ငွေမျောငွေနဲ့လိုက်ကြ၊ အသေးစားချေးငွေလုပ်ငန်း ပြည်သူကို တကယ်အကျိုးပြုရဲ့လား

အတိုးနှုန်းအလွန်သက်သာသည့် ပြည်တွင်းပြည်ပအသေးစားငွေချေးလုပ်ငန်းကုမ္ပဏီများမှာ ၂၀၀နီးပါးအထိ ရှိလာခဲ့သော်လည်း ငွေချေးယူသည့် ပြည်သူအများအပြားမှာ ကံမကောင်းမှုနှင့် စီမံခန့်ခွဲမှုအလွဲများကြောင့် အကြွေးပြန်ဆပ်ဖို့အတွက် အရပ်ထဲမှ အတိုးကြီးကြီးဖြင့် ပြန်ချေးယူနေကြရသည်။

Published on Dec 23, 2019
ဦးလေးဒီဝမ်းကို ဝါးချောင်းရွာသားများနှင့် တွေ့ရစဉ်။
ဦးလေးဒီဝမ်းကို ဝါးချောင်းရွာသားများနှင့် တွေ့ရစဉ်။

အရပ်ငွေတိုးထက် များစွာသက်သာသည့် အသေးစားငွေချေးလုပ်ငန်းများ ဒေါ်ဂျူလီတို့ နေထိုင်ရာ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ဝါးချောင်းရွာသို့ ၂၀၁၇ ခုနှစ်တွင် ရောက်လာခဲ့စဉ် ဒေါ်ဂျူလီ၏အိပ်မက်က တစ်မျိုးဖြစ်သည်။

အသေးစားချေးငွေလုပ်ငန်းမှ ရသည့်အရင်းဖြင့် အရှုံးပေါ်နေသော ကွမ်းခြံတွင် ရင်းနှီးမြှုပ်နှံလိုက်လျှင် ငွေပြန်ပေါ်လာမည်ဟု တွေးခဲ့သည်။ သို့သော် ချေးငွေထုတ်ယူစိုက်ပျိုးသည့် သုံးနှစ်လုံး ကံတရား၏ မျက်နှာပေးမှုကို မရခဲ့သည့်အပြင် ယခုဆိုလျှင် မိသားစုပိုင်ဆိုင်မှုများကိုပါ ခြိမ်းခြောက်ခံနေရပြီ ဖြစ်သည်။

“အရင်တုန်းက ကိုယ့်ခြံထဲကရတဲ့ဟာနဲ့ စားဖို့သောက်ဖို့၊ သုံးဖွဲ့စွဲဖို့ အပူမရှိဘူးလေ။ အခု သူထုတ်ထားတဲ့ ချေးငွေက မြုပ်သွားတော့ အဲဒီပိုက်ဆံကို ပြန်ဆပ်ဖို့ရှာနေတာနဲ့ပဲ ကိုယ့်လုပ်စာကို ကိုယ် ပြန်မစားရတော့ဘူး” ဟု ဒေါ်ဂျူလီ၏ခင်ပွန်း ဦးလေးဒီဝမ်းက ညည်းသည်။

ယခု မိသားစုပိုင်မြေကို ဒေါ်ဂျူလီတို့ ဆုံးရှုံးရန်နီးနေပြီ။ အသေးစားချေးငွေလုပ်ငန်းမှ ယူထားသည့် ငွေကို ပြန်ဆပ်နိုင်ရန် လက်ရှိနေထိုင်နေသော ပေ ၆၀x၈၀ မြေကွက်ကို အရပ်ထဲမှငွေချေးသူထံ ပေါင်နှံကာ ၈ ကျပ်တိုးဖြင့် ငွေကျပ် နှစ်သိန်းကို သုံးလ ချေးယူခဲ့သော်လည်း ပြန်မရွေးနိုင်သည်မှာ ရက်ပေါင်း ၃၀ ကျော်လွန်သွားသောကြောင့် ဖြစ်သည်။ ဒီဇင်ဘာလရောက်သည်အထိ မြေကွက်ကို ပြန်မရွေးနိုင်သေး။

