သတင်း

အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီကို တပ်မတော် ထပ်မံကန့်ကွက်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်နေသည့် ၄၅ ဦးပါပူးပေါင်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကန့်ကွက်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ပြည်ထောင်စုလွှတ်တော် နာယကထံ ယနေ့တွင် စာပေးပို့လိုက်သည်။

ပူးပေါင်းကော်မတီဝင် ဗိုလ်ချုပ်တင်ဆွေဝင်း လက်မှတ်ရေးထိုး၍ ဒီဇင်ဘာ ၂၀ ရက်စွဲဖြင့် ပေးပို့သောစာတွင် ကော်မတီ၏ဆုံးဖြတ်ချက်များမှာ အဖွဲ့ဝင် ၁၈ ဦးဖြင့် လူများစုဖြစ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြင်ဆင်ချက်များသာ အတည်ဖြစ်နေပြီး All Inclusive (အားလုံးပါဝင် ကိုယ်စားပြုမှု) မဖြစ်၍ ကန့်ကွက်ရသည်ဟု ပါဝင်သည်။

ထို့အတူ ကော်မတီအတွင်း မဲများရာနိုင်ဖြင့် ဆောင်ရွက်နေသော လုပ်ရပ်များကို ပြန်လည်စိစစ်ပေးရန်၊ နုတ်ထွက်သူ ငါးဦး၊ ၉ လခန့် အစည်းအဝေးတက်ရောက်ခြင်းမရှိသူ တစ်ဦးရှိနေသည့် ပူး‌ပေါင်းကော်မတီတွင် အချိုးမညီမဲပေးမှု ဖြစ်နေသည်ကို ပြန်လည်ဆန်းစစ်ရန် ဖော်ပြထားသည်။

ပူးပေါင်းကော်မတီကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြင်ဆင်ရေးလုပ်ငန်းစဉ်များမှာ ၂၀၀၈ အခြေခံဥပဒေပါ အခန်း ၉ သို့ ရောက်ရှိနေပြီဖြစ်ကာ ရှေ့လတွင် အပြီးသတ်နိုင်မည်ဟု အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်အတွင်း အစုအဖွဲ့အသီးသီး၏ ပါဝင်မှုကို အချိုးကျဖြင့် ဖွဲ့စည်းထားသည့် ယင်းကော်မတီကို ကနဦးဖွဲ့စည်းစဉ်က NLD ၁၈ ဦး၊ တပ်မတော်သား ၈ ဦးဖြစ်ပြီး အခြားသောပါတီများနှင့် တစ်သီးပုဂ္ဂလများထဲမှ အများဆုံးနှစ်ဦးစီပါဝင်သည်။

Show More

Related Articles

Back to top button