ပညာရေးအတွေးအမြင်

အဆင့်မြင့်ပညာရေးဌာနကို ကျောခိုင်းခြင်း

အယ်ဒီတာရှင့်
 

ကျွန်မဟာ မကွေးတက္ကသိုလ်၊ ရူပဗေဒဌာနမှာ ၂၀၁၆ ကနေ ၂၀၁၉ ခုနှစ်ထိ သုံးနှစ်ကြာ သရုပ်ပြဆရာမ (Demonstrator) အဖြစ် တာဝန်ထမ်းဆောင်ပြီး ၂၀၁၉ ဇူလိုင်လမှာ အလုပ်ထွက်စာ တင်ခဲ့ပါတယ်။

ဒီအလုပ်ကိုမဝင်ခင် တော်တော်စဉ်းစားခဲ့ပါတယ်။ ကိုယ့် ဆရာ၊ ဆရာမတွေနဲ့ တိုင်ပင်တော့ နင် ပြန်လာရင် နိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့အချိန်မှာ ပညာရေးကဏ္ဍမှာ တစ်နေရာကနေ အကျိုးပြုနိုင်ရင် ကောင်းတာပေါ့လို့ ပြောပါတယ်။ ကျွန်မဟာ သူများနိုင်ငံမှာ နှစ်တွေအများကြီး နေခဲ့ရတာရယ်၊ အသက်ကြီးလာတဲ့ မိဘတွေကို ပြုစုချင်တာရယ်၊ မြန်မာနိုင်ငံ ပညာရေးအရွေ့မှာ နိုင်သလောက် ပါဝင်ဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ရှိလို့ရယ် သရုပ်ပြအလုပ်ကို ကျေနပ်ပျော်ရွှင်စွာနဲ့ အလုပ်ဝင်ခဲ့တာပါ။

သုံးနှစ်တာကာလအတွင်း အတွေ့အကြုံတွေကတော့ များပြားလှပါတယ်။ ကျွန်မဟာ အနိမ့်ဆုံးရာထူးနဲ့ အလုပ်ဝင်ခဲ့တာမို့ ဌာနတွင်းသာမက အဆင့်မြင့်ပညာရေးကဏ္ဍရဲ့ အကြောင်းအရာမျိုးစုံ၊ အောက်ခြေမှာ ဖြစ်နေတာတွေကို သိခဲ့ရပါတယ်။ တကယ် ထဲထဲဝင်ဝင် အလုပ်လုပ်လာတဲ့အခါမှာ တချို့ကိစ္စတွေဟာ ကိုယ်နဲ့အဆင်မပြေလှဘူးဆိုတာ တွေ့လာပါတယ်။ သူများနိုင်ငံမှာတုန်းက ရတဲ့လစာနဲ့ ခံစားခွင့်တွေကို နှိုင်းယှဉ်နေတာ မဟုတ်ပါ။ မလေးရှားမှာ Research Fellow အနေနဲ့၊ Lecturer ရာထူးနဲ့ ကျပ်သိန်း ၂၀ ခန့် ရှိမယ့်လစာနဲ့ အလုပ်လုပ်ခဲ့ရာကနေ မြန်မာပြည်၊ နယ်တက္ကသိုလ်တစ်ခုမှာ သရုပ်ပြရာထူးနဲ့ လစာ ကျပ် ၁၈၀,၀၀၀ ပဲ ရမယ်ဆိုတာကို သိရှိလက်ခံခဲ့ပြီးသားပါ။ ကိုယ့်နိုင်ငံက ဆင်းရဲတဲ့ နိုင်ငံမို့ ဒါတွေကို နှိုင်းယှဉ်ဖို့မလိုပါ။ ကျွန်မပြောချင်တာက လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်ကြပုံကိုပါ။

ကျွန်မဟာ မကွေးတက္ကသိုလ်ကနေ ရူပဗေဒအထူးပြုနဲ့ ၂၀၀၂ ခုနှစ်မှာ ကျောင်းပြီးခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ကနေ Engineering Physics နဲ့ မဟာတန်းပြီးခဲ့ပြီး မလေးရှားနိုင်ငံက Universiti Sains Malaysia ကနေ ပါရဂူဘွဲ့ ရခဲ့ပါတယ်။ မလေးရှားက တက္ကသိုလ်မှာ PhD ကျောင်းသူဘဝနဲ့ အချိန်ပြည့် သုတေသနတွေ လုပ်ခဲ့ပါတယ်။ ကျောင်းပြီးတော့ Research Officer အနေနဲ့ သုတေသနတွေ ဆက်လုပ်၊ ပြီးတော့ University of Malaya မှာ Postdoctral and Research Fellow, National University of Singapore နဲ့လည်း သုတေသနတွေ ပူးပေါင်းလုပ်ခဲ့တာ စုစုပေါင်း ၈ နှစ် ကြာခဲ့ပါတယ်။ သုတေသန စာတမ်းတွေ၊ Conference Paper တွေ ရေးခဲ့ပြီး နည်းပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေလည်း တက်ခဲ့တယ်။

