သတင်း

ကလေးဝတွင် စစ်ကောင်စီစစ်ကြောင်း အတိုက်ခံရပြီး လေကြောင်းမှ ဗုံးချ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်အတွင်း အင်အား ရာဂဏန်းရှိ စစ်ကောင်စီ စစ်ကြောင်းကို မတ် ၂၆ တွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးသည်၊ တိုက်ပွဲအပြီးတွင် လေတပ်ကလည်း လာရောက် ပစ်ခတ်ခဲ့သည်ဟု တော်လှန်ရေးအဖွဲ့က ပြောသည်။

ပြည်သူ့စစ် ခေါ်  ပျူစောထီး အခြေစိုက်ရွာများကို ရိက္ခာလာပို့သည်ဟု ယူဆရသည့် ထိုစစ်ကြောင်း မုံရွာ-ယာကြီး-ကလေးဝ လမ်းအတိုင်း ချီတက်လာစဉ် ကလေးဝမြို့မှ ၃ မိုင်ခန့်အကွာ တီးတုန်းရွာအနီးအရောက် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) ၏  ကလေးဝမြို့နယ် အခြေစိုက် ကလေးခရိုင်  တပ်ရင်း ၉၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်းတိုက်ခိုက်ခြင်း ဖြစ်သည်။

နံနက် ၁၀ နာရီဝန်းကျင်မှ စ၍ နှစ်နာရီကြာ တိုက်ပွဲဖြစ်ပြီး မွန်းလွဲ ၁ နာရီဝန်းကျင်တွင် လေယာဉ်ဖြင့် နာရီဝက်ခန့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ကလေးဝမြို့နယ် ပကဖ ဒုတာဝန်ခံက ပြောသည်။ 

“ နေ့လယ် ၁ နာရီနီးနီးလောက်မှာ အလောင်း တစ်လောင်း တွေ့ တယ်။ လက်နက် တစ်လက် ရခဲ့တယ်။ ကျွန်တော်တို့ ပြန်ဆုတ်တဲ့အချိန်မှာ လေယာဉ်နဲ့ လာပြီးတော့ထပ်ပစ်တယ်။ ကျွန်တော်တို့ဘက်က အထိခိုက်တော့ မရှိဘူး၊ ရှောင်ပြီးတော့နေတာပေါ့။  …..လေယာဉ်လာပြီး ပစ်ပြီးတော့ နောက်ထပ် ရှင်းလင်းရေး ဝင်တော့ အလောင်း လာကောက်သွားပြီ” ဟု ပကဖ ဒုတာဝန်ခံက ဆိုသည်။

တိုက်ပွဲအတွင်း သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်ပတ်သက်၍ အသေးစိတ် မသိရသော်လည်း ၎င်း၏  MA 3   သေနတ်ဒင်တွင် ခလရ ၈၉ ဟု ရေးသား ထားကြောင်း သိရသည်။

နင်းမိုင်း ၃ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်ဘောက် ၉ ခု၊ ကျည်ဆန် ၅၀၀ ကျော်နှင့် လက်ကိုင်ဖုန်း ၃ လုံးလည်း သိမ်းဆည်းရမိသည်ဟု ဆိုသည်။

“အကျအဆုံးတော့ အဲ့ဒီတစ်ယောက်ပဲ တွေ့ပါတယ်။ သာမန်တော့မဖြစ်နိုင်ဘူး၊ သူ့ဖုန်းကို ကြည့်ရတဲ့အတိုင်း အတာအရတော့ လေယာဉ်ပေါ်မှာ ရိုက်ထားတဲ့ပုံလည်း ပါတယ်ဆိုတော့လေ။ ဖုန်းက အလောင်းမှာတွေ့ရတာ။ သူကိုင်တဲ့ (ကျည်)ဘောက် ၄ ဘောက်လည်းတွေ့တယ်” ဟု ပကဖ ဒုတာဝန်ခံက ပြောသည်။

ကလေးမြို့ အခြေစိုက် ခလရ ၈၉ သည် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ- ကလေး) လက်အောက်ခံ တပ်ရင်း ၄ ခု အနက် တစ်ခု ဖြစ်သည်။အဆိုပါ စစ်ကြောင်းသည် မင်းကင်းမြို့နယ်မှ ချီတက်လာစဉ် ကလေးဝမြို့နယ်အတွင်း အတိုက်ခံရခြင်း ဖြစ်သည်။

မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အခြေချ တပ်စွဲထားသည်။

ပျူစောထီး အင်အားများသဖြင့် ပျူရွာ ဟု လူသိများသည့် ကျော်ရွာနှင့် ကြာပင်ရွာကို ကလေးဝမြို့နယ်မှ တဆင့် စစ်ကြောင်းဖြင့် လက်နက်ခဲယမ်း ထောက်ပံ့ပို့ဆောင်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မင်းကင်းမြို့နယ်သည် စစ်ကောင်စီနှင့်နီးစပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမောင်မြင့်၏ ဇာတိဖြစ်ပြီး ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲများတွင် ၎င်းက နှစ်ကြိမ်ဆက် အနိုင်ရ ထားသောဒေသဖြစ်သော်လည်း တောင်တွင်းချောင်ဒေသသည် လက်နက်ကိုင်ခုခံမှု အားကောင်းသည်။

တောင်တွင်းချောင်ဒေသမှာ မင်းကင်းမြို့နယ် အနောက်ခြမ်း တောင်နှစ်ခုကြားတွင် တည်ရှိပြီး ကျေးရွာ ၄၂ ရွာ ပါဝင်သည်။

ကလေးခရိုင် PDF တပ်ရင်း ၉ မှ တပ်ဖွဲ့ဝင်များ လေ့ကျင့်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ခုခံမှု အားကောင်းပြီး တိုက်ပွဲပြင်းထန်သည့်ဒေသများတွင် စစ်တပ်က လေကြောင်းကို အားပြုပြီး တိုက်ခိုက်လေ့ရှိရာ  ယနေ့ (မတ် ၂၇) နံနက် ၄ နာရီခန့်ကလည်း လေတပ်က  ကန့်ဘလူမြို့နယ်မြောက်ပိုင်း ကျေးရွာ နှစ်ရွာအနီး  ဗုံးနှစ်လုံးကျဲချခဲ့သည်။

ကန့်ဘလူမြို့မြောက်ဘက် မိုင် ၂၀ ကျော်အကွာရှိ ပင့်သာကြီးရွာနှင့်အုပ်ခင်းရွာကြားတွင် ထိုဗုံးများ ကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက် ဒဏ်ရာရမှု မရှိကြောင်း ဒေသခံများက ဆိုသည်။

သို့သော်လည်း ဒေသခံအများစုမှာ ရွာတွင် မနေထိုင်ရဲ တော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြ ကြောင်း ပင့်သာကြီးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“လေယာဉ်က ဝေါဝေါနဲ့အသံကြားတော့ ဂျက်ဖိုက်တာလာပြီဆိုတာတော့ သိလိုက်တယ်။ ဂျက်ဖိုက်တာ လာပြီ ပြောနေတုန်း ကျဲသွားတာဆိုတော့ ဒေသခံတွေကတော့ ကျဲသွားမှသိလိုက်တာ။ ဒေသခံတွေကတော့ ကြောက် အားကြီးပြီး ထွက်ပြေးကြတယ်။ ရွာထဲ မနေရဲကြတော့ဘူး” ဟု သူက ဆိုသည်။

ဗုံးကျသည့် နေရာတွင် မည်သူမျှ မရှိဟု ရွာသူရွာသားများက ပြောသည်။ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း အလားတူ ပြောကြားပြီး  ဗုံးကျပေါက်ကွဲသည့်နေရာကို လုံခြုံရေးအခြေအနေအရ သွားရောက်မစစ်ဆေးနိုင်သေးကြောင်း   ပြောသည်။

“ဘာစခန်းမှရှိလို့ ကျဲတာမဟုတ်ဘူး။ ဘာတိုက်ပွဲမှလည်းမရှိဘဲ ကျဲသွားတာ။ ရွာပေါ်မကျတာကို ကံကောင်းတာ၊ ကင်းထောက်လေယာဉ်တွေ ဝဲတာတော့ သုံး၊ လေးရက်လောက်ရှိပြီ” ဟု ၎င်းက ဆိုသည်။

ဗုံးကျဲခံရသည့် ရွာများ၏ အနောက်ဘက် ၂ မိုင်အကွာတွင် စစ်သားအင်အား ၆၀ ခန့် တပ်စွဲထားသည့် ပျူစောထီး အားကောင်းရာ ချပ်ကြီးကျေးရွာရှိသည်။

ထိုရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းကို မတ်လ  ၂  ရက်နေ့တွင် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်မီးရှို့ပြီးနောက် အဆိုပါစစ်သား ၆၀ ဖြင့် အင်အားဖြည့်ထားသည်။

ချပ်ကြီးရွာရှိ ပျူစောထီးများ တိုက်ခိုက်ခံရစဉ်ကလည်း စစ်တပ်က လေကြောင်းမှ နှစ်ကြိမ် ပစ်ကူခဲ့သည်။

လက်နက်ကိုင်တော်လှန်ရေးကောင်းသည့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ချင်း၊ ကယား (ကရင်နီ)တို့မှ မြို့နယ် ၄၀ ကို ဖေဖော်ဝါရီအတွင်း စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် စစ်ရေးပိုမိုပြင်းထန်လာပြီး တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားနေကာ ဒေသတွင်း စစ်ရေးပြင်းထန်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button