မေးမြန်းခန်း

အသေးစားချေးငွေလုပ်ငန်းအောင်မြင်ရန် နိုင်ငံ့ပင်မစီးပွားရေး အရင်တက်ဖို့လို

အသေးစားချေးငွေ လုပ်ငန်းများမှရသည့်ငွေဖြင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံပြီး ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် အစိုးရက ရည်မှန်းထားခဲ့သော်လည်း အောက်ခြေတွင် အသင်းသားအများအပြားမှာ အသေးစားချေးငွေကို ပြန်ဆပ်နိုင်ရေးအတွက် အရပ်ထဲမှ ငွေတိုးချေးစားသူများထံမှ အတိုးနှုန်းကြီးမြင့်စွာ ပြန်ချေးကာ အကြွေးကိုအကြွေးဖြင့် ဆပ်နေရသည်။

ပြည်သူ့လွှတ်တော်၏ စစ်တမ်းတစ်ခု၌ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသည် ပရဟိတအမည်တပ်၍ စီးပွားရေးဆန်ဆန်လုပ်ကိုင်နေမှုများကြောင့် ပြည်သူများ အကြွေးနွံနစ်မှု ထောင်ချောက်နှင့် ရင်ဆိုင်နေရကြောင်း ထောက်ပြပြောဆိုထားသည်။

အကြွေးထောင်ချောက်အတွင်း အကြွေးထပ်ပြဿနာများနှင့် ရင်ဆိုင်နေရသော်လည်း ချေးငွေရယူထားသူ ၃ ဒသမ ၃ သန်းကျော် (နိုင်ငံလူဦးရေ၏ ၆ ဒသမ ၂ ရာခိုင်နှုန်း) ရှိသည့် အသေးစားငွေချေးကဏ္ဍအပေါ် မြန်မာ့လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးအား Myanmar Now က မေးမြန်းထားပါသည်။

Myanmar Now ။ ။ ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် လုပ်နေတဲ့ အသေးစားချေးငွေကဏ္ဍရဲ့ လက်ရှိအနေအထားအပေါ် ဆရာ့အမြင်လေး သိချင်ပါတယ်ဗျ။

ဒေါက်တာဇော်ဦး ။ ။ အဓိကကတော့ သူတို့ လုပ်ငန်းစဉ်အရ လူတိုင်း ငွေချေးနိုင်ရမယ်။ အတိုးနှုန်းသက်သက်သာသာနဲ့ လက်လှမ်းမီတဲ့နေရာတွေမှာ ငွေချေးနိုင်ရမယ်ဆိုတဲ့ ရှုထောင့်ကကြည့်ရင်တော့ အသေးစားငွေစု၊ ငွေချေးလုပ်ငန်းတွေက ဘာပဲပြောပြော financial inclusion (ငွေရေးကြေးရေးကဏ္ဍတွင် ပါဝင်လာနိုင်ရေး) ခေါ်တဲ့ ရည်ရွယ်ချက်ကိုတော့ ပြည့်မီတယ်လို့ ပြောလို့ရမှာပေါ့နော်။ ဒါပေမဲ့ ပြဿနာက ဘာဖြစ်နေလဲဆိုတော့ ဒီငွေချေးပြီးတော့ စီးပွားရေးတစ်ခုခု ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းမှုတစ်ခုခုအတွက် အရင်းအနှီးတစ်ခုလိုမျိုး ရင်းနှီးမြှုပ်နှံဖို့ဆိုတဲ့ကိစ္စက နိုင်ငံရဲ့စီးပွားရေးအနေအထားအရ ခက်နေတယ်လို့ ပြောလို့ရပါတယ်။

ဒါကတော့ အသေးစားမပြောနဲ့ အကြီးစားတွေတောင်မှ ခက်နေတာပေါ့နော်။ အဲဒီတော့ အသေးစားတွေအတွက်ဆိုရင် တွေးဝံ့စရာတောင်မရှိဘူးပေါ့နော်။ အကြီးစားတွေကျတော့ ဘာမှမလုပ်ဘဲ ထိုင်စောင့်နေကြတာပေါ့။ အသေးစားတွေကျတော့ မလုပ်လို့က မရဘူး။ အရင်းအနှီးနဲ့ လုပ်ရမယ်ဆိုတဲ့ဟာတွေဖြစ်တယ်။ ဒါပေမဲ့ အဲဒီ အရင်းထဲက ပြုတ်သွားပြီးတော့ အရှုံးပေါ်နေတာတွေက များများလာတော့ သူတို့ရဲ့အကြွေးက နစ်သထက် နစ်လာတာပေါ့နော်။

