တပ်မတော်ဘက်ကမူ AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသောနေ့၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိသလို ဖမ်းဆီးခံထားရသူများမှာလည်း တပ်မတော်သားများ ဟုတ်၊မဟုတ်ကို စိစစ်နေဆဲဖြစ်ကြောင်းဆိုသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း နိုဝင်ဘာ ၁၉ ရက်က ဖြစ်ပွားသည့် တိုက်ပွဲတွင် တပ်မတော်သား ၁၃ ဦးနှင့် လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိကြောင်း ဓါတ်ပုံများနှင့်တကွ ရက္ခိုင့်တပ်တော် AAက ယနေ့ထပ်မံထုတ်ပြန်လိုက်သည်။
နိုဝင်ဘာ ၁၉ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပကာဝရွာ၊ အနောက်ဘက်(၃ဒသမ၇)ကီလိုမီတာ ကာမချောင်း (ဒေသအခေါ်-ကာရမချောင်း) အနောက်ဘက်ရှိ တောင်တန်းပေါ်တွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။

သို့သော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက AA ကထုတ်ပြန်သည့် တပ်မတော်သား ၁၃ ဦးနှင့် ပတ်သက်၍ အတည်ပြု၍ မရသေးကြောင်း အသေးစိတ်အချက်အလက်များကို စိစစ်ဆဲဖြစ်ကြောင်း ဆိုသည်။
“ ထုတ်ပြန်ချက်ကို တွေ့ပါတယ်။ ဒါပေမဲ့ သူတို့ပြောတဲ့နေ့က တိုက်ပွဲဖြစ်တာ မရှိတော့ ဘယ်လိုဖြစ်လဲဆိုတာကို ထပ်ပြီးစစ်ဆေးနေတယ် ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက Myanmar Now ကို ယနေ့ ပြောဆိုသည်။


သုံ့ပန်း ၁၃ ဦး ရရှိကြောင်းကို တိုက်ပွဲဖြစ်ပွားသည့် နိုဝင်ဘာ ၁၉ ရက်က ပထမအကြိမ်အဖြစ် ထုတ်ပြန်ခဲ့ပြီး AA၏ အဆိုအရ ၎င်းတို့နှင့် တိုက်ခိုက်ခဲ့သူများမှာ မြန်မာ့တပ်မတော် တပ်မ ၇၇ လက်အောက်ခံ၊ မှော်ဘီအခြေစိုက်၊ ခမရ-၃၁၃ တပ်ရင်းမှ ဖြစ်သည်ဟု ဆိုသည်။
နာရီဝက်ခန့် ကြာမြင့်ခဲ့သည့် အဆိုပါတိုက်ပွဲတွင် တပ်မတော်ဘက်က ကိုးဦးကျဆုံးခဲ့ပြီး လက်နက်ချ အညံ့ခံသော ဗိုလ်နှင့် အရာခံဗိုလ်အပါအဝင် သုံ့ပန်းစုစုပေါင်း ၁၃ ဦးကိုလည်း လက်ရဖမ်းဆီးရမိခဲ့သည်ဟု AA ၏ အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


AA ၏ပထမအကြိမ်ထုတ်ပြန်ချက် ထွက်ပေါ်စဉ်ကပင် ယင်းသတင်းအပေါ် တပ်က ငြင်းဆိုထားပြီး အဆိုပါနေရာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသလို သုံ့ပန်း ၁၃ ယောက် ဖမ်းဆီးခံရသည့် သတင်းမှာလည်း လုပ်ကြံဖန်တီးမှုသာဖြစ်ကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောကြားထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











