နေပြည်တော်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တည်နေသည့် ကျောက်ဆစ်ရုပ်ပွားတော်ရှိရာ မာရဝိဇယ ဗုဒ္ဓဥယျာဉ်အနီးရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ် စုစုပေါင်း ၅၀၀ ကျော် ဖယ်ရှားခံရသည်။
ရန်အောင်မြင်ကြိုးဝိုင်းဧရိယာ သစ်တောမြေတွင် ပါဝင်နေသည်၊ စီမံကိန်းလုပ်ရန်ရှိသည်ဟု အကြောင်းပြ၍ ဒက္ခိဏမြို့နယ်အတွင်းရှိ မာရဝိဇယတောင်ဘက် တစ်မိုင်ကျော် အကွာမှ အိမ်ခြေ ၄၇၉ လုံးရှိသည့် သဲဖြူရွာ၊ ဘုရားသို့ သွားနိုင်သည့် မြို့ပတ်လမ်းတစ်လျှောက်ရှိ ကျူးကျော်တဲ ၁၀၀ ထက်မနည်း ဖျက်သိမ်းခံရခြင်းဖြစ်သည်။
ဇွန် ၁၀ ရက်နေ့တွင် စစ်ကောင်စီ၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) က အိမ်များ တစ်ပတ်အတွင်း ဖယ်ရှားရန် စာပို့ အကြောင်းကြားခဲ့သည်။
ဇွန် ၂၁ ရက်မှစ၍ လေးရက်အတွင်း ထွေအုပ်၊ စည်ပင်၊ ရဲ၊ စစ်သား အင်အား ၁၀၀ ဝန်းကျင်က အထက်ပါ နေရာများကို အပြီးဖျက်သိမ်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။
“ဖျက်တာကတော့ အင်အားနဲ့ပေါ့။ ရုန်းရင်းဆန်ခတ်ကြီးတော့ မဖြစ်ပါဘူး။ ကိုယ်တိုင်လည်း ဖျက်တယ်၊ သူတို့ဘာသာလည်း ဖျက်တယ်” ဟု အသက် ၅၀ ကျော်အရွယ် သဲဖြူရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။
ဖယ်ရှားခံရသူများအနက် လွန်ခဲ့သော နှစ် ၇၀ ကျော်ကတည်းက ထိုနေရာတွင် ဓားမဦးချနေထိုင်ကာ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းသူများ ထူထောင်ထားသည့် သဲဖြူရွာမှာ ဆုံးရှုံးမှုအများဆုံးဖြစ်သည်။ သဲဖြူတွင် လူဦးရေ ၁,၃၀၀ ကျော် နေထိုင်ပြီး ပဉ္စမတန်းအထိ သင်ကြားနိုင်သည့် အမှတ် (၁၁) အခြေခံပညာမူလတန်းလွန်ကျောင်း၊ ရဟန်း ၅ ပါး၊ သာမဏေ ၁၀ ပါး သတင်းသုံးသည့် ဘုန်းတော်ကြီးကျောင်းတို့လည်း ရှိသည်။
အသက် ၅၀ ကျော် သဲဖြူရွာအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် အသက် ၄၀ ကျော် ဒေသခံ အမျိုးသားကို တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာတွင် ၎င်းတို့က ရွာစတည်သည့် ခုနှစ်ကို အတိအကျ မပြောနိုင်ပေ။
သို့သော် ယခု ဖျက်သိမ်းခံရသည့် အစိုးရမူလွန်ကျောင်းမှာ ဘိုးဘွားများလက်ထက် လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်ကတည်းက ကိုယ်ထူကိုယ်ထကျောင်းအဖြစ် ရှိခဲ့ကြောင်း၊ ၂၀၁၄ မတ်လ ၃ ရက်တွင် အစိုးရအခြေခံပညာကျောင်းအဖြစ် တရားဝင် သတ်မှတ်ခံခဲ့ရကြောင်း သဲဖြူရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောသည်။ ဒေသခံအမျိုးသားကလည်း ထိုကျောင်းတွင် သူကိုယ်တိုင် ပညာဆည်းပူးခဲ့ကြောင်း ဆိုသည်။
ဇွန် ၂၄ ရက်တွင် သဲဖြူရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များအားလုံး ဖျက်သိမ်းခံရပြီးဖြစ်သော်လည်း ကျောင်းသူ၊ ကျောင်းသား ၁၃၆ ဦး တက်ရောက်နေသည့် မူလတန်းကျောင်းကိုမူ စစ်ကောင်စီက မဖျက်ဆီးသေးဘဲ ဇွန် ၉ ရက်မှစ၍ ပိတ်သိမ်းထားခဲ့သည်ဟု ထိုသူတို့ထံမှ သိရသည်။
“ကျောင်းသားတွေကို နီးစပ်ရာ ကျောင်းမှာ ထားဖို့ ပြောတယ်။ ကူညီပံ့ပိုးမှုတော့ သူတို့ မပေးနိုင်ဘူးပေါ့ကွာ။ ကျောင်းပြောင်းဖို့ အချိန်နဲ့တစ်ပြေးညီ လုပ်ပေးမယ်တော့ ပြောတယ်။ …. တို့ကလည်း ကလေးပေါက်စနလေးတွေဆိုတော့ (နေရေးထိုင်ရေး) အဆင်က မပြေသေးတော့ မထားရဘူးပေါ့။ လောလောဆယ်တော့ ကလေးတွေက ပညာမဲ့လေးတွေ ဖြစ်နေတာပေါ့” ဟု သဲဖြူရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောသည်။
သဲဖြူရွာမှ ဖျက်သိမ်းခံရသည့် နေအိမ်များအနက် ၁၀၀ ကျော်သည်သာ ဘိုးစဉ်ဘောင်ဆက် နေခဲ့ကြသူများ၏ အခိုင်အခန့် အိုးအိမ်များဖြစ်ကြောင်း၊ ကျန်နေအိမ်များမှာ မူလရွာခံများထံမှ မြေကို ဧရိယာနှင့် ဈေးနှုန်းသင့်သလို သတ်မှတ်ဝယ်ယူနေထိုင်ကြသူများ ပိုင်ဆိုင်သည့် တဲသာသာ အိမ်ငယ်များဖြစ်ကြောင်း ၎င်းက အတည်ပြုသည်။
နေအိမ်ဖျက်သိမ်းခံရသူများမှာ သဲဖြူရွာအတွင်း မိမိတို့ အိုးအိမ်ရှိရာ နေရာတွင်ပင် ဖြစ်သလို နေထိုင်နေရဆဲဖြစ်ကာ မိုးတွင်းကာလဖြစ်၍ နေရေး၊ စားရေး ဒုက္ခကြုံတွေ့နေရသည်ဟု အသက် ၄၀ ကျော် ရွာခံ အမျိုးသားကလည်း ပြောသည်။
“လောလောဆယ်ကတော့ ပစ္စည်းတွေကလည်း ရှိသေးတယ်။ အိမ်တွေကတော့ ဖျက်ကုန်ပြီးပြီ။ တဲထိုးပြီး အဲသလိုပဲ နေနေတာပေါ့။ မိုးတွေကလည်း စွေနေတော့ သွားဖို့လာဖို့ကလည်း အဆင်မပြေဘူး” ဟု ထိုအမျိုးသားက ပြောသည်။
ဖျက်သိမ်းခံရသူများကို လျော်ကြေးပေးရန် သို့မဟုတ် မြေနေရာ အစားထိုးပေးရန် ရှိမရှိ စစ်ကောင်စီကို မေးမြန်းနိုင်ခြင်း မရှိသေးပေ။
“လောလောဆယ် အစီအစဉ်တွေတော့ ဆွဲနေတယ် ပြောတယ်။ ကျွန်တော်တို့ကိုတော့ မပြောသေးဘူး” ဟု သဲဖြူရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောသည်။
စစ်တပ်ခေါင်းဆောင်၏ ဗုဒ္ဓဥယျာဉ်အနီးမှ အိုးအိမ်များ ရွှေ့ပြောင်းခံရခြင်းမှာ လုံခြုံရေး စိုးရိမ်ချက်ကြောင့်ဖြစ်သည်ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။
