အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဝန်ထမ်းလစာများ ရသေ့တောင်တွင် လုယက်ခံရ၊ ရဲနှစ်ဦးကို ဖမ်းခေါ်သွားဟု အမတ်ဆို

ဒေသခံအစိုးရဝန်ထမ်းများ၏ လစာများ လာရောက်ထုတ်ယူသည့် ရဲဝန်ထမ်းလေးဦးကို မည်သူမည်ဝါမှန်းမသိရသေးသူ လူတစ်စုက ကြားဖြတ်ကာ လစာများလုယူပြီး ရဲနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်တစ်ခု ရသေ့တောင်မြို့နယ်အတွင်း ယနေ့နံနက်က ဖြစ်ပွားခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ချွတ်ပြင်ကျေးရွာ ‘သဇင်’ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးနှင့် ရဲဝန်ထမ်းသုံးဦးတို့သည် ၅မိုင် ခန့်အကွာရှိ စေတီပြင် နယ်ခြားစောင့်ရဲစခန်းသို့ ဝန်ထမ်းလစာများ လာရောက်ထုတ်ပြီးနောက် အပြန်လမ်းတွင် ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက Myanmar Now ကို ယနေ့ မွန်းလွဲ ၁ နာရီခန့်က ပြောသည်။

လုယူခံလိုက်ရသည့် ငွေပမာဏ၊ ဖြစ်ပွားခဲ့ချိန်အတိအကျနှင့် မည်သည့်ဌာနမှ ဝန်ထမ်းများဖြစ်သည်ကို လတ်တလော မသိရသေးပါ။ ဝန်ထမ်း ၆၀ ကျော်တို့၏ လစာများ လုယူခံရခြင်းဖြစ်သည်ဟု Myanmar Now က စုံစမ်းသိရှိထားသည်။

“ပိုက်ဆံတွေ ဘယ်လိုပါသွားလဲဆိုတာတော့ အတိအကျမသိရသေးဘူး” ဟု စေတီပြင် ကျေးရွာသားတစ်ဦးက ပေးပို့သည့် သတင်းကို အခြေခံ၍ ဒေါ်ခင်စောဝေက ပြောသည်။

ထို့ပြင် “ချွတ်ပြင်နဲ့ စေတီပြင်ကို သွားတဲ့ လမ်းဘေးမှာ အဖမ်းခံရတာလို့ပြောတယ်။ နေရာတော့ အတိအကျမသိဘူး။ အဲဒီလမ်းမှာ လူပြတ်တဲ့နေရာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

စေတီပြင်နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို Myanmar Now အနေဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာ “အဲဒါက နယ်ခြားစောင့်တပ်အပိုင် နယ်မြေထဲမှာ ဖြစ်တာ။ ကျွန်တော်တို့နယ်မြေထဲမှာ မဟုတ်ဘူး” ဟု တာဝန်ကျဝန်ထမ်းဟု ဆိုသူတစ်ဦးက ဖြေသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို ဆက်သွယ်သော်လည်း ဖုန်းဖြေဆိုမှုမရှိပါ။

ရသေ့တောင်မြို့နယ်အတွင်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးပျောက်ဆုံးမှုအကြောင်းကို မကြားသိရသေးပါဟု အဆိုပါဒေသတွင် တပ်မတော်နှင့်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် ရက္ခိုင့်တပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

အလားတူ ယမန်နှစ် နိုဝင်ဘာ ၂၆ ရက်က ကျောက်တော်မြို့တွင် မြန်မာ့စီးပွားရေးဘဏ်မှ တစ်ဖာလုံခန့်ဝေးသည့် ရဲစခန်းသို့ ငွေကျပ်သိန်း ၂၀၀၀ ကျော်ပါသည့် သေတ္တာနှစ်လုံးကို ဆိုက်ကားဖြင့် သယ်ယူပို့ဆောင်စဉ် လမ်း၌ လုယူခံရမှု ဖြစ်ပွားခဲ့ဖူးသေးသည်။

လုယူသူနှစ်ဦးသည် မျက်နှာဖုံးစွပ်ထားပြီး တိုက်ခိုက်လုယူခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button