တက္ကသိုလ်တွေရဲ့အသက်ဟာ သုတေသနလို့ လက်ခံထားကြပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ တက္က သိုလ် တစ်ခုနဲ့တစ်ခု ပညာရှင်တွေက သုတေသနတွေ ပူးပေါင်းဆောင်ရွက်ကြတယ်။ အသစ်တွေ တီထွင်ပြီး ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု၊ လူသားအကျိုးပြု သုတေသနတွေ လုပ်ကြတယ်။ အဲဒီလို လုပ်နိုင်ဖို့ ပညာရှင်တွေ မွေးမြူနိုင်ဖို့လိုပါတယ်။ ရန်ပုံငွေတွေ လိုအပ်တယ်။ လူမှန်နေရာမှန် ထားနိုင်ဖို့ လိုအပ်ပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ ပညာရပ်အသစ်တွေကို မျက်စိဖွင့် နားစွင့်ပြီး လေ့လာနေရမှာပါ။ ကျွန်မဟာ တက္ကသိုလ်မှာ စာသင်ရင်းနဲ့ ကျွန်မ စိတ်ဝင်စားတဲ့ ပညာရေးနဲ့ ပတ်သက်တဲ့၊ သုတေသနလုပ်နိုင်မယ့် အခွင့်အလမ်းတွေကို ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားခဲ့ရာမှာ ကျွန်မ ကြုံခဲ့ရတာကို ပြောပြချင်ပါတယ်။

Sustainable Development Goals နဲ့ ပတ်သက်လို့ Green Energy and Sustainable Environment ခေါင်းစဉ်နဲ့ ၂ ပတ်ကြာတက်ရမယ့် ဆွေးနွေးပွဲ ထိုင်ဝမ်နိုင်ငံမှာ ၂၀၁၇ ခုနှစ်တုန်းက လုပ်ပါတယ်။ အမေရိကက နာမည်ကြီးတက္ကသိုလ်တွေက ပါမောက္ခတွေလာပြီး ပို့ချသင်ကြားပေးမှာ ဖြစ်ပါတယ်။ ထိုင်ဝမ်ကို အခြေပြုပြီး အရှေ့တောင်အာရှနိုင်ငံက ပညာရှင်တွေကို ပညာသင်ဆုတွေပေးပြီး ဖိတ်ခေါ်ပါတယ်။ ပညာရှင် အယောက် ၅၀ လောက်ကို လက်ခံပြီး ကျင်းပတာပါ။ အရှေ့တောင်အာရှ နိုင်ငံတွေထဲက ကျွန်မတို့ တင်သွင်းတဲ့ Proposal တွေကို ကြည့်ပြီး Full Scholarship ကို ၂၅ ယောက် ရွေးချယ်ပြီး ပေးပါတယ်။ ၂၅ ယောက်ထဲမှာ ကျွန်မ ရွေးချယ်ခံရတယ်။ အဲဒီတော့ မြန်မာနိုင်ငံ ပညာရေးဝန်ကြီး ဌာနရဲ့ မူဝါဒအတိုင်း ဆွေးနွေးပွဲတက်ဖို့ အဆင့်ဆင့် စာရေးတင်ရပါ တယ်။ နေပြည်တော် အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ချုပ်ဆီကို စာတင်ရတယ်။ နှစ်လနီးပါးလောက် ကြာသွားပေမယ့် အကြောင်းမပြန်တဲ့အတွက် ကိုယ်တိုင်သွားပြီး စုံစမ်းမေးမြန်းတော့မှ ညွှန်ချုပ်က အဲဒီနိုင်ငံက သွားလို့ရတဲ့ နိုင်ငံထဲမှာ မပါလို့ သွားခွင့်မပြုနိုင်ဘူးလို့ ပြောပါတယ်။ ကျွန်မ တော်တော် စိတ်မကောင်း ဖြစ်ခဲ့တယ်။ အစိုးရဝန်ထမ်းတွေ အဲ့ဒီနိုင်ငံကို သွားခွင့် မပြုဘူးဆိုတာ တရုတ်ပြည်နဲ့ ပတ်သက်တဲ့ မူဝါဒကြောင့် ဖြစ်မယ်လို့ တွေးမိပါတယ်။ ဒါကတော့ နိုင်ငံရေးနဲ့ ပတ်သက်နေလို့ဆိုပြီး စိတ်ကို ဖြေရပါတယ်။ ဩစတြေးလျက မိတ်ဆွေတစ်ယောက်ကတော့ မြန်မာနိုင်ငံက ကန့်သတ်ပိတ်ပင်မှုတွေ သိပ်များတာပဲလို့ ပြောပါတယ်။ “ဒီလိုပုံစံမျိုးနဲ့ဆိုရင် မင်းတို့နိုင်ငံမှာ ပညာရှင်တွေများလာအောင် ဘယ်လို မွေးမြူ တည်ဆောက်မလဲ” လို့ မှတ်ချက်ပြုပါတယ်။

