ကိုယ့်ပြည်နယ် ကိုယ်အနိုင်ရရေး ဦးစားပေးလာကြသည့် တိုင်းရင်းသားပါတီများ

အာဏာရပါတီ၏ မဟာမိတ်ပြုမှုကို မရနိုင်တော့မှန်း သေချာသွားကြသည့်နောက် တိုင်းရင်းသားပြည်နယ်များမှ ပါတီငယ်များသည် ကိုယ့်ဒေသမှာ ကိုယ်အနိုင်ရရေးအတွက် မဲမကွဲအောင် ပါတီချင်း ပေါင်းစည်းယှဉ်ပြိုင်ကြရန် ကြိုးပမ်းနေကြသည်။
Published on Oct 25, 2019
ကချင်ပြည်နယ်ပြည့်သူ့ပါတီဗဟိုရုံးချုပ် (ဓာတ်ပုံ - KSPP Facebook Page)
ကချင်ပြည်နယ်ပြည့်သူ့ပါတီဗဟိုရုံးချုပ် (ဓာတ်ပုံ - KSPP Facebook Page)

လာမည့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်၊ တိုင်းလွှတ်တော်များတွင် နေရာအများစုကို တစ်ပြည်နယ်တစ်ပါတီ အနိုင်ရရေး တိုင်းရင်းသားနိုင်ငံရေးပါတီများအချင်းချင်း ပူးပေါင်းခြင်းဖြင့် စတင် စိုင်းပြင်းနေကြပြီဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများသည် သက်ဆိုင်ရာ ပြည်နယ်မဲဆန္ဒနယ်များ၌ အင်တိုက်အားတိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း ရှမ်းနှင့် ရခိုင်ပြည်နယ်တို့မှလွဲ၍ ကျန်တိုင်းရင်းသားပြည်နယ် အများစုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာ နေရာအများစုကို သိမ်းပိုက်သွားခဲ့သည်။

ထိုအချက်က တစ်ကွဲတစ်ပြားစီဖြစ်နေသော တိုင်းရင်းသားပါတီများကို တစ်စုတစ်စည်းတည်း ဖြစ်ပေါ်လာစေရန် တပ်လှန့်သံကဲ့သို့ ဖြစ်စေခဲ့သည်။

ဘယ်ပါတီတွေ ပေါင်းလိုက်လဲ

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်နှင့် ရှမ်းတိုင်းရင်းသားပါတီများသည် ပြီးခဲ့သည့် ရွေးကောက်ပွဲများ၌ အနည်းဆုံး နှစ်ပါတီခေါင်းစဉ်အောက်မှ ကိုယ်စားပြု အရွေးချယ်ခံခဲ့ကြသည်။ ရလဒ်အနေဖြင့် မဲကွဲသွားသည်။

စစ်အစိုးရလက်ထက်က ကျင်းပခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်နှင့်ယှဉ်လျှင် ၂၀၁၅ ရွေးကောက်ပွဲရလဒ်သည် တိုင်းရင်းသားပါတီများ ပါဝင်မှုနှုန်း ကျဆင်းခဲ့သည်။

၂၀၁၀ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ် ၁၁၅၄ နယ်အနက် တိုင်းရင်းသားပါတီများက ၁၈၀ နိုင်ခဲ့ပြီး (၁၅ ဒသမ ၆ ရာခိုင်နှုန်း) ၂၀၁၅တွင် ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ် ၁၁၃၄ အနက် တိုင်းရင်းသားပါတီများက ၁၄၀ (၁၂ ဒသမ ၃ ရာခိုင်နှုန်း) သာ ရရှိခဲ့သည်။

ထို့ကြောင့် လာမည့်ရွေးကောက်ပွဲအတွက် ဗျူဟာပြောင်းရန် ပြင်ဆင်ကြခြင်းဖြစ်သည်။

“NLD ကလည်း ညွန့်ပေါင်းအစိုးရ မလုပ်နိုင်ဘူးဆိုတဲ့ အပိုင်းတွေရှိတယ်။ ကျွန်တော်တို့ လက်တွဲလုပ်ဆောင်မယ်ဆိုတဲ့ဟာမျိုး ဘယ်လိုလုပ်မလဲဆိုတာ NLD က နားမလည်ဘူး။ ဒါ့ကြောင့် မဲနိုင်ဖို့ပဲ အရေးကြီးပါတယ်” ဟု ကချင်ပြည်သူ့ပါတီ (KSPP) ဒုဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ဆိုသည်။

KSPP သည် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီနှင့် ကချင်ဒီမိုကရက်တစ်ပါတီတို့ သုံးပါတီ ပူးပေါင်းထားသည့် ကချင်တိုင်းရင်းသားကိုယ်စားပြု ပါတီသစ်ဖြစ်သည်။ ၂၀၁၅ တုန်းက NLD အောင်ပွဲခံခဲ့သည့် ကချင်ပြည်နယ်တွင် ကချင်ဒေသခံ နှစ်ပါတီပေါင်းမှ လေးနေရာသာ အနိုင်ရရှိခဲ့သည်။