ဦးလေဒီဝမ်းတို့အိမ်တွင် ဇနီးဖြစ်သူ ဒေါ်ဂျူလီက နိုင်ငံခြားကုမ္ပဏီတစ်ခုဖြစ်သည့် Vision fund ထံမှ ငွေကျပ် ၈ သိန်း၊ သားဖြစ်သူက ၃ သိန်း၊ စုစုပေါင်း ၁၁ သိန်းအတွက် လစဉ် အတိုး၊ အရင်း ၁၂၉,၀၀၀ ကျပ် ပြန်ဆပ်နေရသည်။ နှစ်စဉ်ပိုးဝင်သော ကွမ်းညွန့်များနှင့်အတူ မြုပ်သွားသော ရင်းနှီးငွေများကြောင့် အကျပ်အတည်းကြုံနေရချိန် ကုမ္ပဏီချေးငွေ ပြန်ဆပ်ရမည့်နေ့စွဲများတွင် ယာကွက်များကို ပေါင်ရသည်။ နောက်ပိုင်း ပြန်မရွေးနိုင်သည့်အခါ ယာကွက်ကို ရောင်းလိုက်ရသည်။

ဒေါ်ဂျူလီတို့နေထိုင်သည့် ဝါးချောင်းရွာတွင် အလားတူ အသေးစားချေးငွေလုပ်ငန်းများချေးယူပြီး အကြွေးနွံပိနေသူများ၊ ချေးငွေပြန်မဆပ်နိုင်၍ ထွက်ပြေးတိမ်ရှောင်သူ ၅ ဦးထက်မနည်းရှိပြီး အချို့မှာ ရန်ကုန်မြို့တွင်ပင် လာရောက်အလုပ်လုပ်ကိုင်ကာ ချေးငွေပြန်ဆပ်နိုင်ရေး ကြိုးပမ်းနေကြရသည်ဟု Myanmar Now ကို ပြောပြကြသည်။

မြန်မာနိုင်ငံတွင် အသေးစားချေးငွေထုတ်ပေးသည့်အဖွဲ့များ တိုးပွားလာပြီး ချေးငွေထုတ်ပေးမှု ပမာဏများပြားလာခြင်းသည် အခြေခံလူတန်းစားများအတွက် အသက်ရှူပေါက်အဖြစ် ယူဆခံရသော်လည်း လက်တွေ့တွင် ကံမျက်နှာသာမပေးခြင်း၊ ငွေကြေးစီမံခန့်ခွဲမှုပိုင်း အားနည်းခြင်းတို့ကြောင့် အကြွေးဆပ်ဖို့ အကြွေးပြန်ယူကာ လုံးလည်ချာလည် လိုက်နေရသည်။

လူမှုအကျိုးပြုလား၊ စီးပွားရေးလား

ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကြွေးကြော်ခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ခုနှစ်တွင် အသေးစားငွေးရေးကြေးရေးဥပဒေကို စတင်ပြဋ္ဌာန်းခဲ့ပြီးနောက် အခြေခံလူတန်းစားများ ငွေရေးကြေးရေး လက်လှမ်းမီနိုင်ရေးဝန်ဆောင်မှုအနေဖြင့် ငွေစုငွေချေးလုပ်ငန်းများသည် နိုင်ငံတစ်ဝန်း အလျင်အမြန် တိုးပွားလာခဲ့သည်။ ထိုကြားထဲတွင် အပေါင်မဲ့ ငွေချေးလုပ်ငန်းများသည် ဘဏ်စနစ်နှင့်မယဉ်ပါးသည့် အခြေခံလူတန်းစားများအတွက် အားကိုးရာဆေးမြီးတိုဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။

