သတင်း

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးကို အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် ကျခံစေရန် အမိန့်ချ

တပ်မတော်အတွင်း အုပ်ချုပ်ရေးယန္တရားပျက်ပြားအောင် သံချပ်ထိုးကာ လုပ်ဆောင်သည်ဟု တရားစွဲဆိုခံထားရသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ဦးကို ယနေ့ မရမ်းကုန်းမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။

သို့သော် ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ပြုလိုက်သဖြင့် ၆ လနီးပါးသာ ကျခံရတော့မည်ဖြစ်သည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ မကေခိုင်ထွန်း၊ ဒီရေ (ခေါ်) ကိုပိုင်ဖြိုးမင်း၊ ဖိုးသား (ခေါ်) ကိုဇော်လင်းထွန်းတို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးမျိုးမင်းဦး က တရားလိုပြုလုပ်ကာ တပ်မတော်အကျိုးပျက်စီးစေမှု ပုဒ်မ ၅၀၅ (က) ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ () တို့ဖြင့် စွဲဆိုထားခြင်းဖြစ်သည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၅ ဦးကို မရမ်းကုန်းမြို့နယ် တရားရုံးတွင် ဧပြီလကုန်ပိုင်းက စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အာမခံမပေးသဖြင့် အင်းစိန်ထောင်တွင်းမှ အချုပ်ဖြင့် တရားရင်ဆိုင်နေခြင်း ဖြစ်သည်။

ဒီနေ့ ကျွန်တော်တို့ကိုထောင်ဒဏ် တစ်နှစ်ချလိုက်တဲ့အတွက် နိုင်ငံရေးအခန်းကဏ္ဍကနေ တပ်မတော်ထွက်သွားဖို့ သံချပ်နဲ့ကော အခြားနည်းနဲ့ကော ကျွန်တော်တို့ ဆက်လုပ်သွားပါဦးမယ်ဟု ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုဇေယျာလွင်က တရားရုံးမှအထွက်တွင် ပြောဆိုသည်။

ယနေ့ ရုံးချိန်းတွင် စွပ်စွဲခံသံချပ်အဖွဲ့ဝင်များကို လူ ၂၀ ခန့်လာရောက်ဝန်းရံခဲ့ပြီး တရားရုံးပြင်ပတွင်လည်း ရဲအင်အား အများအပြားချထားသည်ကို တွေ့ရသည်။

ယနေ့ တရားခွင်တွင် သံချပ်အဖွဲ့ဝင် လေးဦးကို အမိန့်မချမီ ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် စစ်ဆေးခဲ့ပြီး  တရားလိုပြသက်သေ ဗိုလ်ကြီး ဝေဖြိုးကျော်က လာရောက်ထွက်ဆိုခဲ့သည်။

၎င်းထွက်ဆိုချက်တွင် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ၎င်းတို့ဖေ့ဘွတ်စာမျက်နှာနှင့် သံချပ်အဖွဲ့ဝင်များ၏ ကိုယ်ပိုင်လူမှုကွန်ရက် စာမျက်နှာတွင် စစ်ဝတ်စုံဝတ်ဆင်ထားသော ခွေးဘီလူးပုံကို မျှဝေ(Share)ထားမှုမှာ တပ်မတော်၏ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ယင်းပုံများကို တပ်မတော်သားတချို့ မှ မကျေနပ်၍  ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ () ကို လာမည့် နိုဝင်ဘာ ရက်နေ့မှာ မရမ်းကုန်းတရားရုံးတွင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က သင်္ကြန်ကာလအတွင်း သံချပ်ထိုးရာတွင် “ဉာဏ်ပညာ အသိပညာမရှိ၊ နာခံမှုနှင့်အမိန့်သာရှိ၊ စစ်ဝတ်စုံပေါ်က ဆုတံဆိပ်များစွာနဲ့ စစ်ဗိုလ်ချုပ်တွေ အိုင်စီစီကို တန်းပို့၊ အိုင်စီစီကို ကြောက်တဲ့ကောင် နေပြည်တော်ကိုရှောင်၊ အိုင်စီစီကို ကြောက်တဲ့ဘဝ နေပြည်တော်က အဘစသည့် သံချပ်စာသားများအတွက် တရားစွဲဆိုရခြင်းဖြစ်ကြောင်း တပ်မတော်ကတရားရုံးသို့ ဦးတိုက်လျှောက်ထားချက်တွင် ပါရှိသည်။

ပုဒ်မ ၅၀၅ (က) မှာ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိ သို့မဟုတ် တပ်သားအား တာဝန်ဝတ္တရား မလေးစားခြင်း၊ ပျက်ကွက်ခြင်းပြုစေရန် အကြံနှင့်ပတ်သက်၍ ရေးသားဖြန့်ချိမှုဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သည်။

တပ်မတော်က ၎င်းတို့ ၅ ဦးအပါအဝင် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ခုနစ်ဦးကို ဗိုလ်တထောင်တရားရုံးတွင်လည်း တရားစွဲဆိုထားပြီး ယင်းတရားရုံးက တပ်မတော်အကျိုးပျက်စီးစေမှု ပုဒ်မ ၅၀၅ (ကဖြင့် စွဲချက်တင် စစ်ဆေးနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button