
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှ စျေးဆိုင်ခန်း အများအပြားကို ဆိုင်ရှင်များကိုယ်တိုင် ဖျက်ဆီးဖယ်ရှားရန် စစ်ကောင်စီက စေခိုင်းခဲ့သည်ဟု ဆိုင်ပိုင်ရှင်များက ပြောသည်။
ဖျက်ရသည့် ဆိုင်ခန်း ၉၈ ခန်းမှာ နေရာ ၃ ခု ခွဲလျက် တည်ရှိပြီး မင်္ဂလာဒုံဈေး ၁၅ လမ်းတွင် ၂၃ ခန်း၊ ရေတမာလမ်းတွင် ဆိုင်ခန်း ၄၀ ခန့်နှင့် ကျန်ဆိုင်ခန်းများမှာ ဝါယာလက်ဆက်သွယ်ရေးတပ်အနီးတွင် ရှိကြသည်။
မင်္ဂလာဒုံဈေး ၁၅ လမ်း၊ မင်္ဂလာဒုံဈေး ရေတမာလမ်းနှင့် ဝါယာလက်ဆက်သွယ်ရေးတပ်အနီးတို့ရှိ ဆိုင်ခန်း ၉၈ ခန်း ဖြစ်သည်ဟု သိရသည်။
မတ်လ ၂၅ နှင့် ၂၆ ရက်နေ့တွင် ဆိုင်ခန်းရှိ မီတာပုံးများကို ဖြုတ်ယူသွားကြောင်း၊ ဆိုင်ခန်းကို ကိုယ်တိုင်မဖျက်လျှင် ဘူဒိုဇာဖြင့် ထိုးမည်ဟု ခြိမ်းခြောက်ထားသဖြင့် မတ်လ ၂၇ ရက်နေ့မှစ၍ ဖျက်ဆီးခဲ့ရကြောင်း Myanmar Now က ဆက်သွယ်ခဲ့သည့် ဆိုင်ခန်းပိုင်ရှင် ၃ ဦးက ပြောသည်။
“ကျွန်မတို့ သတင်းကြားတာတော့ Mingalardon Mart ဆိုပြီး Shopping Mall ကြီး ဆောက်မယ်ပေါ့နော်။ အရင်ဖျက်တဲ့လူကို ဆိုင်ခန်းပြန်ဆောက်ရင် အရင်ပေးမှာပေါ့ဗျာဆိုတဲ့ ပုံစံမျိုးနဲ့ ခေါ်ယူညှိနှိုင်းပြီး ဖျက်ခိုင်းတာလည်း ရှိတယ်။ဒါပေမဲ့ အဲဒီအပေါ်မှာတော့ မယုံကြည်ပါဘူး” ဟု ဆိုင်ခန်းပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
၎င်း၏ ဆိုင်ခန်းကို လွန်ခဲ့သော ၁၀ နှစ်ကျော်က စစ်မှုထမ်းဟောင်းတစ်ဦးထံမှ သိန်း ၁၀၀ ကျော်ဖြင့် ဝယ်ယူခဲ့ကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။
ဆိုင်ခန်းပိုင်ရှင်များမှာ တာဝန်ထမ်းဆဲနှင့် အငြိမ်းစား စစ်သားတို့၏ မိသားစုဝင်များ ဖြစ်ပြီး တချို့မှာ ထိုမိသားစုများထံမှ ဝယ်ယူခဲ့သည့် အရပ်သားများ ဖြစ်သည်ဟု သူက ဆိုသည်။
ဆိုင်ခန်းများကို အာဏာမသိမ်းခင် ၂၀၂၀ မေလကတည်းက စစ်တပ်က ဖျက်သိမ်းရန် ကြံရွယ်ထားသော်လည်း အများအပြားက အယူခံတင် မေတ္တာရပ်ခံခဲ့ကြကြောင်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။
ဆိုင်ခန်းအကျယ် အနည်းဆုံး ၈ ပေမှ အများဆုံး ၁၅ ပေအထိ၊ အရှည် ပေ ၅၀ ရှိသော၊ လူနေထိုင်၍ရသော အဆိုပါ ဆိုင်ခန်းများအတွက် မြေခွန် ကျပ် ၄၀,၀၀၀ မှ ၇၀,၀၀၀ အထိ ပေးဆောင်ရကြောင်း သိရသည်။
ဆိုင်ဖျက်ရခြင်းမှာ စီးပွားပျက်ခြင်းဖြစ်သည်ဟု အခွန်ဆောင်ခဲ့သည့် စစ်မှုထမ်းဟောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
“ကျွန်မတို့ စိတ်ထဲမှာ လုံးဝ မချမ်းသာပါဘူး။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရပါတယ်။ ဘဝပျက်တယ်ပေါ့။ အခြေပျက်အနေပျက်ဖြစ်အောင် လုပ်လိုက်တာပေါ့” ဟု သူက ဆိုသည်။
စစ်တပ်နယ်မြေဟု ခေါ်ဆိုနိုင်သည့် မင်္ဂလာဒုံမြို့နယ်တွင် မြေနေရာအများအပြားမှာ တပ်ပိုင်မြေအဖြစ် တည်ရှိနေပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလကလည်း ပျဉ်းမပင်ကျေးရွာအုပ်စုရှိ ရပ်ကွက် ၅ ခုမှ အိမ်ခြေ ၁၀,၀၀၀ ခန့် ဖယ်ရှားခံခဲ့ရသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးတွင် နေအိမ်များ၊ ဆိုင်ခန်းများကို အကြောင်းပြချက်အမျိုးမျိုးဖြင့် အင်အားသုံး ဖယ်ရှားလျက်ရှိရာ အများစုမှာ ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများ၏ ဆင်ခြေဖုံးရပ်ကွက်များတွင် ဖြစ်သည်။
ယခုလအတွင်း သာကေတမြို့နယ် သန်လျင်တံတားအဆင်း ရတနာလမ်းပေါ်ရှိ နေအိမ်များကို ကျူးကျော်အိမ်များဖြစ်သည်ဟုဆိုကာ စည်ပင်ဝန်ထမ်း၊ စစ်သားနှင့် ရဲများက မြေတူးစက်ဖြင့် ဖျက်ဆီးခဲ့သလို မန္တလေးတိုင်း မေမြို့ ခေါ် ပြင်ဦးလွင်မြို့တွင်လည်း ရပ်ကွက်နှစ်ခုရှိ စည်ပင်သာယာရေးကော်မတီ တိုက်ခန်းများတွင် ငှားရမ်းနေထိုင်သူများလည်း ဖယ်ရှားခံခဲ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)