အသေးစားချေးငွေ အတိုးနှုန်းသည် ယခင်က တစ်နှစ်လျှင် ၃၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့သော်လည်း ၂၀၁၉ ခုနှစ် ဇွန်လမှ စတင်ကာ အတိုးနှုန်းကို တစ်နှစ်လျှင် ၂၈ ရာခိုင်နှုန်း (တစ်လ ၂ ရာခိုင်နှုန်းစွန်းစွန်း) သို့ အစိုးရက လျှော့ချသတ်မှတ်ခဲ့သည်။ အရပ်တိုးများမှာမူ ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ ရှိသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အသေးစားငွေရေးကြေးရေး လုပ်ငန်းကဏ္ဍတွင် ပြည်ပမှဝင်ရောက်လာသည့် အသေးစားလုပ်ငန်းများအပါအဝင် ၁၈၉ ဖွဲ့အထိ ရှိလာပြီဖြစ်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၏ စာရင်းတွင် ဖော်ပြထားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏စာရင်းအရ လက်ရှိတွင် အသေးစားချေးငွေကဏ္ဍတွင် နိုင်ငံခြားကုမ္ပဏီ ၅၃ ခု၊ ပြည်တွင်းကုမ္ပဏီ ၁၁၂ ခု၊ အစိုးရမဟုတ်သော အဖွဲ့ ၁၅ ဖွဲ့၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့ ၃ ဖွဲ့၊ ဖက်စပ်လုပ်ကိုင်နေသည့် ကုမ္ပဏီ ၆ ခုတို့ လုပ်ကိုင်လျက်ရှိသည်။

အဆိုပါ အသေးစားချေးငွေလုပ်ငန်းများထံမှ ချေးငွေထုတ်ယူထားသူပေါင်း နိုင်ငံတစ်ဝန်း သုံးသန်းကျော်ရှိရာ ၎င်းမှာ နိုင်ငံလူဦးရေ ၅၃ သန်း၏ ၆ ရာခိုင်နှုန်းကျော်ရှိပြီး ထိုငွေပမာဏသည် ကျပ်ငွေ ၁၇၂ ဘီလျံဖြစ်ကာ နိုင်ငံ့ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ၏ ၁ ဒသမ ၅၉ ရာခိုင်နှုန်းဖြစ်သည်ဟု ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ပြောသည်။

အသေးစားငွေချေးလုပ်ငန်းများ တိုးတက်များပြားလာသော်လည်း ငွေချေးသူအများစုမှာ အကြွေးဟောင်းကို အကြွေးသစ်ဖြင့် ပြန်ဖို့ရင်း အကြွေးနွံအတွင်းမှ ရုန်းမထွက်နိုင်ကြဘဲ အများအပြားသည် ငွေရေးကြေးရေးဆိုင်ရာ အသိပညာအားနည်းသည်ကို တွေ့ရသည်ဟု ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၏ ၂၀၁၈ ခုနှစ် အစီရင်ခံစာက ဆိုသည်။ ထို့ပြင် ချေးငွေကို တိကျခိုင်မာသည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်နိုင်ကြသလို ငွေပြန်ဆပ်ရန်လည်း သေချာရေရာသည့် အစီအစဉ်များ မရှိကြသည့်အတွက် ကြွေးထပ်ပြဿနာနှင့် ရင်ဆိုင်ကြရတော့သည်ဟု ၎င်းက သုံးသပ်ထားသည်။

“ချေးငွေဆပ်ဖို့ တစ်ပတ်တစ်ပတ် (ငွေ) မလည်ပါဘူး။ အခုက အလုပ်က အဆင်မပြေတော့ဘူး။ …အဆင်မပြေတော့ သူတို့ကို ဆပ်ဖို့ မထည့်နိုင်ဘူး။ အပြင်ကနေ ယူရတာပေါ့။ အဆင်ပြေမလားလို့ ယူလိုက်တာ အဆင်မပြေတော့ အကြွေးပိုတက်တယ်” ဟု ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်နေ အသက် ၅၆ နှစ်ရှိ ဒေါ်ထွေးရီက ပြောသည်။

ဒေါ်ထွေးရီသည် နိုင်ငံခြားကုမ္ပဏီဖြစ်သည့် LOLC မှ ကျပ်နှစ်သိန်း၊ ပြည်တွင်း ကုမ္ပဏီ Microfinance Delta International မှ သုံးသိန်း ချေးယူထားပြီး အိမ်အရောင်းဆိုင်ကို အဆင့်မြှင့်တင်ရန် ရည်မှန်းခဲ့သော်လည်း ဖြစ်မလာခဲ့ပေ။

