
Myanmar Now က Microfinance (MF) အသေးစားငွေစုငွေချေး လုပ်ငန်းကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ်ရေးတာ ဖတ်လိုက်ရပါတယ်၊ ဒီ ငွေစုငွေချေး လုပ်ငန်းတွေဟာ အလုပ်ဖြစ်မနေဘူး၊ အကြွေးပေါ်အကြွေးထပ် အကြွေးလည်ပင်းနစ်နေတာပဲလို့ ဆိုလိုချင်ပုံရပါတယ်။ ဒါကိုပြန်လှန်မဆွေးနွေးခင် MF ရဲ့ သဘောသဘာဝကို ပြောဖို့လိုမယ်ထင်ပါတယ်။
MF ဟာ ပေါင်နှံစရာ အိမ်၊ မြေ၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းရှိမှ ဘဏ်ချေးငွေရမယ်ဆိုတဲ့ စီးပွားရေး လုပ်ထုံးလုပ်နည်းကို ဆန့်ကျင်ပြီး ကြိုးစားအလုပ်လုပ်ကိုင်သူတိုင်း လိုအပ်တဲ့ငွေကြေးအရင်းအနှီး ရရှိရေး ခေတ်ပြောင်းတော်လှန်ရေးကို ဆင်နွှဲတာဖြစ်ပါတယ်။
ဘဏ်တွေဟာ အပေါင်ခံပြီးငွေထုတ်ချေးပေမဲ့ ချေးငှားသူတွေက ပြန်ဆပ်တဲ့နှုန်းဟာ ထုတ်ချေးငွေရဲ့ သုံးပုံတစ်ပုံပဲရှိပါတယ်။ MF ရဲ့ ခေါင်းကိုင်ဆရာကြီးဖြစ်တဲ့ ပရော်ဖက်ဆာ ယူနွတ်ရဲ့ ဂရမ်မင်းဘဏ်မှာ ၉၇ ရာခိုင်နှုန်း ရှိပါတယ်။ ယူနွတ်ဟာ စစ်တကောင်း တက္ကသိုလ်မှာ စာသင်နေစဉ်ကတည်းက သူ့ရှိတဲ့ ငွေလေးနည်းနည်းနဲ့ သူရဲ့ လူမှုအရင်းအနှီး social capital အယူအဆကို စမ်းသပ်အကောင်အထည်ဖော် လက်တွေ့ပြခဲ့တာဖြစ်ပါတယ်။ လူတွေရဲ့ အလုပ်ကြိုးစားလိုမှု၊ စည်းစနစ်ကျနမှု၊ အပြန်အလှန်တာဝန်ယူမှုတွေကို ပြုစုပျိုးထောင်ပေးခြင်းအားဖြင့် လူတိုင်းဟာ စီးပွားရေးအရင်းအမြစ်တွေကို လက်လှမ်းမီရယူနိုင်စွမ်းရှိရမယ်ဆိုတာကို သူက စိန်ခေါ်ခဲ့တာပါ။ ဒါကြောင့် သူတီထွင်တဲ့ MF model မှာ လူတွေဟာ နှစ်ပတ်တစ်ခါ စုဝေးကြတယ်၊ ငွေစုကြတယ်၊ စနစ်တကျ ငွေစုမှတ်တမ်းတွေကို ပြုစုကြတယ်။ လူမှုဘဝတိုးတက်ရာတိုးတက်ကြောင်းတွေ ဆွေးနွေးကြတယ်၊ ဒီလို အလေ့အကျင့် အနည်းဆုံး ခြောက်လလောက် ထူထောင်ပြီးမှ ယူနွတ်က ငွေစပြီး အဲဒီအစုအဖွဲ့ကို ငွေစပေးတယ်။ အဖွဲ့က ရတဲ့ငွေကို ဦးစားပေးစနစ်သတ်မှတ်ပြီး အဖွဲ့ဝင်တွေကို အလှည့်ကျချေးတယ်၊ ပထမချေးတဲ့သူတွေ ပြန်ပေးမှ နောက်လူတွေ ချေးလို့ရတယ်၊ ပြန်မဆပ်ရင် ကျန်တဲ့သူတွေက တာဝန်ခံပြန်ဆပ်ရတယ်။ နဂိုကတည်းက ပြန်မဆပ်နိုင်ဘူးထင်ရင် အဖွဲ့ထဲ အဝင်မခံနဲ့ တစ်ခါတည်း ဝိုင်းကြီးချုပ်စနစ်နဲ့ အာမခံခိုင်းထားတယ်။ ငွေပြန်ဆပ်တာကလည်း အရစ်ကျ ပြန်ဆပ်တာဖြစ်တယ်၊ စုငွေရယ် ဆပ်ငွေရယ်ပေါင်းပြီး မချေးရသေးတဲ့ နောက်လူကို ထုတ်ချေးပေးတယ်။
ဒီစနစ်ကငွေချေးပေးရေးထက် လူတွေရဲ့ စွမ်းရည်နဲ့ ညီညွတ်မျှတမှု ပူးပေါင်းလုပ်ဆောင်မှု အလေ့အကျင့်တွေကို အဓိက လေ့ကျင့်ပျိုးထောင်ပေးရေးက ပို ပဓာန ကျပါတယ်။ ဒီလိုအလေ့အကျင့်ရှိသွားရင် အဲ့ဒီ့လူ့အဖွဲ့အစည်းဟာ ငွေပြန်မဆပ်မှာ ပူစရာမလိုတော့သလို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ ဆက်လုပ်ကိုင်ဖို့ အခြေအနေကောင်းတွေ အများကြီး ဖန်တီးပြီးသားဖြစ်သွားမှာပါ။ ဘင်္ဂလားဒေ့ရှ်ဟာ ဒီကနေ့ ကမ္ဘာ့စီးပွားရေးတိုးတက်မှု အဆင့်အနေနဲ့ အဆင့် ၁၅ မှာ ရှိနေပါတယ်။ ဆင်းရဲနွမ်းပါးသူ အများအပြားရှိနေသေးပေမဲ့ ဆင်းရဲမှုနှုန်းဟာ တန့်သွားနေပါတယ်။ အဓိက ကတော့ ၁၉၈၀ ကျော်လောက်ကတည်း ကစခဲ့တဲ့ MF တွေရဲ့ အကျိုးသက်ရောက်မှုတွေ အများကြီးပါပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတာကတော့ အထက်ကရေးခဲ့သလို လူတွေရဲ့ အလေ့အကျင့်ကောင်းတွေ ပြုစုပေးနိုင်ခြင်းမရှိသေးဘဲ ငွေထုတ်ချေးပေးမှုကြောင့် ငွေအလွယ်တကူယူ သုံးတာထက် ဖြုန်းနေတာတွေများနေတာပါ။ MF လုပ်တဲ့ အဖွဲ့အစည်းတွေ အထူးသဖြင့် ဦးသိန်းစိန်နောက်ပိုင်း ငါးပွက်ရာငါးစာချ ဝင်ရောက်လာတဲ့ စီးပွားဖြစ်လုပ်ကိုင်လာတဲ့ MF ကုမ္ပဏီတွေဟာ social mobilization အတော်အားနည်းပါတယ်။ credit facilitator လို့ခေါ်တဲ့ ဒီအဖွဲ့တွေရဲ့ ကွင်းဝန်ထမ်း ငွေစုငွေချေး ကူညီဆောင်ရွက်ပေးသူတွေဟာ လိုအပ်တဲ့ စွမ်းဆောင်ရည်သင်တန်း အပြည့်အဝမရကြပါဘူး၊ လူတွေ အမူအကျင့်ပြောင်းလဲလာအောင် စည်းရုံးဖို့ထက် အခြားမက်လုံးတွေနဲ့ ငွေချေးငှားသူများအောင် လုပ်ဆောင်ကြတယ်။ ဒီလိုများမှပဲ သူတို့ရဲ့ အချိုးကျလစာဟာ ပြည့်မီမှာဖြစ်ပါတယ်။ အောက်ခြေ credit facilitator တစ်ယောက်ဟာ ငွေချေးငှားသူ ရာကျော်ကို ဝန်ဆောင်မှုပေးနေရပါတယ်။ မနိုင်ဝန်ထမ်းရတဲ့အတွက် ကောင်းစွာမစည်းရုံးနိုင်ပါဘူး။ အစိုးရကလည်း MF တွေကြားမှာ ညှိနှိုင်းပေါင်းစပ်ပေးတာ မရှိတော့ MF တစ်ဖွဲ့နဲ့ တစ်ဖွဲ့ နယ်မြေတွေ ထပ်လာကြပါတယ်။ အစိုးရရဲ့ မူလရည်ရွယ်ချက်က အစိုးရ လက်လှမ်းမမီတဲ့ ဒေသတွေမှာ အသေးစားငွေချေးအသင်းတွေ သွားရောက်လုပ်ကိုင်စေခြင်းအားဖြင့် ဆင်းရဲနွမ်းပါးတဲ့ အခြေခံလူတန်းစားတွေ ငွေကြေးချေးယူနိုင်တဲ့ အခွင့်အလန်းတွေ များလာစေဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့တွေဟာ အရမ်းကို စီးပွားရေးဆန်လာပြီး မိမိတို့အဖွဲ့ အဆင်ပြေရေးကိုသာ ရှေးရှုတာမို့ သွားရေးလာရေးလွယ်တဲ့ဒေသ စီးပွားရေးအရ အဆင်ပိုပြေတဲ့ဒေသတွေမှာပဲ အပြိုင်အဆိုင်လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ ရှေ့ကြွေးနောက်ကြွေးဆပ် ကြာတော့ ကြွေးပိ ဖြစ်လာရခြင်းဖြစ်ပါတယ်။
ဒါကြောင့် MF ရဲ့ ပင်မ ရည်ရွယ်ချက်ဖြစ်တဲ့ လူတွေရဲ့ ကောင်းမွန်တဲ့ အမူအကျင့်တွေ လေ့ကျင့်ပျိုးထောင်ပေးရင် တစ်ဦးချင်း စီးပွားရေးအရ စွမ်းဆောင်နိုင်သူတွေ ဖြစ်လာစေရေးဟာ နောက်ကို ရောက်သွားပါတယ်။ MF အဖွဲ့တွေအနေနဲ့
(၁) ငွေချေးသူများရမယ်
(၂) ငွေချေးပမာဏများရမယ်
(၃) ငွေပြန်ဆပ်နှုန်းကောင်းရမယ်
ဒါမှသာ အဖွဲ့အနေနဲ့ရော ဝန်ထမ်းတွေအနေနဲ့ပါ ပြန်ရတဲ့ အတိုးအပေါ်မှာ ရပ်တည်နိုင်မှာမို့ သူတို့အတွက်လည်း ဖိအားက များလှပါတယ်။
တစ်ဖက်မှာ နိုင်ငံရေးတိုးတက်ဖြစ်ထွန်းမှု မရှိတဲ့အတွက် စီးပွားရေးအခွင့်အလန်းက တိုးတက်မလာပါဘူး၊ မတိုးတက်တဲ့အတွက် ချေးငွေရယူသူ အခြေခံလူတန်းစားအနေနဲ့ကလည်း လှုပ်လေမြုပ်လေ ဖြစ်နေပါတယ်။
