သတင်း

ပုသိမ်ကြီးတွင် နေအိမ် ၉၀၀၀ ကျော် ဖယ်ရှားရန် စစ်ကောင်စီ ဖိအားပေး

စစ်ကောင်စီက မန္တလေး၊ ပုသိမ်ကြီးမြို့နယ်ရှိ နေအိမ် ၉၀၀၀ ကျော်ကို ၁၀ ရက်အတွင်း ဖယ်ရှားရန် အကြောင်းမျိုးစုံပြပြီး ဖိအားပေး လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။​

ဇွန်လ တတိယပတ်မှစတင်၍ ဒေသခံများ၏ နေအိမ်များကို ဖျက်သိမ်းရန်၊ ပြောင်းရွှေ့ရန် ဖိအားပေးစဉ် အသုံးပြုသည့်အကြောင်းပြချက်များတွင် လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အိမ်ဆောက်လုပ် နေထိုင်ခြင်း၊ စည်ပင်သာယာနယ်နိမိတ်အတွင်း ပါဝင်ခြင်း၊ လမ်းတံတားများနှင့် မလွတ်ကင်းခြင်း စသည့် အချက်များ ပါဝင်သည်။

ဇွန် ၂၄ နှင့် ၂၉ တို့တွင် ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာအုပ်စုနှင့် ကန်ကောက်ကျေးရွာ၊ ဂွေ့ကြီးကုန်းကျေးရွာတို့ရှိ နေအိမ်များကို စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ရောက်သွားပြီး သတိပေးစာများ ကပ်သလို ဖျက်ရမည့် နေအိမ်များကို ဆေးအနီဖြင့်လည်း အမှတ်အသားပြုကြသည်ဟု ဆိုသည်။

အနီရောင်ကြက်ခြေခတ်အမှတ်အသားလုပ်ခံရသည့် နေအိမ်များတွင် အခြေခံလက်လုပ်လက်စားနှင့် လူလတ်တန်းစားနေအိမ်များအပြင် တိုက်တာအဆောက်အအုံများစွာ ပါဝင်နေသည်။

စစ်ကောင်စီ၏ သတိပေးစာတွင် လယ်ယာမြေပေါ် ခွင့်ပြုချက်မရဘဲ အဆောက်အအုံ ဆောက်လုပ်ထားခြင်းကြောင့် သတ်မှတ်ရက် (၁၀) ရက်အကြာ ဇူလိုင် (၆) ရက်နေ့ မတိုင်မီ အပြီးဖယ်ရှားပေးရမည်၊ ဆန့်ကျင်ပါက ဥပဒေအရ အရေးယူသွားမည်ဟု ရေးသားထားသည်။

ဖျက်သိမ်း ထွက်ခွာရမည့်အစီအစဉ်အတွက် ရက်အနည်းငယ်သာ အချိန်ပေးသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် နန်းဦးလွင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

“လောလောဆယ် (အိမ်) ဖျက်တာတော့ မရှိသေးဘူး။ အိမ်တော်တော်များများကို မင်အနီသားလိုက်တယ်။ အိမ်ခြေပေါင်း ကိုးထောင်ကျော်လောက် ရှိတယ်” ၎င်းက ပြောသည်။

ဖျက်ရန် မင်နီတားခံရသည့် ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာအုပ်စုမှ နေအိမ်တစ်လုံး။ (ဓာတ်ပုံ-ပေးပို့)

အဆိုပါ နန်းဦးလွင်ကျေးရွာတွင် နေထိုင်သူတို့သည် ရပ်ဝေးနယ်များမှ ပြောင်းရွှေ့လာကြသူများဖြစ်ပြီး မြို့တွင်းရပ်ကွက်များတွင်‌ နေထိုင်ရန် ငွေကြေးမတတ်နိုင်သည့်အတွက် တန်ဖိုးသင့်သည့် အဆိုပါ လယ်မြေများကို အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ ရှေ့မှောက်တွင် မြေပိုင်ရှင်များနှင့် စာချုပ်ချုပ်ဆို၍ အခိုင်အမာ ဝယ်ယူထားသူများဖြစ်ကြပြီး ကျူးကျော်များမဟုတ်ဟု ၎င်းက ဆိုသည်။

“နယ်တွေကနေ အလုပ်လာလုပ်ကြတယ်။ ရေရှည် အိမ်ငှားနေရတာ မိသားစု အဆင်မပြေကြတော့ ရှိတာလေးတွေ စုဆောင်းပြီး ဒီလိုလေး ဝယ်ပြီးတော့မှ အိမ်လေးဆောက်ပြီး နေကြတယ်” ၎င်းက ရှင်းပြသည်။

ထိုနေရာမှ ပြောင်းရွှေ့သွားသူများ ရှိသလို အသနားခံစာတင်၍ အခွန် သို့မဟုတ် ဒဏ်ငွေပေးဆောင်ကာ ရနိုင်မည့် နေထိုင်ခွင့်၊ လျော်ကြေး၊ အစားထိုးမြေကွက်တို့ကို မျှော်လင့်ပြီး ဆက်လက်နေထိုင်သူများလည်း ရှိသည်ဟု သိရသည်။

စစ်ကောင်စီတပ် အိမ်ဖျက်ရာတွင် သုံးသည့် ဘက်ဟိုးမြေကော်စက် ရောက်လာလျှင်လည်း ထိုင်ကြည့်ရုံသာ တတ်နိုင်ကြမည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့ ဘက်ဟိုးနဲ့ လာမှ ကြည့်နေရုံပဲ ရှိတာ။ ဘယ်မှ သွားစရာ နေရာမရှိဘူး။ အဲဒီလိုလေးတွေ အများကြီးပဲ။ ဘာမှ မတတ်နိုင်ကြဘူး” ဟု ၎င်းက ဆိုသည်။

လယ်ယာမြေဥပဒေပုဒ်မ (၁၉) ဃ အရ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ နေထိုင်သည်ဟု ဌာနဆိုင်ရာများက အကြောင်းပြခြင်းမှာ နည်းလမ်းမှန်ကန်ခြင်း မရှိဟု ပုသိမ်ကြီးမြို့ခံတစ်ဦးက ဆိုသည်။

“မေးချင်တာက ဒီနေရာတွေ ရောင်းဝယ်နေချိန်၊ အဆောက်အအုံတွေ ဆောက်နေချိန်က သူတို့ ဘာကြောင့် မတားခဲ့သလဲ။ အခုမှ ပြည်သူတွေကို ဥပဒေနဲ့ ကိုင်ပေါက်ပြီး ဒုက္ခပေးသလဲ” ဟု ၎င်းက မှတ်ချက်ပြုသည်။

“နောက်ပြီး သူတို့ အောက်ခြေမြို့နယ်ဝန်ထမ်းတွေကိုယ်တိုင် လာဘ်စားပြီး ခွင့်ပြုထားပြီး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးတွေနဲ့အတူ လက်မှတ်ထိုး ဝယ်ခဲ့ကြတာတွေပါ။ ခုမှ ဥပဒေမညီဘူးဆိုတော့ ဒါကြီးက ပြည်သူကို ဒုက္ခသက်သက်ပေးတဲ့အကွက်ပါပဲ”

ဇွန် ၂၀ ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ်၊ တိမ်ပြာတန်းရပ်ကွက်၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၈၆ လမ်းမှ ၈၈ လမ်းအထိမှ လူနေအိမ်ခြေ ၅၀ ခန့်ကို ကျူးကျော်အိမ်များဟု ဆိုကာ စစ်သား၊ ရဲ၊ ထွေအုပ်နှင့် အရပ်ဝတ်များ အပါအဝင် အင်အား ၁၀၀ ခန့်က ရောက်လာပြီး နေအိမ်များကို မြေတူးစက် သုံးပြီး ထိုးဖျက်ခဲ့သည်ဟု သိရသည်။

နေအိမ်ဖျက်ဆီးခံရသည့် အသက် ၂၈ နှစ်အရွယ် ကိုသီဟက ၎င်းတို့ စောင့်ကြည့်စစ်ဆေးခံရသေးသည်ဟု ပြောသည်။

“တုတ်တွေကလည်း ကိုင်ထားပြီး ဖျက်တာတွေကို ကြည့်တယ်။ အဖျက်ခံရသူတွေထဲကနေပြီး ပုံရိုက်တာတို့၊ ဖုန်းပြောတာတို့ ရှိလားဆိုပြီး စောင့်ကြည့်တယ်။ ဖုန်းကိုင်ထားသူတွေကို ဖုန်းသိမ်းပြီး စစ်မေးတာတွေ လုပ်တယ်” ဟု ကိုသီဟက ဆိုသည်။

အဆိုပါ နေအိမ်များသည် မီးရထားပိုင်မြေပေါ်တွင် တည်ရှိပြီး နှစ်စဉ် နိုင်ငံတော်အစိုးရကို အခွန်များ ပေးဆောင်ကာ ဆောက်လုပ်နေထိုင်ခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းများသည် ဇန်နဝါရီလကတည်းက ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ သွားရောက်ပြီး နေအိမ်များ ဖျက်ပေးရန် လာရောက်အကြောင်းကြားကြသည်ဟု ဆိုသည်။

အဖျက်မခံလိုပါက အသနားခံစာတင်နိုင်ကြောင်း၊ တစ်အိမ်ထောင်လျှင် ငွေကျပ် သုံးသောင်းစီ ပေးခဲ့ရကြောင်း ကိုသီဟက ပြောသည်။

အဖျက်ခံရသည့် နေအိမ်များတွင် အခစား အဝတ်လျှော်သူများ၊ လမ်းဘေးဈေးသည်များ စသည့် လက်လုပ်လက်စားအများစု နေထိုင်ကြသည်။ ယခုအခါ အဖျက်ခံရသောနေရာ၌ပင် ဆယ်ပေပတ်လည်ခန့် ရှိမည့် အိမ်များ ဆောက်လုပ်နေထိုင်ကြသည်ဟု ဆိုသည်။