ကချင်ပါတီများအပြင် ချင်းပြည်နယ်တွင် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ် သုံးပါတီကလည်း‘ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်’ ဟူသည့် အမည်သစ်ဖြင့် ပူးပေါင်းလိုက်သည်။

၂၀၁၆ ခုနှစ်မှ စတင်ကာ ဒေသတွင်းပါတီများ ပေါင်းစည်းရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည့် ချင်းပါတီများအနေဖြင့် ၂၀၁၇ ခုနှစ် ဇူလိုင်လထဲတွင် ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခဲ့သည်။

“လူထုက ပေါင်းမှပဲ မဲပေးမယ်ဆိုတော့ ၂၀၁၈ ကြားဖြတ်မှာ ပေါင်းလိုက်တော့ ပြန်နိုင်တယ်လေ။ အဓိကကတော့ လူထုဆန္ဒအရ ကျွန်တော်တို့ ပေါင်းရတာပါ” ဟု ပေါင်းလိုက်သည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူး ဆလိုင်းရှိန်ထွန်းက ပြောသည်။

ပူးပေါင်းလိုက်ပြီးနောက် ၎င်းတို့ပါတီသည် ၂၀၁၈ ကြားဖြတ်၌ ချင်းပြည်နယ်လွှတ်တော် မတူပီမဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည်။

၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၁၃ နေရာအနက် NLD က ကိုးနေရာ သိမ်းပိုက်ခဲ့သည်။ မူလက ၆ နေရာ ရှုံးနိမ့်ခဲ့ပြီး ထို ၆ နေရာတွင် ၅ နေရာမှာ တိုင်းရင်းသားနယ်မြေများရှိ နေရာများဖြစ်သည်။ ရှုံးခဲ့သည့် မဲဆန္ဒနယ် နှစ်နေရာနှင့်ပတ်သက်ပြီး ကန့်ကွက်ခဲ့ရာ ရွေးကောက်ပွဲကော်မရှင်က NLD ကို ပြန်အနိုင်ပေးလိုက်သည်။

မွန်နိုင်ငံရေးပါတီများသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် လေးနေရာသာ အနိုင်ရရှိခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်းမှာပင် မွန်နိုင်ငံရေးပါတီနှစ်ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ကလည်း တစ်ပါတီတည်းကိုယ်စားပြုရန်ဟုဆိုကာ “မွန်ညီညွတ်ရေးပါတီ” ဟု မှတ်ပုံတင်ထားသည်။

ကရင်ပြည်နယ်တွင် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ သုံးခုပေါင်း၍ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဟူ၍ ပေါင်းစည်းခဲ့ကြသလို ကယားပြည်နယ်တွင်လည်း လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) နှင့် ကယားလူမျိုးစုဒီမိုကရေစီပါတီနှစ်ခုကလည်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီအနေဖြင့် ပေါင်းစည်းထားသည်။

ယခင်က ရွေးကောက်ပွဲကော်မရှင်ထံတွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၅ ခုရှိပြီး တိုင်းရင်းသားပါတီ ၅၉ ပါတီ ရှိခဲ့သည်။ တိုင်းရင်းသားပါတီများ ပေါင်းစည်းမှုလုပ်ပြီးချိန်တွင်မူ တိုင်းရင်းသားပါတီ ၅၀ သာ ကျန်ရှိတော့သည်။

ပါတီသစ်များနဲ့ ဗျူဟာ

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဆလိုင်းရှိန်ထွန်းက ၎င်းတို့အနေဖြင့် လူထုစည်ရုံးရေးနှင့်ပတ်သက်၍ “အဓိကကတော့ ကျွန်တော်တို့က အမျိုးသားရေးနဲ့ပဲ ပြောပြီး ဝင်ရမှာ။ တိုင်းရင်းသားဒေသမှာ အမျိုးသားရေးနဲ့ပဲ ပြောရမှာ” ဟု ပြောသည်။

“အမျိုးသားရေး” ဟု ဆိုရာတွင် ချင်းလူမျိုးတို့၏ တန်ဖိုးထားထိန်းသိမ်းရမည့် အစဉ်အလာ ဓလေ့ထုံးတမ်းများ မပျောက်ပျက်ရေးဟု ဆိုလိုခြင်းဖြစ်သည်ဟု ဆလိုင်းရှိန်ထွန်းက ပြောသည်။

