သတင်း

အဂတိမှုဖြင့် တရားစွဲထားသော FDA ညွှန်ချုပ်ဟောင်းအမှု အထူးအယူခံခွင့်တောင်းခံ

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာသန်းထွဋ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားစွဲဆိုထားရာတွင် တရားရုံးက အမှုတစ်ခုအတွက်သာ စွဲချက်တင်ခဲ့၍ တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သည့် ဥပဒေအရာရှိက အထူးအယူခံခွင့် တောင်းခံထားသည်။

ဒေါက်တာသန်းထွဋ်သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ အဆောက်အအုံအချို့ ဆောက်လုပ်ရန် တင်ဒါအောင်မြင်သည့် ပြည်တွင်းကုမ္ပဏီ တစ်ခုထံမှ လာဘ်အဖြစ် နေပြည်တော် ရွာသစ်နှင့် ရွှေကြာပင် တို့ရှိ ၎င်းပိုင် မြေကွက်နှစ်ကွက်ပေါ်တွင် ကျပ်သိန်း ၁၅၀၀ ကျော်နှင့်ညီမျှသော အဆောက်အအုံများ ဆောက်လုပ်စေခဲ့သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ၂၀၁၈ ခုနှစ် ဧပြီလအတွင်း ထုတ်ပြန်ကာ အမှုဖွင့်ခဲ့သည်။

သက်သေ စုစုပေါင်း ၃၄ ယောက်ကို စစ်ဆေးပြီးနောက် နေပြည်တော်၊ ရွှေကြာပင်တွင် ရှိသည့် အိမ်နှင့် အိမ်အသုံးအဆောင် ပစ္စည်းများအတွက် လေလံအောင်ကုမ္ပဏီထံမှ အဂတိလိုက်စားခဲ့သည်ဆိုသော စွဲချက်ကို လက်ခံစစ်ဆေးရန် မန္တလေးတိုင်းတရားလွှတ်တော်က ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု FDAညွှန်ချုပ်ဟောင်း ဒေါက်တာသန်းထွဋ်၏ရှေ့နေ ဦးချစ်ကိုကိုက ဆိုသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးတွေ့ရှိချက်များအနက် နေပြည်တော် ရွှေကြာပင်တွင် အဆောက်အအုံဆောက်သည်ဆိုသော အချက်ကိုသာ တိုင်းတရားလွှတ်တော်က စွဲချက်တင်ခဲ့သဖြင့် တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သည့် ဥပဒေအရာရှိက စွဲချက်အမိန့်ကို ပြင်ဆင်ပေးရန် အထက်ရုံးသို့ အယူခံဝင်ခဲ့သည်။

သို့သော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကလည်း ထပ်မံပယ်ချခဲ့သဖြင့် အထူးအယူခံခွင့် တောင်းဆိုထားခြင်းဖြစ်ပြီး အထူးအယူခံ ခွင့်ပြုမပြု ဆိုသည်ကို ပြည်ထောင်စု တရားသူကြီးချုပ်က ဖွဲ့စည်းပေးသည့် အထူးခုံရုံးက စစ်ဆေးစီရင်မည်ဖြစ်သည်။

မန္တလေးတိုင်းတရားရုံးမှ သတင်းနှင့်ပြန်ကြားရေးအရာရှိ ဦးမြင့်ဆန်းကလည်း အဆိုပါအမိန့်တွင် စွပ်စွဲချက်နှစ်ခုလုံး မပါဝင်သည့်အတွက် ဥပဒေအရာရှိမှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အထူးအယူခံခွင့် လျှောက်ထားခြင်းဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။

ယင်းနှင့်ပတ်သက်၍ ဒေါက်တာသန်းထွဋ်၏ရှေ့နေ ဦးချစ်ကိုကိုက အမှုမပြီးသေးဘဲနဲ့ အမိန့်မချသေးဘဲနဲ့ အထူးအယူခံတက်လို့မရဘူး၊ ထုံစံလည်းမရှိဘူး၊ ဥပဒေလည်းမရှိဘူး၊ အချုပ်ကြီးနဲ့ဆိုတော့ မစစ်ဖြစ်တော့ သက်သက်မဲ့ နစ်နာတာပေါ့ဟု ပြောဆိုသည်။

ယခုတွင် အမှုမှာ လေးလကြာမြင့်သည်အထိ မစစ်ဆေးဖြစ်သဖြင့် ၎င်းအနေဖြင့် နစ်နာနေကြောင်း ဒေါက်တာသန်းထွဋ်ကလည်း ပြောသည်။

အငြိမ်းစား ဗိုလ်မှူးလည်းဖြစ်သည့် ဒေါက်တာသန်းထွဋ်သည် ၎င်း၏လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြုနေကြောင်း တိုင်ကြားခံခဲ့ရပြီးနောက် ၂၀၁၇ ခုနှစ် ဧပြီလကတည်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ညွှန်ချုပ်ဟောင်းသည် ၎င်းပိုင်ဆိုင်သည့် မြေကွက်များပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ရန်အတွက် ကျပ်သိန်း ၁၅၀၀ ကျော်ကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီထံမှ ၂၀၁၇ ခုနှစ်အတွင်းက တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ၂၀၁၈ ခုနှစ် ဧပြီလက သတင်းထုတ်ပြန်ခဲ့သည်။

ယင်းကြောင့် အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ရဲစခန်းတွင် အမှုဖွင့်လိုက်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

Show More

Related Articles

Back to top button