အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လုံခြုံရေးကြောင့် ပလက်ဝတွင် အစိုးရဝန်ထမ်း ၂၀၀ကျော် နုတ်ထွက်စာတင်ထားဟု ချင်းအစိုးရပြော

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လုံခြုံရေးအခြေအနေကြောင့် အစိုးရဝန်ထမ်း ၂၁၀ ကျော်က နုတ်ထွက်စာတင်ထားသည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ကဆိုသည်။

၂၀၁၉ ခုနှစ် ကုန်ဆုံးခါနီး နောက်ပိုင်းလများအတွင်း နုတ်ထွက်လိုသူ ၂၀၆ ဦးအထိ ရှိခဲ့ပြီး ၂၀၂၀ နှစ်စတွင် နောက်ထပ်နုတ်ထွက်လိုသူ ပညာရေးဝန်ထမ်း ၅ ဦး ရှိသည်ဟု ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်က Myanmar Now ကို ပြောသည်။

ယင်းအပြင် AAအဖွဲ့၏ ခြိမ်းခြောက်ခံထားရသည့် အစိုးရဝန်ထမ်းနှင့် အရပ်သားမှာ စုစုပေါင်း ၁၈၀ ခန့် ရှိနေကြောင်းလည်း ၎င်းကဆိုသည်။

သို့သော် AA၏ ပြောခွင့်ရအရာရှိ ခိုင်သုခကတော့ အစိုးရဝန်ထမ်းများနှင့် ဒေသခံများအား ခြိမ်းခြောက်သည်ဆိုသည့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ စွပ်စွဲချက်ကို ပယ်ချသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျွန်တော်တို့က စစ်ဘက်နဲ့ မပတ်သက်သူဟူသမျှကို ဘယ်သူ့ကိုမှ ခြိမ်းခြောက်မှုတွေလုပ်တယ်ဆိုတာ မရှိပါဘူး” ဟု ခိုင်သုခက ဆိုသည်။

လတ်တလောနုတ်ထွက်စာတင်ထားသူ ၅ ဦးမှာ မူလတန်းပြကျောင်းဆရာများဖြစ်ပြီး ယခင်က နုတ်ထွက်စာတင်ထားသူများတွင်လည်း ပညာရေးဝန်ထမ်းအများစု ပါဝင်နေသည့်အတွက် စာသင်ကျောင်းများစွာ ပိတ်ထားရကြောင်းလည်း ဦးစိုးထက်က ပြောသည်။

“မြို့ပေါ်မှာတောင် လုံခြုံမှုမရှိတော့ နယ်ဘက်ဆိုတော့ ပိုဆိုးတာပေါ့။ မနေရဲတော့ဘူး၊ မသွားရဲတော့ဘူး” ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် ပလက်ဝမြို့နယ်အတွင်း အသက်အန္တရာယ်ခြိမ်းခြောက်ခံရသည့်ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေပြီး AAအဖွဲ့၏ ခြိမ်းခြောက်ခံရသူ ၁၈၀ ကျော်တွင် အစိုးရဝန်ထမ်းများပါဝင်သလို စစ်တပ်သတင်းပေးဟု AAကယူဆသည့် သာမန်ဒေသခံများလည်း ပါဝင်ကြောင်း ဦးစိုးထက်က ပြောသော်လည်း မည်သို့ခြိမ်းခြောက်ကြောင်းကိုတော့ မဖြေကြားခဲ့ပါ။

ခြိမ်းခြောက်ခံရသူအများစုနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး အတော်များများမှာ ၎င်းတို့၏ ကျေးရွာများကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ၎င်းက ဆက်လက်ပြောသည်။

AA ပြောခွင့်ရ ခိုင်သုခကမူ တိုက်ပွဲများဖြစ်ပွားနေသည့် အတွက် လုံခြုံရေးအရစိုးရိမ်ပြီး နေရပ်စွန့်ခွာကြသည်မှာ သဘာဝကျပြီး ထို့သို့စွန့်ခွာရမှုအတွက် ၎င်းတို့ကိုအပြစ်မတင်သင့်ဘဲ တပ်မတော်၏ ထိုးစစ်များကိုရပ်တန့်ရန်သာ ပြောသင့်ကြောင်းဆိုသည်။

ပလက်ဝနှင့် ကျောက်တော်အကြား ဒေသများသည် ရက္ခိုင့်တပ်တော် AA လှုပ်ရှားနေသည့် နေရာများဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှ စက်တင်ဘာ ၁၄ အထိ ပလက်ဝမြို့နယ်မှ လူ ၈၂ ဦးကို AA က ဖမ်းသွားခဲ့ပြီး ပြန်မလွှတ်သေးဟု အောက်တိုဘာ ၃၁ တွင် သမ္မတရုံးက သတင်းထုတ်ပြန်သည်။

ထို့အပြင် ၂၀၁၉ နိုဝင်ဘာ ၃ ရက်က ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို အိန္ဒိယနိုင်ငံသား ၅ ဦး၊ စက်လှေသမားများအပါအဝင် စုစုပေါင်း ၁၀ ဦးကို AA က ဖမ်းဆီးသွားခဲ့ပြီး ဦးဝှေ့တင်းမှလွဲ၍ ကျန်သည့်သူများကိုပြန်လွှတ်ပေးခဲ့သည်။

ဇန်နဝါရီ ၂၁ ရက်တွင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ဟု ဆိုကာ ဦးဝှေ့တင်းကို ပြန်လွှတ်ပေးခဲ့သည်။

ပလက်ဝမြို့ပေါ်တွင် တပ်တော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကင်းလှည့်ခြင်းများ ရှိနေသော်လည်း လုံခြုံရေးအရ စိုးရိမ်နေရဆဲဖြစ်ကြောင်း ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုးအောင်က ပြောသည်။

ပလက်ဝမြို့နယ်သည် ၂၀၁၉ နိုဝင်ဘာ ၉ ရက်မှစ၍ နှစ်လကြာမည့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မြို့ဖြစ်ပြီး နှစ်လပြည့်သည့် ဇန်နဝါရီ ၉ ရက်တွင် နောက်ထပ် သက်တမ်းနှစ်လ ထပ်မံတိုးမြှင့်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles