သတင်း

Twitter CEO မြန်မာပြည်တွင် ဝိပဿနာ ၁၀ ရက်စခန်းဝင်ခဲ့

“ဒီနှစ်မှာကျရောက်တဲ့ ကျွန်တော့်ရဲ့မွေးနေ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ဆိတ်ဆိတ်နေပြီး အားထုတ်ရတဲ့ ဝိပဿနာ ၁ဝရက် တရားပတ်တစ်ခုကို ဝင်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ခေါက်တော့ မြန်မာပြည် ပြင်ဦးလွင်မှာပေါ့ဟု” သူက တွစ်တာပေါ်မှာ ထုတ်ဖော်ရေးသားလိုက်ပါတယ်။

အသက် ၄၂ ရှိပြီဖြစ်တဲ့ ဂျက်ဟာ မြန်မာပြည်ဖွား ကမ္ဘာ့ဝိပဿနာဆရာကြီး ဦးဂိုအင်ကာရဲ့ အမေရိကန်နိုင်ငံမှာရှိတဲ့ တရားရိပ်သာတစ်ခုမှာ ပြီးခဲ့တဲ့နှစ်က ၁၀ ရက် တရားပတ်တစ်ခုကို သူ့ဘဝမှာ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့ပြီး၊ ဒုတိယအကြိမ်ကို မြန်မာပြည်မှာ လာရောက်အားထုတ်ခဲ့ခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က သူတရားစခန်းထွက်လာချိန်မှာ ဘဝဟာ အသစ်တစ်ဖန် ပြန်မွေးဖွားလိုက်သလိုပဲလို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး၊ ခုတစ်ခါ တရားစခန်းက ထွက်လာချိန်မှာတော့ ဝိပဿနာတရားအားထုတ်ရခြင်းရဲ့ အကျိုးကျေးဇူးတွေကို သူ့တွစ်တာပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အဆက်မပြတ် ရေးသားလိုက်ပါတယ်။

“ဝိပဿနာဆိုတာ ကိုယ့်အကြောင်းကိုယ်သိဖို့ ကျင့်ရတဲ့နည်းတစ်ခု ဖြစ်ပါတယ်။ အရာအားလုံးကို သိရှိနားလည်ဖို့ အတွင်းအဇ္ဈတ္တသဘောကို နားလည်ခြင်းပါ။ ဒုက္ခကို ငါဘယ်လိုရပ်တန့်ရမလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ရှာဖို့ ကိုယ်တိုင် အင်မတန်ပြင်းထန်တဲ့ သိပ္ပံနည်းကျစမ်းသပ်မှုတွေလုပ်ပြီး ဒီနည်းနာနိဿယကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ က ဂေါတမဗုဒ္ဓ စူးစမ်းရှာဖွတွေ့ရှိခဲ့တာဖြစ်ပါတယ်” လို့ ဒီဇင်ဘာ ၉ ရက်နေ့က သူရဲ့တွစ်တာအကောင့်ပေါ်မှာ ရေးသားခဲ့ပါတယ်။

နောက်ပြီး သူက “ဝိပဿနာရဲ့ အဓိကရည်မှန်းချက်ကတော့ စိတ်ရဲ့အနက်ရှိုင်းဆုံးပိုင်းကို ထွင်းဖောက်ပြီး စိတ်ကို ပြုပြင်တာပဲ ဖြစ်တယ်။ ခံစားရသမျှ အကောင်းအဆိုးဝေဒနာတွေအားလုံးကို အဆက်မပြတ် တုံ့ပြန်နေမယ့်အစား ဒုက္ခတွေအားလုံး အနိစ္စ..မမြဲဘူး၊ သုခတွေအားလုံး အနိစ္စ…မမြဲဘူး။ ဝေဒနာတွေအားလုံး အဆုံးမှာတော့ ပြိုကွဲပျက်စီးသွားတာကို သတိနဲ့သိနေရုံပါပဲ” လို့လည်း သူ့ရဲ့အတွေ့အကြုံကို ရေးသားခဲ့ပါတယ်။

နိုဝင်ဘာ ၁၉ ရက်ညနေကနေ နိုဝင်ဘာ ၃၀ ရက်မနက်ထိ သူတရားအားထုတ်ခဲ့တဲ့ တရားစခန်းဟာ ဆရာကြီး ဦးဂိုအင်ကာရဲ့ ဝိပဿနာရိပ်သာခွဲတစ်ခုဖြစ်တဲ့ ပြင်ဦးလွင်မြို့မှာရှိတဲ့ ဓမ္မမဟိမာဝိပဿနာရိပ်သာ ဖြစ်ပါတယ်။