နောက်တစ်ခုက ၂၀၁၈ ထဲမှာ ASEAN Science and Technology Fellowship ဆိုပြီး USAID ကနေ အထောက်အပံ့ပေးတဲ့ Fellowship လျှောက်တုန်းကပါ။ နိုင်ငံအတွက် စွမ်းအင်ကဏ္ဍနဲ့ ပတ်သက်ပြီး၊ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး လုပ်ရမယ့် သုတေသနပါ။ အဲဒီ program ကို လျှောက်တုန်းက ၁၀ တန်း အဖြေလွှာတွေ စစ်နေတဲ့ နွေရာသီအပူဆုံးအချိန်။ ရူပဗေဒဌာနကို လာရောက်ပို့ချပေးနေတဲ့ အမေရိကန်က ပါမောက္ခကို ပုဂံဘုရားဖူးလိုက်ပို့ပြီး အပြန်မှာ မော်တော်ကားမတော်တဆမှုကြောင့် ဆေးရုံတက်ခဲ့ရပြီး ခေါင်းမူးနေတဲ့ ကာလပါ။ ကျောင်းကနေ အဆောင်ပြန်ရောက်တာနဲ့ အနားမယူနိုင်ဘဲ စာတွေဖတ်၊ Fellowship လျှောက်ဖို့ Proposal တွေရေး၊ လျှောက်လွှာထဲမှာ မေးသမျှ မေးခွန်းတွေ ဖြေနဲ့ ညဉ့်နက်သန်းခေါင် မိုးလင်းခါနီးထိ ပြင်ဆင်ခဲ့ရတယ်။ နာမည်ကြီး ပါမောက္ခတွေရဲ့ ထောက်ခံချက်တွေ ရအောင် အားထုတ်ခဲ့ရတယ်။ ဒီလိုနဲ့ Fellowship Application ကို စိတ်တိုင်းကျ ပြင်ဆင်ခဲ့ပြီး သတ်မှတ်တဲ့ရက်မှာ တင်လိုက်နိုင်ခဲ့ပါတယ်။ ဒီဆုကို ပေးအပ်မယ့် ရွေးချယ်ရေးအဖွဲ့ ရုံးစိုက်ထားတာက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေကနေ တစ်နိုင်ငံ နှစ်ယောက်နှုန်း ရွေးချယ်ဆုပေးတာ ဖြစ်ပါတယ်။ တစ်လအကြာ အင်ဒိုနီးရှား ရွေးချယ်ရေးအဖွဲ့ရုံးကနေ ကျွန်မကို 1st Round ရွေးချယ်မှုမှာ ရွေးချယ်လိုက်ကြောင်း အီးမေးနဲ့ အကြောင်းကြားပါတယ်။ 2nd Round ရွေးချယ်မှုကိုတော့ ‘မင်းတို့ နိုင်ငံက ကိုယ်စား ပြုအဖွဲ့ (National Representative Committee) က အင်တာဗျူးလုပ်ပြီး ရွေးချယ်လိမ့်မယ်’ တဲ့။ ကျွန်မ တော်တော် ပျော်သွားပါတယ်။

