နိုင်ငံတကာသတင်းသတင်း

Twitter စီးအီးအို ယခုနှစ်အတွက် တောင်အာဖရိကတွင် ဝိပဿနာတရားစခန်းဝင်ဟုဆို

ဖေ့စ်ဘွတ်နှင့်အပြိုင် လူကြိုက်များသော လူမှုကွန်ရက်တစ်ခုဖြစ်သည့် Twitter (တွစ်တာ) ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဂျက် ဒေါ်ဆေး (Jack Dorsey) သည် တောင်အာဖရိကနိုင်ငံရှိ ဝိပဿနာရိပ်သာတစ်ခုတွင် ၁၀ တရားစခန်းပတ်တစ်ခု ဝင်ခဲ့ကြောင်း ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

“တတိယအကြိမ်မြောက် ၁၀ ရက် ဝိပဿနာတရားပတ်ကို တောင်အာဖရိကနိုင်ငံက ဓမ္မပတ္တကမှာ အားထုတ်ဖြစ်ခဲ့ပါတယ်။ ဒီတရားနည်းဟာ ကျွန်တော့်ဘဝမှာ အခက်ခဲဆုံးလည်း ဖြစ်ပြီး အကျိုးအရှိဆုံး၊ အဓိပ္ပာယ်အရှိဆုံးအလုပ်လည်း ဖြစ်ပါတယ်” ဟု အသက် ၄၃ နှစ်အရွယ် ဘီလျံနာသူဌေးက ၎င်း၏တွစ်တာလိပ်စာ @Jack တွင် နိုဝင်ဘာ ၂၄ ရက်နေ့က ရေးသားခဲ့သည်။

ကိပ်တောင်းမြို့မှ မိုင် ၈၀ ခန့်အကွာရှိ ဓမ္မပတ္တကရိပ်သာ (Dhamma Pataka) သည် တောင်အာဖရိကနိုင်ငံတွင် ပထမဆုံးတည်ထောင်ခဲ့သည့် ဝိပဿနာရိပ်သာဖြစ်ပြီး ၂၀၀၅ ခုနှစ်မှစ၍ တရားပတ်များ ဖွင့်လှစ်ခဲ့သည်ဟု အဆိုပါဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အမေရိကန်သား ဂျက်ဒေါ်ဆီသည် ယမန်နှစ် နိုဝင်ဘာလတုန်းကလည်း မြန်မာနိုင်ငံသို့ လာရောက်ကာ ပြင်ဦးလွင်မြို့ရှိ ဓမ္မမဟိမာ ဝိပဿနာရိပ်သာ၌ ၁၀ ရက် တရားစခန်းဝင်ခဲ့ကြောင်း ၎င်း၏ တွစ်တာတွင် တင်ခဲ့သေးသည်။

“ဝိပဿနာဆိုတာ ကိုယ့်အကြောင်းကိုယ်သိဖို့ ကျင့်ရတဲ့နည်းတစ်ခု ဖြစ်ပါတယ်။ အရာအားလုံးကို သိရှိနားလည်ဖို့ အတွင်းအဇ္ဈတ္တသဘောကို နားလည်ခြင်းပါ။ ဒုက္ခဆင်းရဲကနေ ဘယ်လို လွတ်မြောက်နိုင်မလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို ရှာဖို့ အင်မတန်ပြင်းထန်တဲ့ သိပ္ပံနည်းကျ စမ်းသပ်မှုတွေ ကိုယ်တိုင်လုပ်ပြီး ဒီနည်းနာနိဿယကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ က ဂေါတမဗုဒ္ဓ စူးစမ်းရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်” ဟု ဒေါ်ဆေးက ထိုစဉ်က ရေးသားခဲ့သည်။

ဓမ္မမဟိမာတရားရိပ်သာသည် မြန်မာနိုင်ငံဖွား ကွယ်လွန်သူ တရားပြဆရာကြီး ဦးဂိုအင်ကာ တည်ထောင်ခဲ့သည့် ဝိပဿနာရိပ်သာတစ်ခု ဖြစ်သည်။ ယင်းမတိုင်ခင် ရှေ့တစ်နှစ်ကလည်း အမေရိကန်နိုင်ငံရှိ ဦးဂိုအင်ကာတရားစခန်းတစ်ခု၌ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ခဲ့သေးသည်။

မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်အတွင်း ၎င်း သွားရောက်လည်ပတ်ခဲ့သည့် ဒေသများ၏ ဓာတ်ပုံများကိုလည်း တွစ်တာပေါ်မှာ တင်ခဲ့သလို မြန်မာနိုင်ငံသည် အလွန်လှပပြီး လူအများမှာလည်း ပျော်ရွှင်နေကြကြောင်း၊ အစားအသောက်မှာလည်း အံ့မခန်းဖြစ်ကြောင်းချီးကျူးရင်း ၎င်း၏ ၄ သန်းကျော်ရှိသော ပရိသတ်ကိုလည်း မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ကြရန် တိုက်တွန်းခဲ့သည်။

ထိုသို့ ရေးသားခဲ့သည်နှင့်ပတ်သက်၍ တွစ်တာသုံးစွဲသူအချို့က ၎င်းကို ဝေဖန်ခဲ့ကြသည်။ ရခိုင်ပြည်နယ်၌ ၂၀၁၇ ခုနှစ်က ARSA သူပုန်တို့အပေါ် တပ်မတော်၏ စစ်ဆင်ရေးများနှင့် ပတ်သက်ပြီး ရိုဟင်ဂျာတို့အပေါ် ‘လူမျိုးသုဉ်းသတ်ဖြတ်မှု” စွပ်စွဲခံနေရသည့် မြန်မာနိုင်ငံကို ချီးမွမ်းခြင်းမှာ “လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် အလေးဂရုမပြုခြင်း” ဖြစ်သည်ဟု ဝေဖန်သူများက ဆိုကြသည်။

မစ္စတာဒေါ်ဆေးကမူ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် လူ့အခွင့်အရေးပြဿနာများ၊ ဆင်းရဲဒုက္ခများအကြောင်း သူ ကောင်းစွာသိရှိကြောင်းနှင့် အလည်အပတ်သွားခြင်း၊ တရားအားထုတ်ခြင်း၊ ဒေသခံများနှင့် စကားပြောရုံမျှနှင့် ထိုချိုးဖောက်မှုများကို ထောက်ခံရာမရောက်ကြောင်း၊ ထိုကိစ္စကို သူ ဂဃနဏ မသိသေးပါကြောင်း တွစ်တာမှတစ်ဆင့် ပြန်လည်တုံ့ပြန်ခဲ့သည်။

Show More

Related Articles

Back to top button