အာဏာသိမ်း စစ်ခေါင်းဆောင် တည်ထားသည့် မာရဝိဇယ ဗုဒ္ဓကျောက်ဆစ်ရုပ်ပွားတော်သို့ သွားနိုင်သော ဒက္ခိဏမြို့နယ် မြို့ပတ်လမ်းတစ်လျှောက်ရှိ ကျူးကျော်တဲ ၁၀၀ ထက်မနည်း ဇူလိုင်လ ၂၃ ရက်နေ့တွင် အပြီးပြောင်းရွှေ့ပေးရန် ဖိအားပေးခံနေရသည်။
စစ်ကောင်စီက ရုပ်ပွားဆင်းတုတော်တောင်ဘက် တစ်မိုင်ကျော်အကွာ သဲဖြူရွာရှိ ထိုကျူးကျော်တဲများသည် ရန်အောင်မြင်ကြိုးဝိုင်းဧရိယာ သစ်တောမြေတွင် ပါဝင်နေသည်၊ စီမံကိန်းဖော်ဆောင်ရန်ရှိသည်ဟူသော အကြောင်းပြချက်များဖြင့် ဖျက်သိမ်းရန် စီစဉ်နေသည်ဟု ဒေသခံများက ပြောသည်။
“ဘုရားအနီးက ဖယ်ရှားခံရတဲ့အိမ်တွေ အပြီးဖယ်ပေးရမယ်တဲ့၊ လူလည်းမမြင်ချင်ဘူး။ ပစ္စည်းတွေရှိရင်လည်း အကုန်သိမ်းမယ်တဲ့” ဟု နေအိမ်ဖယ်ရှားခံရသော်လည်း အစားထိုးမြေနေရာ မရရှိသေးသည့် သဲဖြူရွာ ဒေသခံတစ်ဦးက ပြောသည်။
ဖျက်သိမ်းခံရသူ အိမ်ထောင်စု ၉၀ ကျော်ကို မဲနှိုက်၍ ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရွာအနီးတွင် ပေ ၄၀၊ ၃၀ အကျယ်အဝန်းရှိသည့် မြေကွက်များ အစားထိုးပေးသည်ဟု အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးနှင့် ဒေသခံနှစ်ဦးတို့က အတည်ပြုသည်။
“ကျွန်တော်တို့က အကွက်အစားပြန်ရပြီဗျ၊ ရွှေနံ့သာဘက်မှာ ရတယ်၊ ခုထိတော့ မပြောင်းရသေးဘူး။ ပြောင်းဖို့ရွှေ့ဖို့က အတော်ကြီး တာဝန်လေးတယ်” ဟု မြေနေရာအစားပြန်လည်ရရှိသူတစ်ဦးက ပြောသည်။
ရွှေနံ့သာဘက် မြေနေရာအစားထိုးရရှိသူများ ဇူလိုင်လအတွင်း အပြီးပြောင်းရွှေ့ရန်၊ ပြောင်းရွှေ့နေထိုင်ရမည့် မြေနေရာမရှိသူများ ဇူလိုင် ၂၄ ရက်နေ့ နောက်ဆုံးထားပြီး အပြီးပြောင်းရွှေ့ရန် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဖိအားပေးနေသည်ဟု ဒေသခံတို့က ပြောသည်။
“၂၄ ရက်နေ့မှ ပစ္စည်းတွေမသယ်ရင် အကုန်သိမ်းမှာတဲ့ဗျ။ ဘယ်ချောင်းမျောလို့ ဘယ်သောင်ကပ်မှန်းကို မသိပါဘူးဗျ” ဟု ပြောင်းရွှေ့ရန် မြေနေရာမရရှိသေးသူ အမျိုးသားတစ်ဦးက ဆိုသည်။
သဲဖြူရွာ တောင်ပိုင်းမှ အိမ်ထောင်စု ၉၀ ကျော်သာ မြေနေရာရရှိပြီး ရွာမြောက်ဘက်နှင့် သစ်တောဧရိယာထဲတွင် နေထိုင်သူတို့မှာ မြေနေရာများ မရရှိသေးပေ။