ဒီကိစ္စကတော့ ငွေစုငွေချေးလုပ်ငန်းဆိုတာထက် စီးပွားရေးနဲ့ ဆိုင်တယ်။ ကျွန်တော်တို့နိုင်ငံ စီးပွားရေးအခွင့်အလမ်းက ပျောက်ဆုံးနေတဲ့သဘောရှိတယ်။ တောင်သူတွေဆိုလည်း အရင်းနှီးလေးတစ်ခုလိုမယ်။ ငွေလေးချေးမယ်။ ပြီးရင် စိုက်မယ်။ ပျိုးမယ်။ ရောင်းမယ်။ ဒါပေမဲ့ ရောင်းတဲ့အချိန်ကျတော့ ဈေးကွက်က အကုန်လုံးမရှိဘူးဖြစ်နေတယ်။ ယခင်မှီခိုနေကျ ဈေးကွက်တွေ ပျက်ကုန်တယ်။ ဒါမှမဟုတ် ရပ်ကုန်တယ်။ ကုန်ပို့မရတော့ဘူး။ အခုဆိုရင် တောင်သူတွေ အကြီးအကျယ်ဒုက္ခရောက်နေတယ်။ နောက်ပြီး ကျန်တဲ့ ကုန်ပစ္စည်းထုတ်လုပ်တဲ့လူတွေဆိုလည်း ထိုနည်းလည်းကောင်းပဲပေါ့နော်။ အဲဒီတော့ ဒီကိစ္စကတော့ စီးပွားရေးနဲ့ ဆိုင်တဲ့ကိစ္စပါ။

Myanmar Now ။ ။ အသေးစားချေးငွေ ယူထားသူတွေနဲ့တွေ့ပြီး စကားပြောကြည့်တော့ တော်တော်များများက ကုမ္ပဏီတစ်ခုထက်မကယူထားတာတွေ၊ အရင်းနှီးအရှုံးပေါ်တာတွေကြောင့် အကြွေးပေါ် အကြွေးထပ်နေတာတွေကို တွေ့ရပါတယ်။ ဒီကဏ္ဍရဲ့ အဓိက ချွတ်ယွင်းချက်က စီးပွားရေးပြဿနာကြောင့်ပဲလား။

ဒေါက်တာဇော်ဦး ။ ။ ဒီလူတွေက ဒီချေးငွေကို ယူပြီး စီးပွားရေးတစ်ခုခုမလုပ်ရရင် သူတို့အတွက် တစ်နေ့ဝမ်းစာ တစ်နေ့ရှာမစားနိုင်တဲ့ လက်လုပ်လက်စားလေးတွေလည်း အများကြီးရှိတယ်။ သူတို့အတွက်ကျတော့ တစ်နေရာကနေ ချေးလိုက်တယ်။ လုပ်ငန်းတစ်ခုလုပ်လိုက်တယ်။ ပြီးရင် စားလိုက်တယ်။ ပြီးရင် နောက်တစ်နေရာကနေ ပြန်ချေးပြီး ပြန်ဆပ်တယ်။ ဒီလိုနဲ့ အကြွေးသံသရာလည်နေတဲ့ဟာ။ သူတို့ ဒီဘဝက လွတ်မြောက်ဖို့ဆိုရင်တော့ တကယ်ပင်မစီးပွားရေးက တက်လာဖို့တော့ လိုတာပေါ့။

ဒါပေမယ့်လည်း တခြား SMEs(အသေးစား၊အလတ်စားစီးပွားရေး)တွေလိုမျိုး၊ အကြီးစားတွေကို ချေးပြီးတော့ မှားယွင်းတဲ့ စီးပွားရေးသုံးသပ်ချက်တွေ လုပ်မိတဲ့ကိစ္စတွေမဖြစ်အောင် တားဆီးဖို့ဆိုရင် ခုနကပြောတဲ့ ချေးငွေလုပ်ငန်းတွေကို စောင့်ကြည့်လေ့လာနိုင်တဲ့ သတင်းအချက်အလက်နဲ့ အဲဒီသတင်းအချက်အလက်ပေါ်မှာ အခြေခံပြီးတော့ အဆုံးအဖြတ်စီမံခန့်ခွဲပေးမယ့် Credit Bureau (ချေးငွေသတင်းအချက်အလက်ဌာန)လိုဟာမျိုး လိုအပ်တာတော့ အမှန်ပဲ။ ဒီ credit bureau မှာလည်း တကယ့်အသေးစားနဲ့ အငယ်စားချေးငွေ အစီအစဉ်တွေအတွက်တော့ လုပ်ဖို့တော့ မဖြစ်နိုင်သေးဘူး။ ဒါကြောင့်မို့လို့ ဒီလုပ်ငန်းတွေကို စောင့်ကြည့်ဖို့ဆိုရင် ပိုပြီးတော့ တီထွင်ဆန်းသစ်ထားတဲ့ နည်းနာတွေကို အသုံးပြုလာတာတွေရှိတာပေါ့နော်။ ဆိုကြပါဆို့ mobile money လိုဟာမျိုးဆိုရင် သူတို့ရဲ့ မိုဘိုင်းဖုန်းတွေ သုံးစွဲမှု၊ သုံးစွဲပုံတွေကို ကြည့်ပြီးတော့ ချေးငွေကို ပေးသင့်၊ မပေးသင့် ဆုံးဖြတ်တာတွေ။ အသေးစားတွေဆိုရင် သူတို့ရဲ့ ကုန်ပစ္စည်းတွေကို မိုဘိုင်းဖုန်းပေါ်ကနေ ရောင်းတဲ့ဟာမျိုးဆိုရင် စာရင်းတွေကို သေချာကြည့်ပြီးတော့မှ ချေးငွေကို ချေးသင့်၊ မချေးသင့် ဆုံးဖြတ်ရမှာပါ။