“ပြောရရင်တော့ သမိုင်းကြောင်းပဲပေါ့။ ဗြိတိသျှတွေ မတိုင်ခင်ကတည်းက ကိုယ့်ဟာနဲ့ကိုယ် ရပ်တည်လာတယ်။ ပင်လုံစာချုပ် လက်မှတ်မထိုးခင်ကလည်း ဘယ်သူမှ အားမကိုးဘဲနဲ့ ကိုယ့်ဟာကိုယ် ရပ်တည်လာကြတယ်။ အဓိကကတော့ အဲဒီဟာကို ပြန်ပုံဖော်တဲ့ သဘောပါ” ဟု ၎င်းက ပြောသည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီအနေဖြင့်လည်း တန်းတူညီမျှဖွံ့ဖြိုးရေးမူဝါဒကို ဆုပ်ကိုင်ပြီး “တိုင်းရင်းသားချစ်စိတ်ဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေး ဆော်ဩသွားမည်” ဟု ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။

“မူဝါဒကတော့ ဘယ်အဖွဲ့အစည်း ဘယ်ပါတီရဲ့ သြဇာလွှမ်းမိုးမှုကိုမှ မခံဘူး” ဟု ၎င်းက ဆိုသည်။

ကချင်နိုင်ငံရေးပါတီသစ်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲကို အနိုင်ရရန် ရည်မှန်းထားသော်လည်း ကြိုတင်မဲဖြင့် ရှုံးမည်ကို စိုးရိမ်မှုရှိကြောင်း ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

“ကချင်မှာ စစ်တပ်က များတယ်၊ စစ်တပ်က မဲတွေကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကိုပဲ ပေးဖို့ရှိပါလိမ့်မယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ကြိုတင်မဲနဲ့ပဲ ရှုံးတာ။ ကျန်တဲ့မဲတွေက ရှုံးမှ မရှုံးတာကို၊ ကချင်ပြည်နယ်မှာက စစ်တပ်က အများကြီးရှိတယ်။ ဒါကို စိုးရိမ်တယ်” ဟု ၎င်းက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် တပ်တွင်းကြိုတင်မဲကိစ္စများကို ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးရန်လိုမည်ထင်ကြောင်း၊ ကြိုတင်မဲကို မထိန်းနိုင်ပါက ၂၀၂၀ ရွေးကောက်ပွဲမှာ တရားမျှတသည့် ရွေးကောက်ပွဲဟု ပြော၍ရမည်မဟုတ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ဆွဲကပ်၍မရသေးသောပါတီများ

လာမည့် ရွေးကောက်ပွဲအတွက် ပေါင်းစည်းသွားကြသည့် တိုင်းရင်းသားပါတီများ ရှိသော်လည်း မတူညီသော နိုင်ငံရေးရည်မှန်းချက်များ၊ မျှော်မှန်းချက်များကြောင့် ကွဲပြားနေကြသည့် တိုင်းရင်းသားပါတီများလည်း ရှိနေသေးသည်။

ပါတီများပူးပေါင်းပြီးနောက် ဖြစ်ပေါ်လာမည့် ပါတီသစ်ကို ဦးဆောင်မည့်သူအရေး၊ ကွဲပြားနေသည့် ပါတီမူဝါဒများ၊ ပါတီသစ်တွင် ပါတီဟောင်းများကို အချိုးတူ မည်သို့ ပေါင်းစပ်မည်လဲဆိုသည့် ကိစ္စများသည် ပါတီများပေါင်းစည်းရေး ညှိနှိုင်းသည့် ကာလတစ်လျှောက် အခက်အခဲဖြစ်ခဲ့သည်ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

“မူတွေလည်း မတူကြဘူး။ စိတ်ထားတွေလည်း မတူကြဘူး။ အဲဒီတော့ သဘောထားကြီးကြီးနဲ့ ညှိနှိုင်းခဲ့ရတာပေါ့။ ခေါင်းဆောင်မဟုတ်လည်း နောက်လိုက်လုပ်နိုင်တယ်ဆိုတဲ့ စိတ်ထားတွေနဲ့ ညှိခဲ့ကြတာ” ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ်တွင် အဓိကအင်အားကြီး နှစ်ပါတီဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့ကလည်း ပေါင်းစည်းနိုင်ရန် အလားအလာ မရှိသေးပေ။ ၂၀၁၅ ရွေးကောက်ပွဲရလဒ်များအရ ရှမ်းပြည်နယ်သည် NLD နှင့် ရှမ်းနိုင်ငံရေးပါတီများ အဓိကယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ရလဒ်အနေဖြင့် တပ်မတော်ကျောထောက်နောက်ခံရှိသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရသွားခဲ့သည်။