ကျွန်မဟာ မြန်မာနိုင်ငံက ကိုယ်စားပြုကော်မတီက ဘယ်အချိန်မှာ ဆက်သွယ်လာမလဲလို့ စောင့်ခဲ့ပါတယ်။ 2nd Round နောက်ဆုံးရွေးချယ်မှုကို လှမ်းပို့ရတော့မယ့် နေ့မတိုင်ခင် တစ်ရက်အလိုကျမှ ကော်မတီကနေ အီးမေးဝင်လာပြီး ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ်ထားသူတွေကို သိရပါတယ်။ ကျွန်မက တတိယပါ။ တစ်နိုင်ငံ ၂ ယောက်ရွေးမှာဆိုတော့ တတိယဖြစ်နေတဲ့ ကျွန်မက အလိုလို ပြုတ်ပြီးသားပါ။ ပထမနဲ့ ဒုတိယက ရန်ကုန်စက်မှုတက္ကသိုလ် နဲ့ ရန်ကုန်တက္ကသိုလ်တို့က ဖြစ်ပါတယ်။ နှစ်ဦးလုံးက တွဲဖက်ပါမောက္ခဆရာ နဲ့ ဆရာမတွေပါ။ ကျွန်မသာလျှင် သရုပ်ပြရာထူးနဲ့ အနိမ့်ဆုံး ဖြစ်နေတာပါ။ ရွေးချယ်မှုမှာ ရာထူးနဲ့ ဆုံးဖြတ်သွားတာလား။ ဘာအင်တာဗျူးမှမခေါ်ဘဲ ဘယ်လိုအချက်အလက်တွေ နဲ့ ရွေးချယ်ဆုံးဖြတ်ခဲ့တာလဲ။ 1st Round ရွေးချယ်ထားတဲ့ လူစာရင်းဟာ ရာထူးကို အခြေမခံဘဲ ကျွန်မတို့ရေးထားတဲ့ Proposal အရည်အသွေး နဲ့ Recommendation အားကောင်းမှုတွေကို ကြည့်ပြီး ရွေးချယ်ခြင်းဖြစ်ပါတယ်။ ပထမ နဲ့ ဒုတိယ ရွေးချယ်ခံလိုက်ရတဲ့ ဆရာ နဲ့ ဆရာမတွေလည်း တော်ကြတယ်ဆိုတာ ကျွန်မ လက်ခံပေမဲ့ မြန်မာနိုင်ငံက ရွေးချယ်ရေးအဖွဲ့က အင်တာဗျူးမခေါ်ဘဲ ရွေးချယ်ခဲ့တဲ့ နည်းလမ်းမကျမှုကို ကျွန်မ နားမလည်နိုင်ပါဘူး။ ဒီတစ်ကြိမ်တော့ ကျွန်မ မခံနိုင်တော့ဘူး။ တော်တော် စိတ်ထိခိုက်သွားပြီး တစ်ယောက်တည်း အခန်းထဲမှာ ဝမ်းနည်းစွာ ငိုခဲ့မိတယ်။

ဆက်စပ်နေလို့ အခြေခံပညာအဆင့်မြင့်ဦးစီးဌာန အလုပ်လုပ်ပုံက ပြောရရင် နိုင်ငံတကာနဲ့ ချိတ်ဆက်ထားတဲ့ Fellowship တွေ၊ Scholarship တွေ လျှောက်ဖို့ဆိုရင် အဆညကနေ တက္ကသိုလ်တွေကို စာတွေ ပို့ပြီး အကြောင်းကြားလေ့ရှိပါတယ်။ များသောအားဖြင့် မနက်ဖြန် နောက်ဆုံးနေ့ဆိုရင် ဒီနေ့မှ စာဝင်လာတာမျိုး၊ Deadline ကျော်မှ စာဝင်လာတာမျိုးပဲ များပါတယ်။ ဒီတော့ တက္ကသိုလ်အသီးသီးက စိတ်ဝင်စားတဲ့၊ လျှောက်ချင်တဲ့ ဆရာ၊ ဆရာမတွေ ပြင်ဆင်ဖို့ အချိန်လည်းမရှိ လျှောက်လို့မရတော့ပါ။ ရန်ကုန်၊ မန္တလေး တက္ကသိုလ်၊ စက်မှုတက္ကသိုလ်တို့ပဲ အနည်းနဲ့အများ အချိန်မီ သိကြတာများပါတယ်။ ဒါဟာ နယ်တက္ကသိုလ်တွေကို အလေးမထားတာလား၊ အဆည အလုပ်လုပ်ပုံဟာ အလုပ်အပေါ်မှာ အလေးထားဆောင်ရွက်မှု မရှိဘူးဆိုတာကို ဖော်ပြနေသလိုပါပဲ။

