
ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မြေပုံမြို့တို့တွင် ယမန်နေ့ကတည်းက တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး ပလက်ဝမြို့နယ်တွင်မူ ယနေ့ညနေ ၃ နာရီထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများလည်းရှိသည်ဟု တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့က ဆိုသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တပ်မတော် ခြေလျင်တပ်ရင်း (၂၈၉) တပ်ရင်းဌာနချုပ်နှင့် ပလက်ဝမြို့၊ နှုန်းဘူးငယ်ရွာ၏ အရှေ့ဘက် (၁.၃) ကီလိုမီတာ အကွာအဝေးရှိ တပ်မတော်ဗျူဟာကုန်းတို့ကို ယမန်နေ့နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိကြောင်း AA က ယမန်နေ့ (ဒီဇင်ဘာ ၉ရက်) က ထုတ်ပြန်ထားသည်။
တပ်မတော်၏ ထိုးစစ်ဆင်မှုကို တုံ့ပြန်သည့်အနေဖြင့် တန်ပြန်တိုက်ခိုက်ရခြင်းဖြစ်ပြီး ယမန်နေ့က ဖြစ်ပွားသည့် ပလက်ဝမြို့နယ်တိုက်ပွဲများအတွင်း တပ်မတော်ဘက်မှ အနည်းဆုံး ၅ ဦး ကျဆုံးကြောင်း AA က ဆိုသည်။
တပ်မတော်ကမူ ပလက်ဝမြို့နယ်၊ နှုန်းဘူးငယ်ရွာအနီး ဖြစ်ပွားသည့် ဗျူဟာကုန်းတိုက်ပွဲအတွင်း AA ဘက်မှ အလောင်း ၆ လောင်းနှင့် လက်နက်အချို့ သိမ်းဆည်းရမိခဲ့သည်ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက Myanmar Now ကိုပြောသည်။
“မနေ့က ချတဲ့နေရာကိုပဲ ဒီကောင်တွေ လာပြန်ဆော်တာ၊ အခုအထိချနေတုန်းပဲ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုများကြောင့် ပလက်ဝမြို့နယ်အတွင်း ယခင်ကထက် လုံခြုံရေးပိုမိုတင်းကျပ်လာပြီး မြို့အနီးအနားတဝိုက်တွင် မြန်မာ့တပ်မတော်က လုံခြုံရေး ချထားမှုများရှိသည်ဟု ပလက်ဝမြို့ခံများက ပြောသည်။
“မြို့အနောက်ဘက်တောင်ကြော တစ်လျှောက်ပေါ့၊ အဲဒီဘက်မှာ တပ်အင်အားတွေချပြီး လုံခြုံရေးယူထားကြတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ပလက်ဝမြို့တွင် နှစ်လကြာမြင့်မည့် ညမထွက်ရအမိန့်ကိုလည်း နိုဝင်ဘာ ၉ ရက်တွင် ပလက်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ဒီဇင်ဘာ ၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် မြေပုံမြို့နယ် အင်ကြင်းရွာနှင့် စညှင်းရွာအနီးတွင်လည်း ယနေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တပ်မတော်မှ လက်နက်ကြီးများ ပစ်ခတ်နေသည့်အပြင် ရဟတ်ယာဉ်နှစ်စီးဖြင့် ရွာအရှေ့ဘက်တောင်တန်းများကို ပစ်ခတ်နေသည်ဟု ဒေသခံအချို့က ပြောသည်။
ယနေ့မနက်အစောပိုင်းမှစ၍ စညှင်းရွာ၏အနောက်ဘက် တစ်ဖာလုံခန့်အကွာ လယ်ကွင်းအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး နေ့လယ်ပိုင်းအထိ ရွာအနီးကျရောက်သည့် လက်နက်ကြီးအရေအတွက်မှာ ၂၀ ကျော် ရှိနေပြီဖြစ်ကြောင်း စညှင်းရွာအုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းက Myanmar Now ကို ပြောသည်။
ဒီဇင်ဘာ ၈ ရက်က စညှင်းရွာအနီးဖြစ်ပွားသည့် တိုက်ပွဲကြောင့် စညှင်းရွာမှ လူဦးရေ တစ်ထောင်ကျော်နှင့် အင်ကြင်းရွာမှ လူဦးရေ ၇၀ ခန့်တို့က နီးစပ်ရာကျေးရွာများသို့ တိမ်းရှောင်နေရသည်ဟု ဦးမောင်ရွှေသိန်းက ပြောသည်။
“ကျန်တဲ့ရွာသားတွေကတော့ ပြေးရမလား၊ ဆက်နေရမလား စဉ်းစားနေတယ်၊ ရဟတ်ယာဉ်နဲ့ပါ ပစ်နေတာဆိုတော့” ဟု ဦးမောင်ရွှေသိန်းက ပြောသည်။
မြေပုံမြို့ စညှင်းရွာအနီးဖြစ်ပွားသည့် တိုက်ပွဲကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အတည်ပြုပြီး တိုက်ပွဲအတွင်း လေကြောင်းကင်းထောက်ခြင်းများ ရှိသော်လည်း ရဟတ်ယာဉ်သုံးစွဲတိုက်ခိုက်ခြင်း မရှိကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ငြင်းသည်။
ရခိုင်တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေသလို အရပ်ဘက်အဖွဲ့အစည်းများ၏ စာရင်းများအရ အရပ်သားသေဆုံးမှုမှာလည်း ၁၀၀ ဝန်းကျင်ခန့်အထိ ရှိလာပြီ ဖြစ်သည်။ ထို့ပြင် ရခိုင်မြောက်ပိုင်း ၇ မြို့နယ်တွင် စစ်ဘေးရှောင်ရသူအရေအတွက် စုစုပေါင်း ၉၄၀၀၀ ကျော်အထိ ရှိလာနေပြီဖြစ်သည်။