သတင်း

ဗစ်တိုးရီးယားအမှုတွင် စီအိုင်ဒီနှင့် ရဲတို့၏ ထူးခြားမှုကို မှုခင်းဆရာဝန်ထုတ်ပြော

ဗစ်တိုးရီးယား၏ မိန်းမကိုယ်တွင် သုက်ပိုးတွေ့ကြောင်း ဖော်ထုတ်ရရှိသည့် ဓာတ်ခွဲခန်းသုံး မှန်ပြားတစ်ချပ်ကို မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)က လွှဲပြောင်းရယူသွားသည်ဟု နေပြည်တော်၊ ခုတင် ၁၀၀၀ မှ မှုခင်းဆရာဝန်ကြီး ဒေါက်တာတင်မိုးမိုးခိုင်က ယနေ့တရားခွင်တွင် ထွက်ဆိုသည်။

ယင်းအခြေအနေသည် အခြားသော လိင်အကြမ်းဖက်မှုဆိုင်ရာ မှုခင်းများ၌ တွေ့ကြုံရလေ့မရှိဘဲ ယခုတစ်ကြိမ်၌သာ ထူးထူးခြားခြား ကြုံတွေခဲ့ရကြောင်းကိုလည်း ၎င်းက ထုတ်ဖော်ပြောဆိုသည်။

ထိုသို့ လွှဲပြောင်းပေးနိုင်ရန် ဇွန်လ ၁၈ရက်က ခုတင် ၁၀၀၀မှ ဆရာဝန်များ အစည်းအဝေးထိုင်ခဲ့ရပြီး နေ့လယ်တွင် စာအိတ်ဖြင့် ချိပ်ပိတ်ထားသည့် မှန်ပြားကို မှုခင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးလှဟန်နှင့် အဖွဲ့က ယူဆောင်သွားသည်ဟု ဒေါက်တာတင်မိုးမိုးခိုင်က ပြောသည်။

နေပြည်တော်၊ သပြေကုန်း Wisdom Hill မူကြိုကျောင်းမှ အသက် သုံးနှစ်ပင် မပြည့်သေးသော ဗစ်တိုးရီးယားဟု အမည်ဝှက်ဖြင့် ခေါ်ဆိုကြသည့် မူကြိုကျောင်းသူ မေ ၁၆ရက်က လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံခဲ့ရပြီးနောက် နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးတွင် (၁၁) ကြိမ်မြောက်ရုံးချိန်းအတွင်း အမှုအတွက် ဆေးစစ်ချက်ထုတ်ပေးခဲ့သည့် မှုခင်းဆရာဝန်ကြီးကို ယနေ့ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားသည့် ညတွင်ပင် ဗစ်တိုးရီးယားကို ကနဦးဆေးစစ်မှုများ ပြုလုပ်ပေးခဲ့သည့် နေပြည်တော်၊ ကလေးရောဂါအထူးကုဆေးရုံကြီးကလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်းဟု သံသယရှိ၊ မိန်းမကိုယ်၌ ပွန်းသည့်ဒဏ်ရာ တွေ့ရှိရပြီး သွေးထွက်နေသည် ဟူသော မှတ်ချက်များဖြင့် ခုတင် ၁၀၀၀ ဆေးရုံကြီးသို့ အမှုကို လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း ဒေါက်တာတင်မိုးမိုးခိုင်က ပြောသည်။

ထို့ကြောင့် ယင်းသို့မှုခင်းမျိုးကို တစ်နေရာတည်း စမ်းသပ်စစ်ဆေးနိုင်သည့် ခုတင် ၁၀၀၀ ဆေးရုံကြီး၌ ဗစ်တိုးရီးယားကို မေ ၁၇ရက်တွင် ဆေးစစ်ခြင်း၊ HIVနှင့်ကူးစက်ရောဂါများ ကာကွယ်ရန် သောက်ဆေးများပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့ရကြောင်း ၎င်းက ဆက်လက်ထွက်ဆိုသည်။

စစ်ဆေးတွေ့ရှိချက်များအရ မိန်းမကိုယ်မွေးလမ်းကြောင်းတွင် ပွန်းခြစ်ဒဏ်ရာများတွေ့ရှိပြီး လတ်တလော ကာမစပ်ယှက်ထားသည့် လက္ခဏာ တွေ့ရကြောင်း မေ ၁၇ရက်ဖြင့် ထုတ်ပြန်သည့် ဆေးစာတွင် မှတ်ချက်ပြုခဲ့ကြောင်း ဒေါက်တာတင်မိုးမိုးခိုင်က အတည်ပြုသည်။

ထို့ပြင် အဆိုပါဆေးစာ ပျောက်ဆုံးသွားသည်ဟုဆိုကာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ်()ရဲစခန်း ခေတ္တစခန်းမှူး ရဲအုပ်ဝေဖြိုးလွင်က ဇွန်လ ၄ရက်တွင် မိတ္တူမှန် လာရောက်တောင်းခံသဖြင့် ထုတ်ပေးလိုက်ရသေးသည်ဟု မှုခင်းဆရာဝန်ကြီးက ထုတ်ဖော်ပြောဆိုသည်။

ယင်းနောက်တွင် ရဲအုပ်ဝေဖြိုးလွင်က မူရင်းဆေးစာ ပြန်တွေ့ပြီဟုဆိုကာ မိတ္တူမှန် ပြန်အပ်မည်ဟု ဆေးရုံသို့ အကြောင်းပြန်လာသော်လည်းထုတ်ပေးပြီးဆေးစာဖြစ်၍ ပြန်လည်လက်ခံခြင်း မပြုခဲ့ ဟု ဒေါက်တာတင်မိုးမိုးခိုင်က တရားခွင်တွင် ထွက်ဆိုခဲ့သည်။

ရဲအုပ်ဝေဖြိုးလွင်မှာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ်()ရဲစခန်း၌ လက်ရှိတွင် တာဝန်ထမ်းဆောင်နေခြင်း မရှိတော့၍ ယင်းကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ထို့အတူ ဓာတ်ခွဲခန်းသုံးမှန်ပြားတစ်ချပ်ကို ခုတင် ၁၀၀၀ ဆေးရုံထံမှ လွှဲပြောင်းလက်ခံခဲ့သည့် ဒုတိယရဲမှူးကြီး လှဟန်နှင့် အဖွဲ့ထံသို့လည်း ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တရားဝင်ထုတ်ပြန်ထားသည့် ရဲမှူးကြီး ကျော်သီဟထံ ယနေ့မွန်းလွဲပိုင်း၌ ဆက်သွယ်သည့်အခါ အစည်းအဝေးအတွင်းသို့ ရောက်နေ၍ ဖြေကြားပေးနိုင်ခြင်း မရှိသေးကြောင်းသာ ပြောသည်။

ဗစ်တိုးရီးယားအမှုအတွက် ရဲက Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး ကိုယ်ပိုင်ယာဉ်မောင်း ကိုအောင်ကျော်မျိုး()အောင်ကြီးအား စွပ်စွဲပြီး ဖမ်းဆီးထားသည်။

ယင်းအပြင် ဗစ်တိုးရီးယား၏ အဖေ၊ ဦးလေး၊ အဒေါ်တို့အပြင် ရှေ့နေဒေါ်ရွက်နုအောင်၊ ကိုအောင်ကြီး၏ ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်နှင့် သက္ကမိုးညို() ဒေါက်တာဝင်းကိုကိုသိန်းတို့ ဦးအားလည်း Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ထားသည်။

အလားတူ ကိုအောင်ကြီး၏ရှေ့နေ ဒေါ်စုဒါလီအောင်အားလည်း ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁က () (စွပ်စွဲခံရသော သို့မဟုတ် မှုခင်းတွင် သက်သေအဖြစ် ပါဝင်သော ကလေးသူငယ်ကို မည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ဖော်မှု) ဖြင့် တရားစွဲဆိုထားသေးသည်။

Show More

Related Articles

Back to top button