“တချို့ကျတော့ ရပ်ကွက်ထဲမှာပဲ အိမ်ပြန်ငှားပြီး နေကြတယ်။ တကယ်လို့ စီမံကိန်းတို့ဘာတို့ ဖြစ်မလာဘူးဆိုရင် ကိုယ့်နေရာလေး ကိုယ်ပြန်ရအောင်ဆိုတဲ့ သဘောနဲ့ အနီးအနားမှာ ငှားနေကြတယ်။ တချို့ကျလည်း ဖျက်သွားတဲ့ နေရာလေးမှာပဲ အမိုးအကာလေးနဲ့ တဲထိုးပြီး ပြန်နေကြတယ်” ဟု ကိုသီဟက ပြောသည်။

မင်နီခတ်ခံရသည့် ပုသိမ်ကြီးမြို့နယ်မှ နေအိမ်တစ်လုံး။ (ဓာတ်ပုံ-ပေးပို့)

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ရှိ နေအိမ်အဆောက်အအုံများစွာသည် စည်ပင်သာယာနယ်နိမိတ်အတွင်း ပါရှိခြင်း၊ လမ်း၊ တံတား၊ ရေမြောင်းတို့နှင့် မလွတ်ကင်းခြင်း စသည့် အကြောင်းပြချက်မျိုးစုံဖြင့် ဖျက်ဆီးခံရသည်။

ဇွန်လအစောပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန် (၁)၊ မန္တလေးမြို့သစ်၊ ကံကြီးကုန်း၊ ဇီးအုပ်ရပ်ကွက်၊ မန္တလေးမြို့ပြင်ရပ်ကွက်များရှိ အိမ်ခြေထောင်ချီ အဖျက်ခံရဖူးသည်။

စစ်ကောင်စီက ယင်းကဲ့သို့ မြို့ပြင်ရပ်ကွက်များကို ပစ်မှတ်ထား၍ နေအိမ်များ ဖျက်ဆီးနေခြင်းသည် ၎င်းတို့ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် မြို့ပြပြောက်ကျားများ ခိုအောင်းနေထိုင်မည်ကို စိုးရိမ်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု မြို့ခံအများအပြားက ယူဆနေကြသည်။

ယခုလအတွင်း မန္တလေးအပါအဝင် တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ထီးဖောင်းကျေးရွာအုပ်စုတွင်လည်း ကျေးရွာ ၄ ရွာ၊ မြို့ရှောင်လမ်း လမ်းဘေးဝဲယာရှိ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများပေါ်တွင် နေအိမ်များ ဆောက်လုပ်နေသည်ဆိုကာ ၁၅ ရက်အတွင်း ဖျက်သိမ်းပေးရန် ဇွန် ၂၂ ရက်စွဲဖြင့် သတိပေးစာများ လာရောက်ကပ်ထားကြသည်ဟု ဒေသခံများထံမှ သိရှိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးရှိ နေအိမ်များ၊ ဆိုင်ခန်းများကို အကြောင်းပြချက်အမျိုးမျိုးဖြင့် အင်အားသုံး ဖယ်ရှားလျက်ရှိရာ အများစုမှာ ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများ၏ ဆင်ခြေဖုံးရပ်ကွက်များတွင် ဖြစ်သည်။

စစ်တပ်နယ်မြေဟု ခေါ်ဆိုနိုင်သည့် မင်္ဂလာဒုံမြို့နယ်တွင်လည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ပျဉ်းမပင်ကျေးရွာအုပ်စုရှိ ရပ်ကွက် ၅ ခုမှ အိမ်ခြေ ၁၀,၀၀၀ ခန့် ၅ ရက်အတွင်း ဖယ်ရှားခံရသည်။

ဒီဇင်ဘာ တတိယပတ်ကလည်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် (၂၂) ရပ်ကွက်အနီး မီးရထားသံလမ်းဘေး နေအိမ်များကို စစ်တပ်က ဖယ်ရှားခိုင်းခဲ့သည်။

ယခုနှစ် မတ်လကုန်ကလည်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှ စျေးဆိုင်ခန်း ၁၀၀ ထက်မနည်းကို ဆိုင်ရှင်များကိုယ်တိုင် ဖျက်ဆီးဖယ်ရှားရန် စစ်ကောင်စီက စေခိုင်းခဲ့သည်။

ယင်းလအတွင်း သာကေတမြို့နယ် သန်လျင်တံတားအဆင်း ရတနာလမ်းပေါ်ရှိ နေအိမ်များကို ကျူးကျော်အိမ်များဖြစ်သည်ဟုဆိုကာ စည်ပင်ဝန်ထမ်း၊ စစ်သားနှင့် ရဲများက မြေတူးစက်ဖြင့် ဖျက်ဆီးခဲ့သလို မန္တလေးတိုင်း မေမြို့ ခေါ် ပြင်ဦးလွင်မြို့တွင်လည်း ရပ်ကွက်နှစ်ခုရှိ စည်ပင်သာယာရေးကော်မတီ တိုက်ခန်းများတွင် ငှားရမ်းနေထိုင်သူများလည်း ဖယ်ရှားခံရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button