တရားရိပ်သာမှာ မနက် ၄ နာရီ အိပ်ရာထရပြီး ည ၉ နာရီထိ အဆက်မပြတ် တရားကို ပြင်းထန်စွာအားထုတ်ရကြောင်း၊ စားချိန်သောက်ချိန်တွေ၊ အနားယူချိန်တွေ ပေးထားပြီး သူနေထိုင်ရတဲ့ အခန်းလေးဟာ ဘာအဆောင်အယောင်မှ မပါတဲ့ သာမန်အခန်းငယ်လေးတစ်ခုဖြစ်ကြောင်း၊ ဦးဂိုအင်ကာရဲ့ ကမ္ဘာအနှံ့ရိပ်သာအားလုံးမှာလိုပဲ တရားပတ်စတာနဲ့ ဖုန်း၊ကွန်ပျူတာ ဘာမှသုံးခွင့်မရှိ၊ ကိုယ်လက်လေ့ကျင့်ခန်းမလုပ်ရ၊ စာရေးစာဖတ်မလုပ်ရ၊ သီချင်းနားမထောင်ရ၊ မူးယစ်စေတဲ့ဘာပစ္စည်းမှမသုံးစွဲရ၊ အသားမစားရ၊ စကားမပြောရ၊ ကိုယ်သုံးစွဲစားသုံးရသမျှအားလုံးဟာ သူများဒါနပြုလှူဒါန်းထားတာတွေပဲ၊ အားလုံးအခမဲ့ပါပဲလို့ ဂျက်ဒေါ်စီက ဆိုပါတယ်။

တရားပတ်ဒုတိယနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ဟာ သူ့အတွက် အားထုတ်ရတာ အဆင်ပြေဆုံးဖြစ်ကြောင်း၊ ဘာအတွေးတစ်မျှင်မှမရှိဘဲ တစ်နာရီကျော်တောင် ဝင်လေထွက်လေကို ရှုမှတ်နိုင်ခဲ့ကြောင်း၊ ခြောက်ရက်မြောက်နေ့မှာတော့ အအေးမိလို့ ထိုင်ရတာ အဆင်မပြေဆုံးနေ့ပဲဖြစ်ကြောင်းလည်း သူကဆိုပါတယ်။

“တရားအားထုတ်နည်းအများစုက ဝင်လေထွက်လေကို ရှုမှတ်ပြီး သမာဓိထူထောင်ဖို့ပါပဲ။ ဒါဟာဂေါတမရဲ့ ပန်းတိုင်တော့ မဟုတ်ပါဘူး။ ဂေါတမရဲ့ဆန္ဒကတော့ ဝေဒနာတွေကို တိုက်ရိုက်ရှုမှတ်ပြီး ဒုက္ခကို မုန်းတီးခြင်း ဒေါသ၊ သုခကိုတွယ်တာခြင်း လောဘတွေကို အမြစ်ဖြတ်ဖို့ပါပဲ။ သူ့သီအိုရီကတော့ တပ်မက်မှုတဏှာကို ဖြတ်ပြီး ဒုက္ခကို အမြစ်ဖြတ်သုတ်သင်ခြင်းပါပဲ”လို့လဲ ဂျက်ဒေါ်စီက ဆိုပါတယ်။

ဦးဂိုအင်ကာရဲ့ တရားရိပ်သာတွေမှာ စတင်ဝင်ရောက်အားထုတ်သူတိုင်း အနည်းဆုံး ၁၀ ရက် အားထုတ်ရပြီး ပထမသုံးရက်မှာ ဝင်လေထွက်လေကို ရှုမှတ်ပြီး သမာဓိထူထောင်တဲ့ အာနာပါနနည်းကို အားထုတ်ရပါတယ်။ နောက်ပိုင်း ခုနစ်ရက်မှာတော့ ရရှိလာတဲ့သမာဓိကို အသုံးပြုပြီး ခန္ဓာကိုယ်အနှံ့ ခံစားရသမျှ ဝေဒနာတွေအားလုံးကို ရှုမှတ်တဲ့ ဝေဒနာဝိပဿနာနည်းကို အသုံးပြုပါတယ်။