တရားမဝင်ငွေတိုးချေးနေမှုများ လျော့ကျရေးမှာ အသေးစားချေးငွေကဏ္ဍ၏ ရည်ရွယ်ချက်တစ်ခုဖြစ်သော်လည်း လက်တွေ့တွင် အတိုးနှုန်းမြင့်သော ရပ်ကွက်ငွေတိုးများနှင့် လုံးလုံးမကင်းနိုင်ပြန်ပါ။

သုတေသနအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Second Tap Root (ဒုတိယရေသောက်မြစ်)အဖွဲ့၏ အစီရင်ခံစာတစ်စောင်အရ အခြားသော အသေးစားချေးငွေအဖွဲ့များနှင့် အတိုးနှုန်းမြင့်သော ရပ်ကွက်ငွေတိုးများကို ချေးယူနေမှုများကြောင့် အခြေခံလူတန်းစားများ စီးပွားရေးကျပ်တည်းလာပြီး အခက်အခဲများ ကြုံတွေ့လာရသည်။ ၎င်းကို မန္တလေးတိုင်းဒေသကြီး ခုနစ်မြို့နယ်အတွင်း နေထိုင်သူ စံနမူနာ ဦးရေ ၂၁၀ ကို သုတေသနလုပ်ထားသည့် ‘အသေးစားငွေရေးကြေးရေးကဏ္ဍ လုပ်ဆောင်မှုအခြေအနေ နှင့် စိန်ခေါ်ချက်များ’ အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ခဲ့သည်။

ဒလမြို့နယ်နေ အသက် ၃၇ နှစ်အရွယ် ဒေါ်မြင့်မြင့်စန်းသည် အသေးစားငွေစုငွေချေးလုပ်ငန်းမှ ချေးငွေရယူနေသည်မှ ငါးနှစ်ကျော်ရှိပြီဖြစ်သည်။ သူသည် ဒလမြို့ ကမာကဆစ်ရပ်ကွက်ရှိ လူ ၅၅ယောက် ပါသော ဝိုင်းကြီးချုပ်မှ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူကိုယ်တိုင် Microfinance Delta International ကုမ္ပဏီထံမှ ကျပ် ၅ သိန်း၊ LOLC အဖွဲ့ထံမှ ၉ သိန်း ထုတ်ယူထားသည်။

၎င်းဖွင့်ထားသော ကုန်စုံဆိုင်မှဝင်ငွေများသည် ချေးငွေများကို ပြန်ဆပ်ရန် လုံလောက်သော်လည်း သူဦးဆောင်သည့် ၅၅ ယောက်ဝိုင်းကြီးချုပ်ထဲမှ ပြန်မဆပ်နိုင်သူများအတွက် စိုက်ဆပ်ပေးနေရသည့် အကြိမ်များလည်းရှိသည်ဟု ပြောသည်။

“ချေးပြီး မနိုင်လို့ ထွက်ပြေးနေကြတဲ့လူတွေအများကြီးပဲ။ ငွေပမာဏက တဖြည်းဖြည်းတိုးတိုးပြီး အတိုးတွေက များလာတာလေ။ လူတွေက မနိုင်တော့ဘူး။ လုပ်ငန်းကိုင်ငန်းက တကယ်လုပ်ထားတာမရှိတော့ (ပြန်ဆပ်ဖို့) မနိုင်ကြတော့ဘူး။ ဝင်ငွေနဲ့ မလောက်ဘူး” ဟု ၎င်းက ဆိုသည်။

