သတင်း

ဧရာဝတီသတင်းထောက်ကို ဟိုတယ်လုပ်ငန်းရှင်က စွဲသည့်အမှုတွင် အယ်ဒီတာများကိုပါ အမှုတွင်ထည့်စွဲလို

ငပလီကမ်းခြေရှိ အပန်းဖြေစခန်းတစ်ခုနှင့် ပတ်သက်ပြီး ဖြစ်ပွားသည့်တရားရုံးအမှုများအကြောင်း သတင်းရေးသားခဲ့သည့် ဧရာဝတီ သတင်းဌာန သတင်းထောက်ဟောင်းတစ်ဦးအပေါ် တရားစွဲဆိုထားသည့် ဟိုတယ်လုပ်ငန်းရှင်က ယင်းသတင်းဌာန၏ အယ်ဒီတာများကိုပါ တရားစွဲလိုကြောင်း ဗုဒ္ဓဟူးနေ့က တရားရုံးသို့ လျှောက်ထားခဲ့သည်။

ဧရာဝတီသတင်းဌာန သတင်းထောက် ကိုမိုးမြင့်သည် ငပလီကမ်းခြေရှိ အမရာအိုးရှင်းရီဆော့ (Amara Ocean Resort GBR) ၏ပိုင်ရှင် ဒေါ်ကလျာမိုးအပေါ် ၎င်း၏စီးပွားမိတ်ဖက်များက တရားစွဲဆိုသည့်အမှုအကြောင်း သတင်းရေးသားခဲ့သည့်အတွက် ဒေါ်ကလျာမိုးက ၎င်းကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခဲ့သည်။

ထို အပန်းဖြေစခန်းကိုပိုင်သည့် ကုမ္ပဏီသည် ဂျာမနီတွင် မှတ်ပုံတင်ထားခြင်းဖြစ်ပြီး ထိုစီမံကိန်းနှင့်ပတ်သက်၍ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ကလည်း စုံစမ်းစစ်ဆေးနေကြောင်းလည်း သတင်းတွင် ပါဝင်သည်။

ယခု လွတ်လပ်သောအာရှအသံ (RFA) တွင် လုပ်ကိုင်နေသည့် အသက် ၃၁ နှစ်ရှိ ကိုမိုးမြင့်သည် အပြစ်ရှိပါက အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်ခံရဖွယ်ရှိသည်။

ဧရာဝတီသတင်းဌာန၏ မြန်မာပိုင်းနှင့်အင်္ဂလိပ်ပိုင်း နှစ်ပိုင်းစလုံး၏ အယ်ဒီတာအဖွဲ့ဝင်များကိုပါ ကိုမိုးမြင့်၏အမှုတွင် ထည့်သွင်းတရားစွဲလိုကြောင်း ဟိုတယ်လုပ်ငန်းရှင်က တရားသူကြီးထံ လျှောက်ထားခဲ့သည်။ မည်သူတို့ကို ထည့်သွင်းလိုကြောင်းတော့ အတိအကျ မထုတ်ဖော်ပေ။

“ဒီတောင်းဆိုမှုက သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို ခြိမ်းခြောက်တာလို့ မြင်ပါတယ်။ ဧရာဝတီဟာ သတင်းမီဒီယာဥပဒေပါ သတင်းစာနယ်ဇင်းတွေ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်တွေအတိုင်း သတင်းရေးသား ဖော်ပြနေတဲ့ သတင်းဌာနဖြစ်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ သတင်းမီဒီယာဥပဒေက ပြဋ္ဌာန်းထားတဲ့ လွတ်လပ်ခွင့်ကို တရားဥပဒေကြောင်းအရ ခုခံကာကွယ်သွားပါမယ်”ဟု ဧရာဝတီသတင်းဌာန မြန်မာပိုင်းအယ်ဒီတာ ကိုရဲနည်က ပြောသည်။

ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးအမှုတွင် လိုက်ပါခဲ့ဖူးသည့် ရှေ့နေဦးသန်းဇော်အောင်က ယခုအမှုတွင် ကိုမိုးမြင့်ဘက်မှ လိုက်ပါဆောင်ရွက်မည်ဖြစ်ပြီး ၎င်း၏အမှုသည်အနေဖြင့် အမှုအနိုင်ရရန် အခြေအနေကောင်းသည်ဟု ယုံကြည်သည်ဟု ပြောသည်။

အမှုနိုင်ဖို့ အခွင့်အလမ်းကောင်းရှိပါတယ်။ ကိုမိုးမြင့်ရဲ့သတင်းမှာပါသမျှဟာ တကယ်ဖြစ်ခဲ့တာတွေကို အချက်အလက်အထောက်အထားနဲ့ တင်ပြခဲ့တာပါ” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ဗုဒ္ဓဟူးနေ့က ရုံးချိန်းသည် စတုတ္ထမြောက်ဖြစ်ပြီး တရားလို ဒေါ်ကလျာမိုးအနေဖြင့် ပထမ ရက်ပေါင်း ၁၂၀ အတွင်း ၎င်းဘက်က သက်သေများကို တင်ပြရမည်ဖြစ်သည်။ ယခုအမှုသည် အနည်းဆုံးရက်ပေါင်း ၂၇၀ ကြာမြင့်မည်ဟု ရက်သတ်မှတ်ထားသည်။

