတ်အလောင်းဖျောက်ခံရသည့် ဖြစ်ရပ်မျိုးကို မန္တလေး၊ မတ္တရာ၊ နွားထိုးကြီးမြို့တို့ကဲ့သို့ မြို့ကြီးများ အပါအဝင် ဒေသအနှံ့အပြား၌ တွေ့နေရသည်။

ထိုဖြစ်ရပ်များ၊ အသတ်ခံရသည့် လူငယ်နှစ်ဦး၏ ရုပ်အလောင်း သင်္ဂြိုဟ်ခွင့်မရမှုတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ဇီးကုန်းမြို့သည် မွတ်စလင်ဘာသာဝင် အများအပြားနေထိုင်သော မြို့ဖြစ်ပြီး ယခုကာလသည် အစ္စလာမ်ဘာသာဝင်များ ဥပုသ်ဆောက်တည်သည့်ကာလဖြစ်သည်။

စျေးအတွင်း စည်ပင်ဌာနဝန်ထမ်းအမျိုးသမီး မည်သည့်အကြောင်းကြောင့် ပစ်သတ်ခံရသည်၊ မည်သူက သတ်ဖြတ်သည်ကို  မသိရသေးပေ။

ထိုဒေသတွင် လက်နက်ကိုင်တော်လှန်သူတို့ ရှိသလို အာဏာသိမ်းတပ်၏ လက်အောက်ခံ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ငယ်များလည်း ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button