ဝိုင်းကြီးချုပ်စနစ်မှာ အဖွဲ့ဝင်အချင်းချင်း အာမခံပေးရပြီး အဖွဲ့ဝင် ၅ ယောက်မှ ၁၀ ယောက်အထိ ရှိရန်လိုအပ်ကာ အဖွဲ့ဝင်တစ်ယောက်ယောက်က ချေးငွေဆပ်ရန် ပျက်ကွက်ပါက ကျန်အဖွဲ့သားများက ဆပ်ပေးရသည့် စနစ်ဖြစ်သည်။ ဝိုင်းကြီးချုပ်စနစ်ဖြင့် ချေးငွေထုတ်ရာ၌ ကျပ် ၁၀ သိန်းမှ သိန်း ၂၀ အထိ ချေးယူနိုင်သည်။ တစ်ဦးချင်းပုဂ္ဂလိကချေးငွေမှာမူ အသေးစားအလတ်စားလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အများဆုံး သိန်း ၁၀၀ အထိ ထုတ်ချေးနိုင်သော စနစ်မျိုးဖြစ်သည်။

“အဖွဲ့ကတော့ ချေးငွေထုတ်ပေးလို့ရှိရင် လုပ်ငန်းမှာ မှန်မှန်အသုံးချရမယ်လို့ပြောတယ်။ ဒါပေမဲ့ အကြွေးလေးတွေလည်း ရှိတဲ့အခါမှာကျတော့ အကြွေးလေးလည်း ဆပ်ရတယ်။ လုပ်ငန်းမှာလည်း သုံးရတာပေါ့။ သူတို့က စီးပွားဖြစ်ချင်လို့ပေးလိုက်ပေမယ့် တစ်ဖက်မှာကလည်း စီးပွားကလည်းလုပ်ချင်တယ်၊ အတိုးနဲ့ချေးထားတာလေးလည်း ပေးချင်တယ်ဆိုတော့ နှစ်ဖက်နှစ်လမ်းသုံးနေရတာပေါ့” ဟု ဒေါ်မြင့်မြင့်စန်းက ပြောသည်။

အသေးစားချေးငွေ ထုတ်ယူသူများ၏ အားနည်းချက်နောက်တစ်ခုမှာ အကြွေးပြန်ဆပ်နိုင်ရေးအတွက် ထိုငွေကို မည်သို့စီမံခန့်ခွဲရမည်ကို ကုမ္ပဏီများဘက်က ပြောပြသော်လည်း နားမလည် သို့မဟုတ် ဂရုမစိုက်ကြခြင်း ဖြစ်သည်။

ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်နေ ဒေါ်ငုဝါစန်းသည် အိမ်မှာ ဖွင့်ထားသည့် ကုန်စုံဆိုင်ကို အဓိက ဝင်ငွေရလမ်းကြောင်းအဖြစ်ပြသကာ LOLC ကုမ္ပဏီထံမှ အသေးစားချေးငွေ ၃ သိန်း ရယူထားသည်။ သူ၏ ကုန်စုံဆိုင်ကို ချဲ့လိုသောရည်ရွယ်ချက်ဖြင့် အသေးစားချေးငွေကို ယူခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အရပ်ထဲမှာဆိုရင် အတိုးများတယ်လေ။ သူတို့ဆီမှာက နည်းတယ်။ (ချေးငွေထုတ်ပေးသူ)ကတော့ ငွေမထုတ်ပေးခင်မှာ သေချာရှင်းပြတယ်။ ကိုယ်က ငွေလိုနေတာဆိုတော့ သေချာနားမထောင်နိုင်ဘူး။ ရရင်ပြီးရောဆိုပြီး လိုအပ်တာတွေပေးပြီး ယူလိုက်တာပဲ” ဟု ဒေါ်ငုဝါစန်းက ပြောသည်။

ဒေါ်ငုဝါစန်းသည် အသေးစားချေးငွေဖြင့် သူ၏ ကုန်စုံဆိုင်ကို ချဲ့နိုင်ရုံသာ အဖတ်တင်ခဲ့ပြီး အရပ်ထဲတွင် ၂၀ တိုးဖြင့် ကျပ် ၅၀,၀၀၀ ထပ်ယူထားရဆဲဖြစ်သည်။

