
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်နှစ်ဦး ထပ်မံနုတ်ထွက်သွားသည်။
နုတ်ထွက်သွားသည့် ကော်မတီဝင် နှစ်ဦးမှာ မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုးနှင့် ကချင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှ ဦးဆီဟူးဒွေ့တို့ ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ဒီဇင်ဘာ ၁၆ နေ့စွဲပါ အမိန့်ကြော်ငြာစာဖြင့် ကိုယ်စားလှယ်များ၏ သဘောဆန္ဒအတိုင်း နုတ်ထွက်ခွင့် ပြုလိုက်သည်ဟုလည်း ဖော်ပြထားသည်။
ဒီဇင်ဘာ ၁၆ရက်က နုတ်ထွက်ခွင့်ရသည့် ပြည်ခိုင်ဖြိုးအမတ်နှစ်ဦးဖြစ်သည့် မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုးနှင့် ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၂ အမတ် ဦးဆီဟူးဒွေ့တို့က ပူးပေါင်း ကော်မတီအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၏ သဘောထား သာလွှမ်းမိုးနေကြောင်း ဝေဖန်သည်။
“ကြုံတွေ့နေရတဲ့ အနေအထားအရ ပူးပေါင်းကော်မတီက ထွက်လာမယ့် ဥပဒေကြမ်းဟာ အဖွဲ့ဝင်အားလုံး ရဲ့ဆန္ဒမဟုတ်ဘူးဆိုတာကို သိရပြီဖြစ်တဲ့အတွက် နုတ်ထွက်တာပါ”ဟု ဦးဆီဟူးဒွေ့ကဆိုသည်။
ယင်းကော်မတီအတွင်း NLD က ၁၈ ဦးဖြင့် လူများစုဖြစ်ပြီး ပြည်ခိုင်ဖြိုးအပါအဝင် အခြားသော နိုင်ငံရေးပါတီများမှာ အများဆုံး နှစ်ဦးအထိ သာ ကိုယ်စားပြုခွင့်ရထားသည်။
ပြည်ခိုင်ဖြိုးနည်းတူ ကော်မတီအတွင်း ကိုယ်စားပြုသူ နှစ်ဦးသာရရှိထားသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၂ အမတ် ဦးစိုင်းထွန်းအောင်ကမူ နုတ်ထွက်သူများ၏ ဝေဖန်မှုနှင့် ပတ်သက်၍ မည်သည့်မှတ်ချက်မျှမပေးလိုကြောင်း Myanmar Now ကိုပြောသည်။
သို့သော် ကိုယ်စားပြုမှု ရှစ်ဦးဖြင့် ကော်မတီအတွင်း ဒုတိယအများဆုံးပါဝင်ခွင့်ရထားသည့် တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက နုတ်ထွက်မှုများကြောင့် ကော်မတီအတွင်း မဲခွဲမှုများတွင် မညီမျှမှုများ ပေါ်ပေါက်နေကြောင်း၊ NLD ကပြင်ဆင်ရန်တင်ထားသည့် ၁၄၄ ချက်ကိုသာ ဦးတည်ဆုံးဖြတ်နေသကဲ့သို့ ဖြစ်နေကြောင်း ယနေ့ ပြည်ထောင်စုလွှတ်တော်၌ မီဒီယာများကို ပြောသည်။
တပ်မတော်ကိုယ်စားလှယ်များ ကော်မတီမှ နုတ်ထွက်ရန်ရှိမရှိ သတင်းထောက်များက မေးမြန်းရာတွင်မူ “ကျွန်တော်တို့ကတော့ လက်ရှိအနေအထားအထိ ဝင်ရောက်ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ဒါကျွန်တော်တို့ရဲ့ ရပ်တည်ချက်ပါပဲ”ဟု ၎င်းကပြန်ဖြေသည်။
နုတ်ထွက်မှုများကြောင့် လုပ်ငန်းထိခိုက်ရန်မရှိကြောင်း NLD ပါတီမှ အဆိုပါကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးကဆိုသည်။
ဥပဒေနှင့်အညီဖွဲ့စည်းထားသည့် ကော်မတီမှ နုတ်ထွက်သည်ဆိုခြင်းမှာ သက်ဆိုင်သူများ၏ အခွင့်အရေးသာ ဖြစ်၍ တားမြစ်ကန့်သတ်ရန်မရှိကြောင်း၊ ကော်မတီအတွင်း ဆွေးနွေးဆောင်ရွက်မှုများသည် ပုဒ်မပေါင်း ၄၀၀ နီးပါးပြီးစီးပြီဖြစ်၍ အခြေခံ ဥပဒေ အခန်း ၉ အထိပင်ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
ပုဒ်မပေါင်း ၄၅၇ ခုပါဝင်သည့် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်များမှာ လာမည့် ဇန်နဝါရီလအတွင်း၌ ပြီးစီးမည်ဟု ကော်မတီဝင် NLDအမတ်တစ်ဦးဖြစ်သူ ဦးအောင်ကြည်ညွန့်က မီဒီယာများကို ထုတ်ဖော်ပြောဆို ထားသည်။
အဖွဲ့ဝင် ၄၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည့် အဆိုပါပူးပေါင်းကော်မတီမှ ရခိုင်အမျိုးသားပါတီဝင် နှစ်ဦးနှင့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီဝင် တစ်ဦးတို့က စက်တင်ဘာလဆန်းပိုင်းတွင် အသီးသီး နုတ်ထွက်ခဲ့သဖြင့် ယခုအခါ နုတ်ထွက်သူ စုစုပေါင်း ငါးဦး ရှိပြီ ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ကော်မတီတစ်ခု ဖွဲ့စည်းရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က ဖေဖော်ဝါရီလဆန်းတွင် မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့သည်။
ယင်းဆုံးဖြတ်ချက်အရ အဆိုပါပူးပေါင်းကော်မတီကို NLD ကိုယ်စားလှယ် ၁၈ ဦး၊ တပ်ကိုယ်စားလှယ် ရှစ်ဦး၊ လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း ၄၅ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။