အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမ်းမြို့နယ်ရှိ အရှိုချင်း တိုင်းရင်းသား ၃၀၀ ကျော် မြို့ပေါ်မှာပင် အခြေချလို

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ကျေးရွာများမှ အမ်းမြို့ပေါ်သို့ စစ်ဘေးရှောင်လာကြသည့် အရှိုချင်းတိုင်းရင်းသား ၃၀၀ ကျော်သည် ၎င်းတို့၏ ကျေးရွာများသို့ မပြန်ရဲကြတော့ဘဲ မြို့ပေါ်မှာပင် အခြေချရန်ဆုံးဖြတ်ထားကြသည်ဟု အမ်းမြို့နယ် စစ်ဘေးရှောင်များကူညီကယ်ဆယ်ရေး ကော်မတီအဖွဲ့ဝင်က Myanmar Now ကို ပြောသည်။

အမ်းမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲများကြောင့် အမ်းမြို့အနောက်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် ကျေးရွာပေါင်း ၉ ရွာခန့်က စစ်ရှောင် လူဦးရေ ၄၀၀ ဝန်းကျင်ခန့်သည်ပြီးခဲ့သည့် တစ်ပတ်ခန့်မှစ၍ အမ်းမြို့ပေါ်သို့ ရွှေ့ပြောင်းလာကြခြင်းဖြစ်သည်။

ပြောင်းရွှေ့လာသူများအနက် စစ်ရှောင် ၁၀၀ ခန့်သည် မကွေးတိုင်း ငဖဲမြို့နယ်သို့ ပြောင်းရွှေ့သွားခဲ့ကြပြီး ကျန်သည့်စစ်ရှောင်များလည်း မကွေးတိုင်းသို့ ပြောင်းရွှေရန် ပြင်ဆင်နေသည်ဟု သိရသည်။

“အများစုပေါ့၊ အားလုံးနီးပါးက သူတို့ရွာကို မပြန်ချင်ကြတော့ဘူး။ ဟိုမှာ လုပ်ကိုင်စားသောက်လို့ အဆင်မပြေမှာ သူတို့ စိုးရိမ်နေကြတယ်” ဟု စစ်ရှောင်များ ကူညီကယ်ဆယ်ရေး ကော်မတီအဖွဲ့ဝင် ဦးသန်းချိုက Myanmar Now ကိုပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြောင်းရွှေ့လာကြသူများမှာ အမ်းမြို့အနောက်ဘက်ရှိ ရှမ်းကုန်း၊ အရိုးတောင်၊ နှမ်းချောင်း၊ ရွာဟောင်း၊ မဲလက်မောင်း၊ ခမောင်းတော၊ ကြိမ်ချောင်း၊ မဲတောင်ချေ နှင့် အုန်းတယ်ချောင်းရွာတို့မှ ဖြစ်ကြသည်။

အမ်းမြို့ပေါ်ရှိ ရပ်ကွက်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ချင်းတိုင်းရင်းသားနေအိမ်များတွင် အဆင်ပြေသလို နေရာချထားသည့် စစ်ရှောင်အရေအတွက် ၃၈၀ ကျော်ရှိနေပြီး အရပ်ဘက်အဖွဲ့အစည်းအချို့၏ ကူညီမှုနှင့် လတ်တလော စားရေးသောက်ရေး ဖြေရှင်းနေရသည်ဟု ကူညီသူများက ဆိုသည်။

အမ်းမြို့၏ အနောက်ဘက် ဒလက်ကျေးရွာအုပ်စု ရွာဟောင်းမှ ပြောင်းရွှေ့လာသည့် ချင်းတိုင်းရင်းသား ကိုမောင်ခိုင်က ၎င်း၏ စားသောက်နေထိုင်ရန် ခက်ခဲလာသည့်အတွက် ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟု ပြောသည်။

“မျှစ်ချိုး၊ ဝါးခုတ်လုပ်ဖို့တောင် တောထဲ မဝင်ရဲဘူးဖြစ်နေတယ်။ ကလေးတွေအများကြီးနဲ့ ဆက်နေဖို့ မဖြစ်နိုင်ဘူးလေ၊ တိုက်ပွဲတွေမဖြစ်လည်း မပြန်တော့ဘူး” ဟု ကိုမောင်ခိုင်က ဆိုသည်။

အသက် ၁ လမှ ကိုးနှစ်အရွယ် အထိရှိသည့် သားသမီး လေးဦး ရှိနေသောကြောင့် ၎င်းတို့၏ ပညာရေးအတွက်လည်း စိတ်ပူရသည့်အတွက် အမ်းမြို့ပေါ်တွင် နေထိုင်ရန် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

၂၀၁၈ နိုဝင်ဘာလမှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်လာခဲ့ပြီး အမ်းမြို့နယ်ဘက်တွင် ကျန်ခဲ့သည့် ၃ လခန့်မှစ၍ တိုက်ပွဲများ ကူးစက်လာခဲ့သည်။

အမ်းမြို့နယ်သည် ရခိုင်ပြည်နယ်တွင် ချင်းတိုင်းရင်းသားအများဆုံး နေထိုင်ကြသည့် မြို့နယ်ဖြစ်ပြီး အများစုမှာ အရှိုချင်းများဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles