အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာလူ့အခွင့်အရေးကော်မရှင် ကျားဖောင်ကိစ္စ ဖျာပုံသွားမည်

ကျားဖောင်များအပါအဝင် ပင်လယ်ပြင်ငါးဖမ်းလှေများပေါ်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကွင်းဆင်းစစ်ဆေးရန် ဖျာပုံမြို့နယ်သို့ လာမည့်သီတင်းပတ်တွင် သွားရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က Myanmar Now ကို ပြောသည်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က “ဒီပြဿနာတွေက အမြောက်အမြားဖြစ်နေတယ်ဆိုတာ စနစ်ကြီးတစ်ခု ဖြစ်နေတယ်ဆိုတဲ့ သဘောတစ်ခု ဖြစ်နေတာပေါ့။ ဒါကြောင့် ဒီလိုလူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ဖြစ်စဉ်တွေ ထပ်မဖြစ်ဖို့အတွက် ဘာလုပ်သင့်လဲဆိုတာကို ကွင်းဆင်းလေ့လာတဲ့ သဘောပါ” ဟု ဆိုသည်။

ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်ကြည်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်တို့ ပါ၀င်မည့် ကော်မရှင်စစ်ဆေးရေးအဖွဲ့သည် လုပ်ငန်းခွင်များအထိ သွားရောက်စစ်ဆေးရန် စီစဉ်ထားသည်ဟု ၎င်းက ဆိုသည်။

ကွင်းဆင်းစစ်ဆေးပြီး ရရှိလာသည့် အချက်များအား သုံးသပ်ပြီး လူ့အခွင့်အရေးချိုးဖောက်နေသည့် အဖြစ်အပျက်များ လျော့နည်း ပပျောက်သွားစေရန် စီမံချက်အသစ်တစ်ခု ထပ်မံရေးဆွဲသွားမည်ဟု ဦးယုလွင်အောင်က ပြောသည်။

ကျားဖောင်ပေါ်တွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ပတ်သက်ပြီး ကော်မရှင်အား တိုင်ကြားမှုများရှိသော်လည်း ယခင်နှစ်များက သက်ဆိုင်ရာဌာနများဖြစ်သည့် တိုင်းအစိုးရအဖွဲ့များနှင့် အလုပ်သမားဝန်ကြီးဌာနတို့ ဆက်လက်ဖြေရှင်းဆောင်ရွက်ရန် အကြောင်းကြားခဲ့သည်ဟု ၎င်းက ပြောသည်။

ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်းအား ကျပ်သိန်း ၂၀ ခန့်လစာ ရမည့် အလုပ်ရှိသည်ဟုဆိုကာ အမျိုးသမီးနှစ်ဦးက ခေါ်ဆောင်သွားပြီး ကျားဖောင်တစ်ခုပေါ်သို့ ရောင်းချခဲ့မှု ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည်။

ကျားဖောင်ပေါ်တွင် တစ်လခွဲ ကြာမြင့်ခဲ့ပြီးနောက် မိသားစုက လိုက်လံရှာဖွေမှုကြောင့် ပြန်လည်လွတ်မြောက်လာခဲ့သည့် ကိုမြတ်သူရထွန်းသည် ကျားဖောင်ပေါ်တွင် နှိပ်စက်ခံရမှုကြောင့် ဘယ်ဘက်လက်ကျိုး၊ နားတစ်ဖက်ကွဲကာ ခြေလက်များဖူးရောင်သည့် ဒဏ်ရာများရရှိခဲ့သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ဖောင်ဦးစီးနှင့် လူကုန်ကူးခဲ့သည့် ပွဲစားတစ်ဦးအား ကျောက်တံတားမြို့နယ် ရဲစခန်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်စစ်ဆေးနေသည်။

၂၀၁၇-၁၈ ငါးဖမ်းရာသီ ၈ လတာကာလအတွင်း ကျားဖောင်ပေါ်တွင် အလုပ်လုပ်ရင်း ပျောက်ဆုံး၊ အသတ်ခံရမှုကြောင့် စုစုပေါင်း ၂၇၆ ဦး သေဆုံးခဲ့ကြောင်း ဖျာပုံခရိုင်ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့သည်။

အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများသည် စနစ်တစ်ခုအဖြစ် ဦးတည်နေခြင်းတို့ကို သိရှိပါက ကော်မရှင်က ဦးဆောင်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button