အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပလက်ဝတိုက်ပွဲတွင် တပ်မတော်သား ၁၃ ဦး ဖမ်းဆီးရမိကြောင်း ဓာတ်ပုံနှင့်တကွ AA ထုတ်ပြန်

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း နိုဝင်ဘာ ၁၉ ရက်က ဖြစ်ပွားသည့် တိုက်ပွဲတွင် တပ်မတော်သား ၁၃ ဦးနှင့် လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိကြောင်း ဓာတ်ပုံများနှင့်တကွ ရက္ခိုင့်တပ်တော် AAက ယနေ့ထပ်မံထုတ်ပြန်လိုက်သည်။

နိုဝင်ဘာ ၁၉ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပကာဝရွာ၊ အနောက်ဘက်(၃ဒသမ၇)ကီလိုမီတာ ကာမချောင်း (ဒေသအခေါ်-ကာရမချောင်း) အနောက်ဘက်ရှိ တောင်တန်းပေါ်တွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။

သို့သော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက AA ကထုတ်ပြန်သည့် တပ်မတော်သား ၁၃ ဦးနှင့် ပတ်သက်၍ အတည်ပြု၍ မရသေးကြောင်း အသေးစိတ်အချက်အလက်များကို စိစစ်ဆဲဖြစ်ကြောင်း ဆိုသည်။

“ ထုတ်ပြန်ချက်ကို တွေ့ပါတယ်။ ဒါပေမဲ့ သူတို့ပြောတဲ့နေ့က တိုက်ပွဲဖြစ်တာ မရှိတော့ ဘယ်လိုဖြစ်လဲဆိုတာကို ထပ်ပြီးစစ်ဆေးနေတယ် ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက Myanmar Now ကို ယနေ့ ပြောဆိုသည်။

သုံ့ပန်း ၁၃ ဦး ရရှိကြောင်းကို တိုက်ပွဲဖြစ်ပွားသည့် နိုဝင်ဘာ ၁၉ ရက်က ပထမအကြိမ်အဖြစ် ထုတ်ပြန်ခဲ့ပြီး AA၏ အဆိုအရ ၎င်းတို့နှင့် တိုက်ခိုက်ခဲ့သူများမှာ မြန်မာ့တပ်မတော် တပ်မ ၇၇ လက်အောက်ခံ၊ မှော်ဘီအခြေစိုက်၊ ခမရ-၃၁၃ တပ်ရင်းမှ ဖြစ်သည်ဟု ဆိုသည်။

နာရီဝက်ခန့် ကြာမြင့်ခဲ့သည့် အဆိုပါတိုက်ပွဲတွင် တပ်မတော်ဘက်က ကိုးဦးကျဆုံးခဲ့ပြီး လက်နက်ချ အညံ့ခံသော ဗိုလ်နှင့် အရာခံဗိုလ်အပါအဝင် သုံ့ပန်းစုစုပေါင်း ၁၃ ဦးကိုလည်း လက်ရဖမ်းဆီးရမိခဲ့သည်ဟု AA ၏ အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AA ၏ပထမအကြိမ်ထုတ်ပြန်ချက် ထွက်ပေါ်စဉ်ကပင် ယင်းသတင်းအပေါ် တပ်က ငြင်းဆိုထားပြီး အဆိုပါနေရာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသလို သုံ့ပန်း ၁၃ ယောက် ဖမ်းဆီးခံရသည့် သတင်းမှာလည်း လုပ်ကြံဖန်တီးမှုသာဖြစ်ကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောကြားထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button