နှစ်ပေါင်းများစွာ ချည့်နဲ့ညံ့ဖျင်းတဲ့ ပညာရေးစနစ်အောက်မှာ အပြောင်းအလဲနဲ့ နိုင်ငံတကာအဆင့် တက်လှမ်းနိုင်ဖို့ အရွေ့ကို မရောက်နိုင်ဘူး ဖြစ်နေပါတယ်။ ခက်ခဲပေမဲ့ အခက်အခဲကြားကပဲ နိုင်သလောက် လုပ်ကြရမှာပါ။ မြန်မာ့ပညာရေးကဏ္ဍ အဆင့်မြင့်တိုးတက်လာအောင် လုပ်ဖို့ ပညာရေးဝန်ကြီးနဲ့တကွ အဆင့်မြင့်အရာရှိတွေဟာ ထက်မြက်တဲ့အမြင်နဲ့ ပညာရေးအပြောင်းအလဲအတွက် မှန်ကန် ကောင်းမွန် သင့်လျော်တဲ့ ပညာရေးမူဝါဒတွေ ချမှတ်ပြီး အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်မှသာ ထင်ရှားတဲ့ အရွေ့ ဖြစ်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။ အခုလည်းပဲ အဆင့်မြင့်ပညာရေးပိုင်းမှာ ရာထူးတိုး၊ အပြောင်း အရွှေ့မူဝါဒတွေနဲ့ပတ်သက်ပြီး ဆူညံသံများစွာနဲ့ ပြဿနာတွေကို သိလာရပါ တယ်။ စာတမ်းအတုတွေနဲ့ ရာထူးတိုးဖို့ လုပ်ကြတာတွေ ပေါ်ထွက်လာပြီး ပညာရေးအဖွဲ့အစည်းတစ်ခုလုံး သိက္ခာတွေ မြောင်းထဲ ရောက်တော့တာပဲ။

ကြုံတွေ့ခဲ့ရတဲ့ အခြေအနေမျိုးစုံဟာ ကျွန်မကို စိတ်ဓာတ်ကျစေခဲ့ပါတယ်။ တကယ်တော့ ဒီရင်ဖွင့်စာမှာ ထည့်သွင်းမရေးထားတဲ့ အခြားအကြောင်းအရာတွေလည်းရှိပြီး အခြေအနေမျိုးစုံကို သုံးသပ်ပြီးတဲ့နောက် အဆင့်မြင့်ပညာရေးလောကကို စိတ်ပျက်စွာ ကျောခိုင်းထွက်ခွာခဲ့ပါတော့တယ်။

ပညာရေးဝန်ကြီးဌာန တာဝန်ရှိ လူကြီးတွေအနေနဲ့ လူမှန်နေရာမှန် ထားနိုင်ပြီး လူတိုင်း သူ့နေရာနဲ့သူ ထိထိရောက်ရောက် ဆောင်ရွက်ခွင့် ရနိုင်စေဖို့၊ နိုင်ငံရဲ့ ရေရှည်အကျိုး၊ အနာဂတ်မျိုးဆက်တွေအတွက် လက်တွေ့ စီမံခန့်ခွဲဆောင်ရွက်နိုင်ကြပါစေ၊ မှန်ကန်ထိရောက်တဲ့ ပညာရေးမူဝါဒတွေ ချမှတ်ပြီး ရဲဝံ့စွာ အကောင်အထည်ဖော်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း . . . ။

ဒေါက်တာ နီလာလွင်

(ဒေါက်တာနီလာလွင်သည် လက်ရှိတွင် မြစ်ကြီးနားမြို့ရှိ ILBC ကျောင်း၌ ရူပဗေဒဘာသာရပ်ကို သင်ပြလျက်ရှိသည်။)

အယ်ဒီတာထံ ပေးစာကဏ္ဍ



Myanmar Now သတင်းဌာန၏ အယ်ဒီတာထံ ပေးစာကဏ္ဍသို့ ပေးပို့လာသော ပေးစာများစွာတွင် အယ်ဒီတာအဖွဲ့က သတ်မှတ်ထားသော အချက်အလက်များနှင့် ကိုက်ညီသည့် ပေးစာများကို ဖော်ပြပေးလျက်ရှိပါသည်။

Related Articles

Back to top button