ဒီလိုသတင်းအချက်အလက်တွေကို စုဆောင်းတဲ့ နည်းစနစ်တွေကိုတော့ ကမ္ဘာပေါ်မှာ ပေါ်လာပြီပေါ့နော်။ တကယ့်ဆင်းရဲသားတွေကတော့ credit bureau မှာ စာရင်းမဝင်ပေမယ့်လည်း သွယ်ဝိုက်သောနည်းအားဖြင့် သတင်းအချက်အလက်စုစည်းမှုကနေလည်း ရနိုင်တဲ့ အနေအထားတွေလည်းရှိနေပါတယ်။

ဒါကို နိုင်ငံတော်အစိုးရက အားပေးသင့်တာပေါ့။ တီထွင်ဆန်းသစ်တဲ့ပုံစံတွေနဲ့ ဆောင်ရွက်နေတာတွေလည်း ကျွန်တော်တို့မတွေ့ရဘူး။ e-Government ဆိုတာကိုတော့ လုပ်နေတယ်။ e-Government ဆိုတာကလည်း ပြည်သူ့ကို ဗဟိုပြုတဲ့ e-Governmentမျိုး ဖြစ်မလာသေးဘူး။ ဒီကြားထဲမှာတော့ အသေးစားငွေစု၊ ငွေချေးလုပ်ငန်းထဲမှာပဲ နစ်မြုပ်နေတဲ့ လက်လုပ်လက်စား ပြည်သူတွေရဲ့ အခြေအနေကလည်း အခုထက်ထိ ရင်မအေးရသေးဘူးပေါ့။

Myanmar Now ။ ။ အသေးစားငွေစု၊ ငွေချေးလုပ်ငန်းက ဆင်းရဲမွဲတေမှုပပျောက်ဖို့၊ တရားမဝင်ချေးငွေလုပ်ငန်းတွေ လျော့ကျဖို့ပေါ့နော်။ လက်ရှိအနေအထားမှာ တိုးတက်မှုတွေရှိလား။

ဒေါက်တာဇော်ဦး ။ ။ နိုင်ငံတော်အစိုးရရဲ့ ပင်မတာဝန်က စီးပွားရေးကို တိုးတက်အောင်လုပ်ပေးဖို့က အဓိက တာဝန်ရှိတယ်။ စီးပွားရေးတိုးတက်ပြီဟေ့ဆိုရင် အဲဒီတိုးတက်တဲ့နောက်ကို အမီလိုက်နိုင်အောင်လို့ အားနည်းနေတဲ့ သူတွေအတွက် အခုလိုမျိုး အသေးစားငွေစု၊ ငွေချေးလုပ်ငန်းတွေ ဖန်တီးပေးခြင်းအားဖြင့် ဒီလူတွေကလည်း သူတို့မှာ အရင်းနှီးမရှိလို့ စီးပွားရေးတိုးတက်မှုလှိုင်းကို မစီးနိုင်ဘူးဆိုတဲ့ (ဟာမျိုးမဖြစ်ဘဲ) အခွင့်အလမ်းမှာ ညီတူညီမျှရနိုင်တာပေါ့။ ဒီနေရာမှာ ဆင်းရဲတဲ့သူတွေကလည်း အမီလိုက်နိုင်တဲ့အနေအထားရှိတယ်။ ဆင်းရဲမှုကလည်း လွတ်မြောက်နိုင်မယ့် အနေအထားရှိတယ်။ ဒါပေမဲ့ အခုဖြစ်နေတဲ့ပြဿနာက သူဌေးကြီးတွေတောင်မှ ငိုနေရတဲ့ဘဝမှာ ကျန်တဲ့ဟာက ဘယ်လိုနည်းနဲ့မှ မကယ်နိုင်တော့ဘူးဆိုတဲ့အနေအထားဖြစ်နေတာပေါ့။