“မြောက်ပိုင်းက အကွက်တွေလည်း ရဖို့ရှိပါတယ်၊ တင်ပြထားတယ်၊ လက်ဦးနေတဲ့သူမဟုတ်ဘဲ နောက်မှဝယ်တဲ့သူတွေတော့ မပါပါဘူး၊ ဒါကလည်း အုပ်ချုပ်ရေးပိုင်းက သေချာစစ်ပြီးမှ လုပ်တာပါ” ဟု သဲဖြူရွာ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူက ပြောသည်။
ဩဂုတ် ၁ ရက်နေ့တွင် မာရဝိဇယရုပ်ပွားတော်ကို ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
မာရဝိဇယသည် မာရ်နတ်မင်း၏ အနှောင့်အယှက်နှင့် အန္တရာယ်အပေါင်းကို အထူးအောင်မြင်သော ဘုရားဟု အဓိပ္ပာယ်ရသည်။
၂၈၈ ဧက ကျယ်သည့် မြေတွင် ဘုရားတည်ထားသော်လည်း ပြည်သူအများနေထိုင်သည့် နေအိမ်များကို ဖျက်သိမ်းစေခြင်း၊ ပြည်သူများ နေစရာအိမ်မရှိခြင်းသည် မသင့်လျော်ဟု နေပြည်တော်ဒေသခံတစ်ဦးက ဝေဖန်သည်။ နိုင်ငံအနှံ့ ပြည်သူများ သတ်ဖြတ်ခံနေရချိန် အခက်အခဲဖြစ်နေသူများကို ကူညီပေးရန် အရေးတကြီးလိုအပ်ကြောင်း ပြောသည်။
“ဘုရားတည်တယ်၊ နိုင်ငံအနှံ့မှာ လူသတ်တယ်။ ဘုရားတည်တဲ့ မြေနေရာမှာတောင် လူတွေရဲ့ မျက်ရည်တွေပါနေရင် လက်ရှိတိုင်းပြည်ခေါင်းဆောင်အနေနဲ့ ရှက်ဖို့ကောင်းပါတယ်” ဟု သူက ဆိုသည်။
ဘုရားတည်နိုင်ရန် ထိပ်သီးလုပ်ငန်းရှင်သူဌေးကြီးများက ကျပ် ၁၆ ဘီလျံကျော်အထိ စုပေါင်းလှူခဲ့ကြပြီး အာဏာသိမ်းစစ်ခေါင်းဆောင်က ဦးဆောင်ဘုရားဒကာ အမည်ခံထားသည်။ အဆိုပါ ဘုရားသည် ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ၊ စုစုပေါင်း ၈၁ ပေ အမြင့်ရှိပြီး ကမ္ဘာ့အမြင့်ဆုံး ကျောက်ဆစ်ရုပ်ပွားတော် ဖြစ်လာမည်ဟု စစ်ခေါင်းဆောင်က ကြွားလုံးထုတ်ထားသည်။
ဘုရားပရဝဏ်အတွင်း သိမ်၊ ရေကန်၊ ကျောက်စာရံစေတီများ၊ ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းစာများ ရေးထိုးထားသည့် ကျောက်စာချပ်များ၊ ဇရပ်များ တည်ဆောက်ထားပြီး ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံထားသည်။
ဆင်းတုတော်ကြီး တည်ဆောက်ရေးလုပ်ငန်းများတွင် ထည့်ဝင်လှူဒါန်းကြရန်လည်း စစ်ကောင်စီက သတင်းစာများတွင် မျက်နှာပြည့်ကြော်ငြာ နေ့စဉ် ထည့်သွင်းသည့်နည်းဖြင့် အကြီးအကျယ် ကြော်ငြာကာ တိုက်တွန်းနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)