စိုက်ပျိုးရေးလုပ်တယ်၊ ရာသီဥတုမကောင်းလို့ ပျက်တယ်၊ မိုးလေဝသမှန်လို့ သီးနှံရပြန်တော့လည်း စျေးကွက်ဖျက်တော့ ပျက်တယ်။ ဒီကြားထဲ နေမကောင်း ကျန်းမာရေးကညံ့ရင် သောက်သောက်လဲ ငွေကုန်တယ်။ သားသမီးပညာရေးကလည်း အကုန်အကျများတယ်။ ဒီတော့ ဘယ်ကနေရာကရရ ငွေချေးတော့မှာပဲ နောင်ခါလာနောင်ခါဆပ်ပဲ၊ ထိုင်း မလေးရှား အလုပ်သွားလုပ်ရင် ရွာမှာထက်တော့ အဆင်ပြေမှာပဲ အယူအဆနဲ့ ရှိတာလေး ရောင်းချပေါင်နှံပြီး မိသားစုဝင်တွေ သွားအလုပ်လုပ်စေတယ်၊ အဆင်ပြေတဲ့သူတွေ အိမ်သွပ်မိုးခင်းတာလေးကို အားကျတယ်။ ရွာဘုန်းကြီးကျောင်း ရှင်ပြု၊ ကထိန်ခင်းရတာလေးကို ဂုဏ်ယူတယ်၊ နိုင်ငံခြား အလုပ်သွားလုပ်နေသူနဲ့ စကားပြောရတာ အဆင်ပြေဖို့ ဖုန်းဝယ်မယ်။ ရွာလမ်းတွေလည်း ကောင်းလာတော့ ဆိုင်ကယ်ကလည်း မရှိမဖြစ် ဝယ်ကိုဝယ်ရတယ်။ ဒီတော့ MF ကချေးလိုက်တဲ့ ငွေတွေဟာ production ကုန်ထုတ်လုပ်မှုထဲ ရောက်တာထက် အခြား လူမှုရေးကိစ္စထဲ ရောက်ကုန်တယ်။ ဒါတွေက အဟောသိကံမဖြစ်ပေမဲ့ အလိုရှိရာ မရောက်တာကလည်း အရှိတရားပဲ။
ဒီအခြေအနေမှာ စဉ်းစားစရာက ငွေစုငွေချေးကြောင့် အကြွေးထပ်တယ်ဆိုပြီး မချေးတော့ဘူးဆိုရင် ရွာသူရွာသားတွေက အကြွေးသံသရာက လွတ်သွားမှာလားလို့ မေးစရာရှိပါတယ်။ အဖြေကတော့ နိုး (No) ပါပဲ။ လိုအပ်ချက်တွေကရှိနေတော့ တစ်ရာ ၁၀ တိုးနဲ့ ရတဲ့နေရာက ချေးကြဦးမှာပါပဲ။ ဒါဆိုရင် ပိုပြီးအကြွေးပိ ဒုက္ခရောက်ရမှာပါ။ ဒါကြောင့် အသေးစားချေးငွေကနေ ချေးငှားနိုင်တဲ့ အခွင့်အလမ်း ရှိနေတာက ဒုက္ခတွင်းထဲကျတာ အဆင်းမနာအောင် ခုပေးထားတဲ့ soft landing လို့ ရှုမြင်သင့်ပါတယ်။ သို့သော်ငြားလည်း ရေရှည်ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင်ဖြင့် စုံးစုံးမြုပ်မယ့် အန္တရာယ်လည်းရှိနေပါတယ်။ ဒါကြောင့် MF လုပ်ငန်းတွေကို ကြီးကြပ်ဖို့ ပေါင်းစပ်ညှိနှိုင်းပေးဖို့ လိုသလို MF အဖွဲ့များကလည်း မိမိတို့ရဲ့ ဝန်ထမ်းတွေရဲ့ social mobilization ကို ပိုကောင်းအောင် အားထုတ်စေချင်ပြီး ကျေးရွာတွေမှာ ငွေမချေးမီ social capital လူမှုရေး အရင်းအနှီးတွေ တိုးပွားအောင် ရှေးဦးစွာ ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။