ကျွန်တော်ပြောချင်တာက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက အဓိကကျတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုရှိအောင်လုပ်ပေးဖို့က အစိုးရရဲ့ ပဓာနတာဝန်။ ဆင်းရင်းတဲ့သူတွေကို မကျန်ခဲ့အောင်၊ အမီလိုက်နိုင်အောင် အသေးစားငွေစု၊ ငွေချေးလုပ်ငန်းတွေလုပ်ပေးတယ်ဆိုတာက ဒုတိယအဆင့်မှာ အသုံးပြုရမယ့် နည်းဗျူဟာဖြစ်သွားပြီ။ မဟာဗျူဟာမရှိဘဲနဲ့ နည်းဗျူဟာတစ်ခုတည်းနဲ့ ဆင်းရဲတွင်းက လွတ်မြောက်အောင်လုပ်ဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ကျွန်တော်တို့နိုင်ငံ့စီးပွားရေးကတော့ ပြီးခဲ့တဲ့ သုံးနှစ်ဆက်တိုက် ကျဆင်းနေတယ်ဆိုတော့ ပိုပြီးဆင်းရဲဖို့လမ်းက များတာပေါ့။ အဲဒါကို တိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့နည်းလမ်းကို ရှာကျန်ပြီး အဖြေရှာတာက အခုချိန် ဦးစားပေးလုပ်ရမယ့် တာဝန်လို့ထင်ပါတယ်။

Myanmar Now ။ ။  ဖြည့်စွက်ပြောလိုတာရှိသေးလားခင်ဗျား။

ဒေါက်တာဇော်ဦး ။ ။ ချေးငွေမှာက ပြဿနာက အတိုးနှုန်းက အခုထက်ထိ ကျမလာသေးဘူး။ ဝန်ထုပ်ဝန်ပိုးက ပိုပြီးဖြစ်တာပေါ့။ စီးပွားရေးတိုးတက်နှုန်းက ကျလာတဲ့အချိန်မှာ ချေးငွေနဲ့ ချေးပြီး ရင်းထားတဲ့လုပ်ငန်းတွေက ရှေ့မတိုးနိုင်တဲ့အချိန်မှာ အတိုးကြီးထဲထိုင်ဆပ်နေရတာ။ အတိုးနှုန်းကလည်း မကျဆိုတော့ ဘေးကျပ်နံကျပ်တွေ ဖြစ်ကုန်တာပေါ့။ အစိုးရကလည်း အတိုးနှုန်းလျှော့ချဖို့ကိစ္စကို စဉ်းစားသင့်ပါတယ်။

ဒီနှစ်ဆန်းလောက်က ၁၀၀ ကို ၂၈ ကျပ်ဆိုပြီး နည်းနည်းလျှော့ချထားတာတွေ့ရပေမဲ့ ဒီပမာဏကလည်း များနေပါသေးတယ်။ ဝင်လုပ်တဲ့လူလည်းများတယ်။ ဒါကြောင့်မို့လို့လည်း ဒီလုပ်ငန်းမှာ ချေးချင်တဲ့လူတွေကလည်း အများကြီးပဲ။ … ငွေစုငွေချေးလုပ်တဲ့လုပ်ငန်းတွေက တဖြည်းဖြည်း များများလာတယ်။ ဒါပေမဲ့ ကျွန်တော်တို့တိုင်းပြည်စီးပွားရေးက တက်မနေဘူး။ အခုက ပိုပြီးတော့တောင် စိုးရိမ်ဖို့ကောင်းနေတယ်။ ပြည်သူတွေ အကြွေးတွေပတ်လည်းဝိုင်းနေတဲ့ကိစ္စ၊ မသိနားမလည်ဘဲနဲ့ ဒုက္ခတွေဖြစ်နေတဲ့ပြဿနာကို အစိုးရဘက်က ပြန်ပြီးတော့ ထိန်းညှိပေးဖို့ လိုနေတဲ့အချိန်ရောက်နေပြီ။ အခုက financial inclusion မဟုတ်တော့ဘူး။ အရင်တုန်းက ပြည်သူတွေ ချေးလို့မရမှာကြောင့်လို့ ကူတာကနေ အခု ချေးလွန်းအားကြီးလွန်းလို့ ပြဿနာတွေတက်နေတာကို ဘယ်လိုထိန်းညှိမလဲဆိုတဲ့ ရှုထောင့်ကနေ ပြန်စဉ်းစားဖို့လိုနေပြီ။

Show More

Related Articles

Back to top button