“ဈေးဆိုင်မှာ ထည့်ဖို့ ချေးငွေယူတာ။ လိုတဲ့အခါ ပြန်ဆပ်ဖို့ ရပ်ကွက်ထဲက ယူရတယ်။ ဈေးရောင်းတာက ၂၀၀ ဖိုး၊ ၃၀၀ ဖိုးနဲ့ ရောင်းတော့ရောင်းရပါတယ်။ မိသားစုက ငါးယောက်ဆိုတော့ မလည်ဘူး။ ဈေးရောင်းတာက တခါတလေ ပြုတ်ပြုတ်သွားတယ်။ ချေးငွေယူပြီးတော့ ပိုပြီးကျပ်တာပေါ့” ဟု ၎င်းက ပြောသည်။

‘ချေးငွေဆိုတာ အလှူငွေမဟုတ်ဘူးလေ’

အဆိုပါပြဿနာများနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ၂၀၁၈ ခုနှစ်ထုတ် အစီရင်ခံစာတွင် “(အသေးစား) ချေးငွေရယူသုံးစွဲသည့် အသင်းသား (ငွေချေးသူ) များသည် လက်တွေ့တွင် ကြွေးနွံနစ်မှု ထောင်ချောက်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်” ဟု ဖော်ပြထားသည်။

အစီရင်ခံစာကို ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း ၂၁ ဖွဲ့ မှ ချေးငွေထုတ်ယူသူ ၂၁၀ ဦးကို တွေ့ဆုံပြုစုထားခြင်းဖြစ်သည်။

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသည် ချေးငွေများစီမံခန့်ခွဲသုံးစွဲမှုနှင့် ပတ်သက်၍ အသိပညာဖြန့်ဝေခြင်း အားနည်းနေသည့်အပြင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းအပေါ် အထောက်အကူပြုမှုအပိုင်းမှာပါ အားနည်းနေသေးသည်ဟု အထက်ပါအစီရင်ခံစာက ဆိုထားသည်။

ထို့ပြင် “… အကျိုးစီးပွား ပဋိပက္ခဖြစ်မှုများနှင့် ဥပဒေအရကန့်သတ်ထားသည့် အသင်းအဖွဲ့တည်ထောင်ခြင်းဆိုင်ရာ မူဝါဒများနှင့် လိုက်လျောညီထွေမှု အားနည်းလျက်ရှိသည်” ဟု ငွေချေးကုမ္ပဏီများနှင့်ပတ်သက်ပြီး အဆိုပါကော်မတီက ဆိုသည်။

“ကျွန်မတို့ မြန်မာစကားပုံလည်း ရှိတာပဲလေ အကြွေးရမယ်ဆိုရင် ဆင်တောင် သက်စေ့ဝယ်စီးတယ်ဆိုတာ။ အကြွေးရတယ်ဆိုတာက ကိုယ့်ရဲ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံရမှာလေ။ စိုက်ပျိုးရေးအတွက်လို့ပြောပြီး ဆိုင်ကယ် ဝယ်စီးတယ်၊ တီဗွီဝယ်တယ်၊ ဆွဲကြိုးဝယ်ဝတ်တယ်ဆိုတာ ငွေက သေပြီ” ဟု ယင်းကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်း (MMFA) က ၂၀၁၈ ခုနှစ်တွင် သုတေသန တစ်ခုပြုလုပ်ခဲ့ရာ လူတစ်ယောက်တည်းက ချေးငွေ သုံးခုကျော်ယူထားသည့် ဖြစ်စဉ်များ တွေ့ရှိခဲ့သည်ဟု အသင်းအထွေထွေအတွင်းရေးမှူး ဒေါ်ဖြူယမင်းမြတ်က ပြောသည်။

“ကျွန်မတို့ပြည်သူတွေမှာ … ငွေကြေးပညာကို မသိဘူးလားဆို သိတယ်။ ပြန်ဆပ်နိုင်တာထက် ပိုမယူရဘူး ဆိုတာကိုလည်း သိတယ်။ သူတို့က … အကျင့်လေးလိုတာ။ အရင်တုန်းက ဒီလိုချေးငွေရဖို့ အရမ်းခက်ခဲခဲ့တာ။ အခုချိန်မှ ဖျတ်ခနဲရနေတော့ ရသမျှအကုန်ယူရင်း ဖြစ်နေတာ” ဟု ၎င်းက ပြောသည်။

