
ဒဂုံတက္ကသိုလ်၏ အဓိကလမ်းမကြီးများ အချိန်တိုအတွင်းပျက်စီးခြင်းအတွက် တာဝန်ရှိသူများကို တိုင်းအစိုးရက အရေးယူပေးရန်နှင့် ငါးရက်အတွင်း အကြောင်းပြန်မပေးပါက ယခုထက်ပြင်းထန်သည့် ပုံစံဖြင့် ထပ်မံတောင်းဆိုသွားမည်ဟု တက္ကသိုလ်၏ ဆရာများသမဂ္ဂနှင့် ကျောင်းသားများသမဂ္ဂတို့က တောင်းဆိုလိုက်သည်။
ယင်းတက္ကသိုလ်တွင် ကြာသပတေးနေ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ကျောင်းသားများ နှစ်နှစ်ကျော်ကြာ တောင်းဆိုခဲ့သည့် တောင်ဒဂုံမြို့နယ်မှ ဒဂုံတက္ကသိုလ်သို့ တိုက်ရိုက်ယာဉ်လိုင်း အမြန်ဆုံး ပြေးဆွဲပေးရန်နှင့် ကျောင်းတွင်း အခြေခံအဆောက်အအုံစီမံကိန်းများတွင် တင်ဒါကိစ္စ ပွင့်လင်းမြင်သာမှုရှိရန်တို့ကိုလည်း ထပ်မံတောင်းဆိုခဲ့သည်။
ဒဂုံတက္ကသိုလ် တော်ဝင်လမ်းမှာ ပလက်ဖောင်းများ ကျွံဆင်းနေကာ လမ်းအက်ကွဲကြောင်းများ ဖြစ်ပေါ်နေကြောင်း၊ ဗိုလ်မှူးဗထူးလမ်းမှာ အက်ကွဲကြောင်းများအပြင် လမ်းအမှတ်အသားများ မရှိသောကြောင့် လမ်းစတင်အသုံးပြုသည့်အချိန်မှ နှစ်လအတွင်း ယာဉ်မတော်တဆမှုဖြင့် လူနှစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ကျောင်းသားများသမဂ္ဂ ကိုယ်စားလှယ်များက ပြောသည်။
“ကျောင်းတွင်းလမ်းများ ယိုယွင်းပျက်စီးနေတာကို တာဝန်ရှိသူတွေကို စိစစ်အရေးယူပေးပြီးတော့ ဒီလမ်းတွေကို ပြန်ခင်းပေးဖို့ တိုင်းအစိုးရကို သတင်းစာရှင်းလင်းပွဲကနေ တောင်းဆိုတယ်” ဟု ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုသန်းဇော်ဦးကပြောသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တော်ဝင်လမ်း၏ အရှည် ပေ ၁၀,၅၀၀ ကျော်ကို ငွေကျပ် သိန်း ၄,၅၀၀ ကျော် သုံးစွဲပြုပြင်ခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ပြုပြင်ခဲ့သည့် အရှည် ပေ ၃,၅၀၀ ခန့်ရှိ ဗိုလ်မှူးဗထူးလမ်းမှာ သက်တမ်း ၅ လသာ ရှိသေးသည်ဟု ယင်းတက္ကသိုလ် ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဦးလှမျိုးက မီဒီယာများကို ပြောသည်။
“အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံနဲ့ လုပ်ထားတဲ့လမ်းတွေဟာ အင်မတန် အရည်အသွေးကျနေတယ်။ သိန်းထောင်ချီကုန်တဲ့လမ်းဟာ တစ်နှစ်ခွဲလောက်နဲ့ ပျက်စီးရတယ်ဆိုရင် နိုင်ငံတော်ဘတ်ဂျက်ဟာ အဟောသိကံ ဖြစ်ပါတယ်” ဟု ၎င်းကဆက်ပြောသည်။
၎င်းအပြင် လမ်းများမှာ ပညာရေးဝန်ကြီးဌာနမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဌာနကို တာဝန်ပေးထားခြင်းဖြစ်ပြီး အစိုးရက တာဝန်ယူခင်းခြင်းဖြစ်သည့်အတွက် အရည်အသွေးစစ်ဆေးမှုပိုင်း အားနည်းနိုင်ပြီး တင်ဒါခေါ်ပြီး ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို အပ်သင့်ကြောင်း ၎င်းကပြောသည်။
အဆိုပါလမ်းများပေါ်တွင် YBS ယာဉ်လိုင်းများ တစ်နေ့အစီး ၅၀၀ ခန့်၊ တစ်စီးလျှင် တစ်နေ့လေးခါ စုစုပေါင်း အခေါက်ရေ ၂၀,၀၀ ခန့် ဖြတ်သန်းနေသဖြင့် လမ်းများ အချိန်တိုအတွင်း ပျက်စီးရသည်ဟု ဒဂုံတက္ကသိုလ်လက်အောက်ရှိ အင်ဂျင်နီယာဌာနမှ ဌာနမှူး အင်ဂျင်နီယာ ဦးချစ်ကိုကို က Myanmar Now ကို ဖုန်းဖြင့် ပြောသည်။
“ဘယ်တက္ကသိုလ်မှာမှ ဘတ်စကားလိုင်းတွေ ဥဒဟို မပြေးပါဘူး၊ ကျောင်းထဲမှာ လမ်းကောင်းတော့ ကောင်းသလိုမောင်းတယ် နင်းကန်ပြီးမောင်းတယ် အဲဒီတော့ ဒီလမ်းဟာ ဘယ်လိုမှ မခံနိုင်ဘူး” ဟု ၎င်းကပြောသည်။
အဆိုပါလမ်းများကို ပညာရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်း အသုံးစရိတ်မှ သုံးစွဲခြင်းဖြစ်ကာ ပေးထားသည့် ဘတ်ဂျက်ဖြင့် ၉ လက်မအထူ ခင်းထားပြီး ငွေပိုသုံးစွဲထားခြင်းမရှိကြောင်း၊ လက်ရှိတွင်လည်း ဗိုလ်မှူးဗထူးလမ်းကို စတင်ပြုပြင်နေပြီဟု ၎င်းက ဆိုသည်။
လမ်းများ အရည်အသွေးမပြည့်မီမှုအပေါ် တာဝန်ရှိသူများကို ပြင်းထန်စွာအရေးယူပေးရန်နှင့် လမ်းပြန်ခင်းပေးရန် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပညာရေးဝန်ကြီးဌာနအား စာဖြင့် တောင်းဆိုခဲ့သည်။
ပျက်စီးနေသည့်လမ်းပိုင်းများ ပြုပြင်ရာတွင် တက္ကသိုလ်က ရန်ကုန်မြို့တော်စည်ပင်ထံ အကြောင်းကြားရန် ပညာရေးဝန်ကြီးဌာနက ယခုနှစ် ဇန်နဝါရီ ၈ ရက်တွင် အကြောင်းပြန်ခဲ့သည်။
ဒဂုံတက္ကသိုလ်တွင် အဝေးသင်ကျောင်းသား ၂၈၀၀၀ ခန့်နှင့် နေ့ကျောင်းသား ၄၀၀၀၀ ကျော် ပညာသင်ယူနေကြောင်း ကျောင်းသားများသမဂ္ဂက ပြောသည်။