နိုင်ငံတကာသတင်းသတင်း

အိန္ဒိယသမ္မတ မြန်မာခရီးစဉ်တွင် ဝိပဿနာတရားစခန်းသို့ သွားရောက်မည်

(ရန်ကုန်) – ယနေ့မှစတင်သည့် အိန္ဒိယနိုင်ငံသမ္မတ ရှရီရမ်က်သ်ကိုဗင့်ဒ်၏ ငါးရက်ကြာ မြန်မာပြည်ခရီးစဉ်တွင် ရန်ကုန်ရှိ ဝိပဿနာဆရာကြီး ဦးဂိုအင်ကာ၏ ဓမ္မဇောတိတရားရိပ်သာသို့ ခေတ္တ သွားရောက်မည်ဟု သိရှိရသည်။

၄င်းသည် ဒီဇင်ဘာ ၁၃ သို့မဟုတ် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ရန်ကုန်သို့ လာရောက်ပြီး ဓမ္မဇောတိရိပ်သာတွင် နာရီပိုင်းမျှ တရားအားထုတ်မည်ဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် ယမန်နေ့မှစ၍ ရိပ်သာတည်ရှိရာ ငါးထပ်ကြီးဘုရားလမ်း တစ်လျှောက် ရေနုတ်မြောင်းများကို စည်ပင်သာယာဌာနက လူအင်အား အများအပြားသုံး၍ သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်နေသည်။

ဓမ္မဇောတိ ဝိပဿနာတရားရိပ်သာသည် မြန်မာပြည်ဖွား အိန္ဒိယလူမျိုး တရားပြဆရာကြီး ဦးဂိုအင်ကာ ၁၉၉၅ ခုနှစ်ခန့်က ဖွင့်လှစ်ခဲ့သော တရားစခန်းဖြစ်သည်။

ရန်ကုန်ရှိ ဓမ္မဇောတိတရားရိပ်သာ (ဓာတ်ပုံ – https://journeyofkalapas.blogspot.com/)

အိန္ဒိယသမ္မတသည် ယနေ့တွင် နေပြည်တော်သို့ရောက်ရှိပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဟု အိန္ဒိယနိုင်ငံအခြေစိုက် သတင်းဌာနများက ရေးသားကြသည်။

အသက် ၇၃ နှစ်အရွယ် ရှိပြီဖြစ်သော အိန္ဒိယသမ္မတသည် ဝိပဿနာတရား အားထုတ်သူဟု လူသိများသည်။ ၄င်းသည် ယခုနှစ် ဇန်နဝါရီလတွင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ဆရာကြီး ဦးဂိုအင်ကာဝိပဿနာအဖွဲ့က တည်ထားခဲ့သည့် ကမ္ဘာ့ဝိပဿနာစေတီတော်တွင် ပြုလုပ်သော ကွယ်လွန်သူဆရာကြီး ဦးဂိုအင်ကာ၏ တရားပြဆရာဖြစ်သူ ငွေစာရင်းမင်းကြီး ဦးဘခင် ကွယ်လွန်ခြင်းအထိမ်းအမှတ် အခမ်းအနားတွင်လည်း မိန့်ခွန်း တက်ရောက် ပြောကြားခဲ့သူ ဖြစ်သည်။

ထိုမိန့်ခွန်းတွင် ၄င်းက “လူသားတွေအားလုံးရဲ့အကျိုးငှာ ကျွန်ုပ်တို့အားလုံး အကြမ်းဖက်မှုကနေ ကရုဏာတရားဆီကို အရောက်လှမ်းဖို့ လိုပါတယ်။ ဗုဒ္ဓမြတ်စွာက ဝိပဿနာတရား အားထုတ်နည်းကို သင်ကြားပြသခဲ့ပါတယ်။ ဒီနည်းမှာ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အပိုင်းသုံးပိုင်း ပါပါတယ်။ ဒီနည်းဟာ ကိုးကွယ်ရာ ဘာသာ၊ လူမျိုး၊ ယောက်ျားမိန်းမ၊ ဘာသာစကား၊ ဇာတ်နိမ့်ဇာတ်မြင့် ဘာခွဲခြားမှုမှမပါတဲ့၊ လူသားအားလုံးအတွက် အကျိုးရှိစေတဲ့ တရားအားထုတ်နည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယခုနှစ် ဧပြီလတွင်လည်း အိန္ဒိယနိုင်ငံ၏ အင်အားအကြီးဆုံး အတိုက်အခံပါတီ အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌဖြစ်သူ ရာဟူးလ်ဂန္ဓီသည် သူ၏နိုင်ငံမှ တိတ်တဆိတ် ထွက်လာကာ ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်ရှိ ဆရာကြီးဦးဂိုအင်ကာ၏ ဓမ္မနီဓိ တရားရိပ်သာတွင် ရက် ၂ဝ တရားပတ် ဝင်ရောက် အားထုတ်ခဲ့ကြောင်း ရန်ကုန်ရှိ ဆရာကြီး ဦးဂိုအင်ကာ၏ လက်ထောက်တရားပြဆရာတစ်ဦးက Myanmar Now ကို ပြောကြားသည်။ အသက် ၄၈ နှစ် ရှိပြီဖြစ်သော ရာဟူးလ်ဂန္ဒီသည် အိန္ဒိယနိုင်ငံ အမျိုးသားခေါင်းဆောင်ကြီး ဂျဝါဟာရယ်နေရူးလ်၏ မြစ်တော်စပ်သူဖြစ်ပြီး၊ ၄င်း၏ မိဘများမှာ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီ နှင့် ဆိုနီယာဂန္ဒီတို့ ဖြစ်သည်။

Show More

Related Articles

Back to top button