ဝိပဿနာတရားဟာ သူ့အတွက်ရော၊ သူ့အလုပ်အတွက်ရော အလွန်အကျိုးကျေးဇူးများကြောင်း နှစ်စဉ် ဝိပဿနာ ၁၀ ရက်တရားပတ်ကို ဝင်ရောက်မှာဖြစ်ကြောင်း၊ ရက်ရှည်တရားပတ်တွေကိုလည်း ဝင်ရောက်ဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း ဂျက်ကဆိုပါတယ်။

ဂျက်တရားအားထုတ်ခဲ့တဲ့ ဝိပဿနာနည်းဟာ နာမည်ကျော် လယ်တီဆရာတော်ဘုရားကြီးရဲ့နည်းဖြစ်ပြီး၊ ဒီနည်းကို ဆရာတော်ကြီးရဲ့တပည့် ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးကျေးရွာက အနာဂါမ်ဆရာသက်ကြီးကတစ်ဆင့် သူ့ရဲ့တပည့်ဖြစ်တဲ့ ငွေစာရင်းမင်းကြီး ဦးဘခင်၊ ဦးဘခင်ရဲ့တပည့်ဖြစ်တဲ့ ဆရာကြီးဦးဂိုအင်ကာက နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ရိပ်သာတွေဖွင့်လှစ်ပြီး လူမျိုးဘာသာပေါင်းစုံကို သင်ကြားပေးနေတဲ့နည်းဖြစ်ပါတယ်။

မြန်မာပြည်ရောက်တုန်း ဂျက်ဟာ ရွှေတိဂုံဘုရား၊ ပျော်ဘွယ်ကြီးရွာက အနာဂါမ်ဆရာသက်ကြီးရဲ့ တရားရိပ်သာ၊ ကျောက်ဆည်မြို့နယ်က ဝေဘူဆရာတော်ကြီး တရားအားထုတ်ခဲ့တဲ့ ဝေဘူချောင်က ဂူထဲကိုလည်း သွားရောက်ခဲ့ပါတယ်။

ဒီလိုသူသွားခဲ့တဲ့ ခရီးသွားဓာတ်ပုံတွေကိုလည်း သူရဲ့တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။ မြန်မာပြည်ဟာ သိပ်ကိုလှပတဲ့တိုင်းပြည်ပဲ။ မြန်မာပြည်သားတွေဟာ သိပ်ကိုပျော်ရွှင်နေကြတယ်။ အစားအသောက်ကလည်း သိပ်ကိုကောင်းတာပဲ။ ကျွန်တော် ရန်ကုန်၊ မန္တလေး၊ ပုဂံမြို့တွေကို သွားရောက်ခဲ့တယ်။

နေရာအနှံ့ဘုန်းကြီးကျောင်းတွေမှာ တရားထိုင်ခဲ့တယ်၊ မြန်မာပြည်ကို သွားရောက်လည်ပတ်ကြပါလို့လည်း သူ့တွစ်တာကို အမြဲမပြတ်ဝင်ရောက်ကြည့်ရှုနေသူ လူပေါင်း ၄ သန်းလောက်ကို သူက တိုက်တွန်းထားပါတယ်။

ခုလိုသူရေးသားလိုက်တာကို တချို့တွစ်တာသုံးစွဲသူတွေကလည်း လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာပြည်ကို ခရီးသွားဖို့ တိုက်တွန်းလို့ဆိုပြီး ပြစ်တင်ဝေဖန်ရှုတ်ချကြပါတယ်။ လူပေါင်းသိန်းနဲ့ချီပြီး တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးစေခဲ့တဲ့ ရခိုင်ပဋိပက္ခဖြစ်စဉ်ကို မသိကျိုးကျွန်ပြုနေတာလားလို့ ဂျက်ကို ဝေဖန်ကြပေမယ့် ဂျက်ကတော့ ဒီဝေဖန်မှုတွေကို ဘာမှတုံ့ပြန်တာမရှိပါဘူး။

=====
ဂျက်တရားထုတ်ခဲ့တဲ့ ဆရာကြီးဦးဂိုအင်ကာ၏ ဝိပဿနာရိပ်သာများ၏ အင်တာနက်စာမျက်နှာ https://www.dhamma.org/en/schedules/schjoti ကို ဝင်ရောက်လေ့လာနိုင်ပါတယ်။

Show More

Related Articles

Back to top button