“ချေး‌ငွေဆိုတာက အလှူငွေမဟုတ်ဘူးလေ” ဟု ဒေါ်ဖြူယမင်းမြတ်က ဆက်ပြောသည်။

MMFA ဒုတိယဥက္ကဋ္ဌလည်းဖြစ် အသေးစားငွေချေးလုပ်ငန်း Microfinance Delta International ကုမ္ပဏီ၏ လက်ထောက်မန်နေဂျာလည်းဖြစ်သူ ဦးမျိုးညွန့်ကမူ အခြေခံပြည်သူများမှာ ငွေချေးယူနိုင်မည့် ရင်းမြစ် များပြားလာခြင်းကြောင့် ငွေချေးလုပ်ငန်းများ၏အကူအညီ ဆက်ယူနေဆဲဖြစ်သဖြင့် အသေးစားချေးငွေလုပ်ငန်းရှုထောင့်မှ ကြည့်လျှင် အောင်မြင်လာသည်ဟု ပြောသည်။

အသေးစားချေးငွေကဏ္ဍအတွင်း ချေးငွေအဖွဲ့အစည်းများ အများအပြားရှိလာခြင်း၊ ဆင်းရဲနွမ်းပါသူများကို ငွေထုတ်ချေးနိုင်မှု များပြားလာသည့်အတွက် အောင်မြင်နေသော်လည်း ဝေးလံခေါင်ဖျားသည့် နေရာများအထိ လက်လှမ်းမမီနိုင်သေးကြောင်း၊ အသေးစားချေးငွေအဖွဲ့များက တစ်ခုနှင့်တစ်ခု ပြိုင်ဆိုင်နေမှုများကြောင့် အကြွေးထပ် (Overlapping) ပြဿနာများမှာ အဓိက ပြဿနာများဖြစ်ကြောင်း ဦးမျိုးညွန့်က ပြောသည်။

ထို့အပြင် ငွေချေးသူအများစုသည် ငွေကြေးဆိုင်ရာ အသိပညာနှင့်ပတ်သက်၍ အားနည်းနေသေးကြောင်း၊ ၂၀၁၈ ခုနှစ်က ၎င်းတို့ကုမ္ပဏီထံမှ ချေး‌ငွေထုတ်ယူထားသူ ၆၀,၀၀၀ ကျော်ကို ငွေစုခြင်း၊ ငွေထုတ်ခြင်း၊ ငွေဆပ်ခြင်း၊ ဝင်ငွေနှင့် ထွက်ငွေ မျှမျှတတသုံးစွဲနိုင်ရေး စသည်နှင့်ပတ်သက်၍ စစ်တမ်းကောက်ယူရာတွင် ၇၅ ရာခိုင်နှုန်းကျော်ကသာ နားလည်လိုက်နာသည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောသည်။

ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် အကြွေးထပ်ပြဿနာကို အများဆုံး ရင်ဆိုင်နေရကြောင်း MMFA ၏ စစ်တမ်းတွင် တွေ့ရှိရသည်ဟု ဦးမျိုးညွန့်က ပြောသည်။

“ကျွန်တော်တို့နိုင်ငံမှာ အရင်ကထက်စာရင် ဆင်းရဲနွမ်းပါးမှု လျော့ကျလာပါတယ်။ လျော့ကျလာသလို အသုံးတွေကလည်း သုံးသင့်တာထက် ပိုသုံးလာကြတာလည်း တွေ့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာပေမယ့် စိတ်ပိုင်းဆိုင်ရာတိုးတက်မှုတော့ မရှိသေးဘူး” ဟု ၎င်းက ပြောသည်။

“လောဘကြောင့်၊ စီးပွားရေးရှုံးလို့ သူများဆီကနေ ယူပြီး ဆပ်တာမျိုးတွေတော့ ရှိနေမှာပဲ။ အချိန်တိုင်းတော့ ဖြစ်နေမယ်လို့ မထင်ဘူး” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ပြန်ထိန်းညှိဖို့လိုပြီလား