ဖျက်သိမ်းခံလိုက်ရသည့် သဲဖြူရွာ ဘုန်းတော်ကြီးကျောင်းမှ ရဟန်းတစ်ပါးကမူ “အများစုကလည်း သူအလုပ်နဲ့သူ လုပ်နေကြတာဆိုတော့ တော်လှန်ရေးဘက်လည်း မလုပ်နိုင်ပါဘူး။ လုပ်နိုင်တဲ့သူတွေလည်း မပါပါဘူး။ လုံခြုံရေးအရ ဆိုရင်လည်း မပြောတတ်ပါဘူး။ အဲဒါမျိုးက ရှိလည်း မရှိဘူး” ဟု မိန့်သည်။
စစ်ခေါင်းဆောင်၏ မာရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော်နှင့် ဗုဒ္ဓဥယျာဉ်တော်သို့ သွားနိုင်ရန် ရာဇသင်္ဂဟလမ်းပေါ်မှ သံတမန်ဇုန်ကို ဖြတ်၍ အသစ်ဖောက်လုပ်ထားသည့် စံပယ်လမ်း၊ အမြန်လမ်းဘက်မှ နေပြည်တော်သို့ ဝင်နိုင်ထွက်နိုင်သည့် ရွှေပြည်တော်ဝင်လမ်းနှင့် ချိတ်ဆက်ထားသော မြို့ပတ်လမ်း၊ မြတ်မင်္ဂလာလမ်း အစရှိသော ဘုရားသို့ သွားနိုင်သည့် လမ်းဆုံလမ်းခွများတွင် စစ်ကောင်စီက လုံခြုံရေးဂိတ်များ အခိုင်အမာချကာ လမ်းသွားလမ်းလာများကို တင်းကျပ်စွာ စစ်ဆေးလေ့ရှိသည်။
ထို့အတူ မာရဝိဇယရုပ်ပွားတော်ရှိရာ ပရိဝုဏ်သို့ အများပြည်သူကို ဝင်ခွင့်မပြုသေးဘဲ စစ်ခေါင်းဆောင်များ၊ စစ်ကောင်စီက ဖိတ်ကြားသူများသာ သွားရောက်ခွင့်ရှိသည်။
ပလ္လင်နှင့် ရုပ်ပွားတော် အမြင့်ပေ ၈၀ ကျော် ရှိပြီး ကမ္ဘာ့အကြီးဆုံး စကျင်ဆင်းတုတော်ဟု အာဏာသိမ်းခေါင်းဆောင်က ကြွေးကြော်ထားသည်။ မာရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော်ကို ထုဆစ်ရန် နေပြည်တော်နှင့် မိုင် ၂၀၀ ခန့် ဝေးသည့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်တောင်မှ တန်ချိန် ၈၀၀၀ ကျော်ရှိ ကျောက်တုံးများကို အာဏာမသိမ်းမီ ၇ လကျော်အလို ၂၀၂၀ ဇူလိုင် ၃ ရက်ကတည်းက ယာဉ်၊ ယန္တရား မျိုးစုံသုံး၍ ကုန်းကြောင်း၊ ရေကြောင်းမှ သယ်ယူပြီး လုပ်ငန်းစတင်ခြင်းဖြစ်သည်။
ယမန်နေ့ ဇွန် ၂၉ ရက်ကပင် နေပြည်တော်ရှိ မာရဝိဇယသို့ နာမည်ကျော် စီးပွားရေးသမားများကို အာဏာသိမ်းခေါင်းဆောင်က ခေါ်၍ ဘုရားအကြောင်း ရှင်းပြခဲ့သေးသည်။ ထိုတွေ့ဆုံပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုဖြင့် စွပ်စွဲသည့် မောင်ဝိတ်ကိုပါ တွေ့ရသည်။ စီးပွားရေးသမားများနှင့် အဆိုပါ တွေ့ဆုံမှုအတွင်း ဘုရားအတွက် အလှူငွေ ၁၆ ဒသမ ၁၇၇ ဘီလျံ ရသည်ဟု စစ်ကောင်စီက ပြောထားသည်။
အရပ်သားအစိုးရများ နိုင်ငံရေးအရ လက်ရှောင်ခဲ့ကြသည့် ကျူးကျော်နေထိုင်သူများကို ၎င်းတို့ လက်ထက်တွင် ရှင်းလင်းမည်ဟု အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရံဖန်ရံခါ ပြောလေ့ရှိသည်၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများတွင် အိုးအိမ်ဖျက်သိမ်းခံရမှုများလည်း မကြာခဏ ပေါ်ပေါက်နေသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)