ဒေါ်ကလျာမိုးနှင့် ထိုစဉ်က ၎င်း၏ခင်ပွန်း ဂျာမနီနိုင်ငံသား ဂျရတ် ရှရိုင်ဘာ (Gerald Schreiber) တို့သည် ငပလီကမ်းခြေ ဂေါ့ကျေးရွာ၌ အမရာအိုးရှင်း အပန်းဖြေစခန်းကို ဖွင့်လှစ်လုပ်ကိုင်ရန် ဂျာမန်လူမျိုး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် အီဗာ ဖက်လ်တန် (Eva Felten) နှင့် ၂၀၀၉ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ဂျာမနီရှိ တရားရုံးမှတ်တမ်းများက ဆိုသည်။

သို့သော်လည်း ထိုသဘောတူညီမှု ဖြစ်မလာခဲ့ဘဲ ဖက်လ်တန်က မစ္စတာ ယန်စ် ယားဟာ့ (Jens Ehrhardt) အား ၎င်း၏ ၅၀ ရာခိုင်နှုန်း ရှယ်ယာများကို ဒေါ်လာ ၂ ဒသမ ၈ သန်းဖြင့် ၂၀၁၁ ခုနှစ်တွင် ရောင်းချခဲ့သည်။ နောက်တစ်နှစ်တွင် ဒေါ်ကလျာမိုးနှင့် ၎င်း၏ ခင်ပွန်းတို့သည် ဂျာမနီတရားရုံးတစ်ရုံးတွင် ကွာရှင်းခဲ့ကြသည်။

အဆိုပါစီးပွားရေးလုပ်ငန်းကို ဂျာမနီနိုင်ငံ၌ မှတ်ပုံတင်ထားသော်လည်း မြန်မာနိုင်ငံဥပဒေအရ နိုင်ငံခြားသားက အိမ်ခြံမြေတွင် အများစုပိုင်ဆိုင်ခွင့် မရှိသဖြင့် အမရာ အပန်းဖြေစခန်းသည် ဒေါ်ကလျာမိုး၏နာမည်ဖြင့် ဆက်ရှိနေသည်။

လုပ်ငန်း၏ အခြေပစ္စည်းများ၊ ရှယ်ယာရှင်တစ်ဦးချင်းစီ၏ ပိုင်ဆိုင်မှုတို့နှင့် ပတ်သက်ပြီး ဂျာမနီရှိ တရားရုံးများ၌ အမှု ဆက်လက်ဖြစ်ပွားခဲ့သည်။ အမှုများအားလုံးတွင် ဒေါ်ကလျာမိုး ရှုံးနိမ့်ခဲ့သည်။

သို့သော်လည်း အဆိုပါတရားရုံးဆုံးဖြတ်ချက်များသည် မြန်မာနိုင်ငံ၌ အကျုံးမဝင်သဖြင့် မစ္စတာ ယားဟာ့သည် ၂၀၁၈ ခုနှစ် ဧပြီလတွင် ရန်ကုန်၌ ဒေါ်ကလျာမိုးကို ထပ်မံတရားစွဲသည့်အချိန်တွင် ဧရာဝတီသတင်းထောက် ကိုမိုးမြင့်က ပထမဆုံးအကြိမ် သတင်းရေးသားဖော်ပြခဲ့သည်။

ကိုမိုးမြင့်ရေးသည့် သတင်းသည် ၎င်း၏လုပ်ငန်းနာမည်ဂုဏ်သတင်းကို ထိခိုက်စေသည်ဟု ဒေါ်ကလျာမိုးက ဆိုသည်ဟု ဦးသန်းဇော်အောင်က ပြောသည်။

သို့သော်လည်း ဗုဒ္ဓဟူးနေ့က ကျောက်တံတားရုံးချိန်းသို့ လာရောက်ခဲ့သော ဒေါ်ကလျာမိုးနှင့် ၎င်း၏ရှေ့နေတို့ကမူ တစ်စုံတစ်ရာ မှတ်ချက်ပေးပြောရန် ငြင်းဆန်ခဲ့သည်။

ကိုမိုးမြင့်သည် ၎င်းလက်ရှိလုပ်ကိုင်နေသည့် အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် RFA သတင်းဌာန ရုံးချုပ်က ပြောခွင့်မပြုမချင်း အမှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခွင့်ရှိမည် မဟုတ်ပါ။

သတင်းသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် အနုပညာရှင်များအပေါ် စိတ်မထင်လျှင် မထင်သလို တရားစွဲဆိုရာတွင် သုံးတတ်သည့် ပုဒ်မ ၆၆(ဃ) ကို ဖျက်သိမ်းဖို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့များက အစိုးရကို အကြိမ်ကြိမ် တောင်းဆိုထားကြသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ဇူလိုင်လအကြား ယင်းပုဒ်မဖြင့် ဖွင့်ခံရသည့် အမှုပေါင်း ၂၀၀ ရှိသည်ဟု အဆိုပါဥပဒေဖျက်သိမ်းရေးအတွက် တိုက်တွန်းဆော်ဩနေသည့် #SayNoto66d အဖွဲ့က ဆိုသည်။

နယ်စည်းမခြားသတင်းထောက်များအသင်း၏ သတင်းလွတ်လပ်ခွင့် သတ်မှတ်ချက်အရ နိုင်ငံပေါင်း ၁၈၀ တွင် မြန်မာနိုင်ငံက အဆင့် ၁၃၈ ရှိသည်။

Myanmar Now အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သည့် Hotelier Suing The Irrawaddy Reporter Tries To Drag More Of Outlet’s Journalists Into Court ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။

Show More

Related Articles

Back to top button