ငွေချေးသူတစ်ဦးအနေဖြင့် မိမိဆပ်နိုင်သည့် ပမာဏထက် ပိုမိုယူနေသည့်ဖြစ်ရပ်များကို အဓိကတားဆီးရမည့် တာဆီးရန် MMFA နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်းလုပ်ဆောင်နေသည်ဟု အဆိုပါဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ပြောသည်။

အသေးစားငွေချေးလုပ်ငန်းများသည် အတိုးနှုန်းသက်သက်သာသည့်အတွက်ကြောင့် အခြေခံလူတန်းစားများထဲမှ ငွေချေးသူအရေအတွက် တစ်စတစ်စ များပြားလာသောကြောင့် ယင်းကဏ္ဍကို ပြန်လည်ထိန်းညှိရန် လိုအပ်နေပြီဟု စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။

“ငွေစုငွေချေး လုပ်ငန်းမှာ ချေး(ပေး)ချင်တဲ့လူက များတယ်။ ဘာမှမလုပ်ရဘဲနဲ့ အတိုးများများရနေတဲ့ လုပ်ငန်းတွေက အပြင်မှာ မရှိဘူး။ ငွေစု၊ ငွေချေးလုပ်ငန်းတွေက တနေ့တခြားများလာတယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေက တက်မနေဘူး။ …ပြည်သူတွေ အကြွေးပတ်လည်ဝိုင်းပြီး မသိနားမလည်ဘဲ ဒုက္ခဖြစ်နေတာကို အစိုးရက ပြန်ပြီးထိန်းညှိဖို့ လိုနေတဲ့အချိန် ပြန်ရောက်ပြီ” ဟု ဒေါက်တာဇော်ဦးက ပြောသည်။

လွန်ခဲ့သည့် သုံးနှစ်ကျော်ကတည်းက တိုင်းပြည်စီးပွားရေး ကျဆင်းနေသည့်အတွက်ကြောင့် အကြီးစားစီးပွားရေးလုပ်ငန်းများပင် ခက်ခဲနေချိန်တွင် အသေးစားငွေချေးကဏ္ဍအတွက်လည်း စိန်ခေါ်မှုရှိနိုင်ကြောင်း မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွှန်ကြားရေးမှူးလည်းဖြစ်သူ ဒေါက်တာဇော်ဦးက သုံးသပ်သည်။

“အသေးစားမပြောနဲ့ အကြီးစားတွေအတွက်တောင် ခက်နေတာ။ အသေးစားတွေအတွက်ဆိုရင် မတွေးဝံ့စရာပေါ့နော်။ အသေးစားတွေကတော့ အရင်းအနှီးနဲ့လုပ်ရတယ်။ အရင်းထဲကပြုတ်ပြီး အရှုံးပေါ်နေတဲ့အခါကျတော့ သူတို့ရဲ့အကြွေးက ပိုပြီးတော့ နစ်သထက်နစ်လာတယ်” ဟု ၎င်းကပြောပြီး အစိုးရအနေဖြင့် စီးပွားရေးကဏ္ဍကို ပိုမိုတိုးတက်အောင် ဦးစွာလုပ်ရန် လိုအပ်သည်ဟု သုံးသပ်သည်။

“နိုင်ငံတော်အစိုးရရဲ့ ပင်မတာဝန်က စီးပွားရေးကို တိုးတက်အောင်လုပ်ပေးဖို့။ တိုးတက်ပြီဆိုရင်လည်း အဲဒီနောက်ကို အမီလိုက်နိုင်အောင် အားနည်းနေသူတွေကို အခုလို အသေးစားငွေစု၊ ငွေချေးလုပ်ငန်းတွေ ဖန်တီးပေးခြင်းအားဖြင့် ဒီလူတွေကလည်း သူတို့မှာအရင်းနှီးမရှိလို့ စီးပွားရေးတိုးတက်မှုလှိုင်းကို မစီးနိုင်တာမျိုး (မဖြစ်ဘဲ) အခွင့်အလမ်းမှာ ညီတူညီမျှရနိုင်တာပေါ့” ဟု ဒေါက်တာ ဇော်ဦးက ပြောသည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading