သတင်း

သုံးလနေထိုင်ရုံဖြင့် မဲပေးခွင့်ကိစ္စ ပြန်သုံးသပ်ရန် ကော်မရှင်ကို တိုင်းရင်းသားပါတီများ တောင်းဆို

လက်ရှိနေထိုင်ရာမဲဆန္ဒနယ်၌ ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးခွင့်ရှိသည်ဆိုသော ရွေးကောက်ပွဲနည်းဥပဒေ ပြင်ဆင်ချက်ကို ပြန်လည်သုံးသပ်ရန် တိုင်းရင်းသားပါတီများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ယနေ့ နေပြည်တော်၌တွေ့ဆုံစဉ် တောင်းဆိုလိုက်သည်။

လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲနည်းဥပဒေများကို ပြင်ဆင်ရာတွင် ရွှေ့ပြောင်းနေထိုင်သူများ ရောက်ရှိမဲဆန္ဒနယ်တွင် မဲပေးလိုပါက ရက်ပေါင်း ၁၈၀ နေထိုင်သူ ဖြစ်ရမည်ဆိုသော မူလပြဋ္ဌာန်းချက်အစား အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း နေထိုင်သူ ဖြစ်ရမည်ဆိုသော အချက်လည်း ပါရှိသည်။

ယင်းရွေးကောက်ပွဲနည်းဥပဒေ ပြင်ဆင်ချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၃ ရက်နေ့ ရက်စွဲဖြင့် ပြည်သူ့လွှတ်တော်ထံ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ယင်းပြင်ဆင်မှုကြောင့် ရွေးကောက်ပွဲနီးချိန်တွင် ရွှေ့ပြောင်းနေထိုင်သူအများအပြား လာရောက်နေထိုင်ကာ ပါတီတစ်ခုကို မဲပေးတာမျိုး လုပ်ဆောင်နိုင်သည့်အတွက် ယင်းအပေါ်ကို တိုင်းရင်းသားပါတီများက စိုးရိမ်နေခြင်းဖြစ်သည်။

ပါတီတစ်ခုကို မဲပေးနိုင်အောင် မရိုးဖြောင့်တဲ့သဘောနဲ့ ရွေးကောက်ပွဲနီးမှလာပြီး လုပ်သွားရင်ဆိုတဲ့ စိုးရိမ်ချက်တွေနဲ့ တိုင်းရင်းသားပါတီတွေက ဒီကနေ့ ဆွေးနွေးကြပါတယ် ဟု

ကော်မရှင်နှင့် တွေ့ဆုံခဲ့သည့် ရခိုင်အမျိုးသားပါတီကိုယ်စားပြု ဦးဘရှိန်က ပြောသည်။

နိုင်ငံပြင်ပရောက်နေသူများပင် မဲပေးလိုပါက ၎င်းတို့မူလနေထိုင်ရာ မဲဆန္ဒနယ်အတွက် ကြိုတင်မဲသာ ပေးခွင့်ရှိသဖြင့် အထက်ပါပြင်ဆင်ချက်အပေါ် ပြန်လည်သုံးသပ်သင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းသီဟကျော်ကလည်း ဆွေးနွေးခဲ့သည်။

ရွေးကောက်ပွဲများတွင် တစ်နိုင်ငံလုံး မဲဆန္ဒနယ်အပြည့် ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများဖြစ်သော အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ကမူ ယနေ့ဆွေးနွေးပွဲတွင် တစ်စုံတစ်ရာ ဝေဖန်ပြောဆိုခြင်း၊ မှတ်ချက်ပြုခြင်း မရှိပေ။

ကချင်အမျိုးသားကွန်ဂရက်ပါတီမှ ဒေါက်တာ M. Kawn La ကမူ

ရလဒ်က ဘာမှမရှိဘူး။ ညှိနှိုင်းတာလည်းမဟုတ်ဘူး။ ဆုံးဖြတ်ချက်လည်းမချဘူး။ ဒီဘက်က တင်ပြတယ်၊ သူတို့က နားထောင်တာနဲ့ပဲ အချိန်ကုန်တယ် ဟု ယနေ့တွေ့ဆုံမှုအပေါ် မှတ်ချက်ပြုသည်။

ပါတီ ၇၀ ကျော် တက်ရောက်သည့် ယနေ့တွေ့ဆုံပွဲအတွင်း ပါတီအသီးသီး၏ ဆွေးနွေးချက်များကို မှတ်တမ်းစုစည်းထားကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်အားလုံး ပါဝင်သော စုံညီအစည်းအဝေး၌ ပြန်လည်သုံးသပ်ကာ လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်ပေးရန်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

သို့သော် ယင်းနိုင်ငံရေးပါတီများနှင့် တွေ့ဆုံမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများထံ မေးမြန်းရာတွင် မှတ်ချက်ပေးခြင်း မရှိပေ။

ယနေ့ပြုလုပ်သည့် အစည်းအဝေးအဖွင့်အမှာစကား၌မူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ထောက်ပြချက် အားနည်းချက်များကို လိုအပ်ပါက နိုင်ငံတကာစံနှုန်းများ၊ ဒီမိုကရေစီစနစ်များနှင့်အညီ ပြန်လည်ပြင်ဆင်ရန်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

အဆိုပါလွှတ်တော်အသီးသီး၏ နည်းဥပဒေပြင်ဆင်ချက်တွင် တပ်တွင်းထားရှိသည့် မဲရုံများကို တပ်ရင်းတပ်ဖွဲ့ပြင်ပ သင့်လျော်သောနေရာတွင် ထားရှိရန်ဆိုသော အချက်လည်း ပါဝင်သည်။ သို့သော် ယင်းအချက်ကို ယနေ့အစည်းအဝေးတွင် အထူးတလည် ထည့်သွင်း ဆွေးနွေးခြင်း မရှိကြောင်း အစည်းအဝေးတက်ရောက်သူများက ပြောဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ယခုအကြောင်းကြားချက်သည် နည်းဥပဒေပြင်ဆင်ရန်သာဖြစ်၍ လွှတ်တော်များက ဆွေးနွေးအတည်ပြုပေးရမည် မဟုတ်ဘဲ လွှတ်တော်ကို အသိပေးပြီးနောက် ရက်ပေါင်း ၉၀ အတွင်း အတည်ဖြစ်လာမည်ဖြစ်သည်။

Show More

Related Articles

Back to top button