အခြားတစ်ဖက်တွင်လည်း တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်ရန် ပေါင်းစပ်ခဲ့ပြီးခါမှ ပါတီတွင်းပြဿနာများကြောင့် ပြန်ပြိုကွဲသွားသည့် သာဓကများလည်း ရှိသည်။ ၂၀၁၄ ခုနှစ်က ဦးအေးသာအောင် ဦးဆောင်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) တို့ ရခိုင်အမျိုးသားပါတီ (ANP)အဖြစ် ပူးပေါင်းခဲ့ကြသော်လည်း သုံးနှစ်ခွဲအကြာတွင် ပြန်ကွဲသွားကြပြန်သည်။

ဒေါက်တာအေးမောင်၏သားအပါအဝင် ပါတီဝင်အချို့ ANP မှ ခွဲထွက်ကာ ရခိုင့်ဦးဆောင်ပါတီ (Arankan Front Party) ကို ၂၀၁၉ ခုနှစ်အတွင်း ထူထောင်ခဲ့သည်။

သို့သော် ANP အမည်ဖြင့် ရခိုင်တစ်ပါတီတည်း ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်လွှတ်တော်ကို ရခိုင်တို့ ထိန်းချုပ်နိုင်မည့် ရလဒ်ကို စွမ်းဆောင်နိုင်ခဲ့သည်။ ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၃၅ နေရာအနက် ၂၂ နေရာ ရရှိခဲ့သည်။

၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှစ်ခု၌ NLD သည် တိုင်းရင်းသားဒေသများတွင် မျက်နှာပန်းမလှခဲ့ပေ။ အာဏာရပြီးနောက်ပိုင်း NLDသည် ယခင်က ရှိခဲ့ဖူးသည့် ဒီမိုကရက်တစ်အင်အားစုများ၊ တိုင်းရင်းသား နိုင်ငံရေးအင်အားစုများနှင့် ဆက်ဆံရေးမှာ သိသိသာသာ ယုတ်လျော့သွားသည်ဟု တိုင်းရင်းသားများက ဆိုသည်။

“UNA (စည်းလုံးညီညွတ်သော တိုင်းရင်းသားမဟာမိတ်အဖွဲ့) က အရင်တုန်းက NLD နဲ့ ပိုနီးစပ်တာပေါ့။ နှစ်ပေါင်း ၃၀လုံးလုံး တွဲလာတယ်။ ပိုနီးစပ်တယ်။ တကယ်တမ်းပြောရရင် ပါတီကြီးတွေမှာ တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ မူဝါဒ ဘာတစ်ခုမှ မရှိဘူးလေ။ USDP လည်း မရှိဘူး။ NLD လည်း မရှိဘူး” ဟု ဆလိုင်းရှိန်ထွန်းက ပြောသည်။

NLDနှင့် တိုင်းရင်းသားများအကြားတွင် အခြားသော ပွတ်တိုက်မှုများလည်း ရှိသေးသည်။

မွန်တိုင်းရင်းသားများက ကန့်ကွက်ဆန္ဒပြနေသည့်ကြားမှ မွန်ပြည်နယ် ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးခြင်းအပါဝင် ကယားပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် တစ်ဖက်သတ် ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းတို့သည် အာဏာရပါတီ၏ ထင်ရာစိုင်းလုပ်ကိုင်မှုများအဖြစ် ရှုမြင်ခဲ့ကြသည်။

“သူတို့ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်လုပ်ဖို့ ထည့်မစဉ်းစားတာတော့ ကျွန်တော်တို့အတွက်တော့ စိတ်မကောင်းစရာဖြစ်တယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ဟာတွေလည်း ကျွန်တော်တို့အတွက် အများကြီး ဟာသဖြစ်တယ်လို့ ယူဆရတယ်” ဟု ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ခူးသဲရယ်က ပြောသည်။

ဦးကွမ်ဂေါင်အောင်ခမ်းကမူ ဗဟိုအစိုးရအဆင့်တွင် ညွန့်ပေါင်းဖြစ်ဖို့ရာ မျှော်လင့်နေသည်။

“ဖက်ဒရယ်နိုင်ငံကို သွားဖို့ ဆန္ဒရှိတယ်ဆိုရင် ညွန့်ပေါင်းအစိုးရလုပ်ပြီးမှ အတူတကွလုပ်တာ ပိုမကောင်းဘူးလားဆိုတဲ့ အတွေးအခေါ်တွေ ရှိပါတယ်။ အကုန်လုံးပါဝင်ပြီးမှ လုပ်ရင်တော့ ကောင်းပါလိမ့်မယ်။ ဗဟိုမှာ ညွန့်ပေါင်းအစိုးရဖွဲ့ပြီဆိုရင် ပြည်နယ်မှာ အလိုလိုနေရင်း ဒေသပါတီတွေက အုပ်ချုပ်ခွင့်ရလာမှာပါ” ဟု ၎င်းက ဆိုသည်။

 

မဲဆန္ဒရှင်များ၏ ၂၀၂၀ မျှော်မှန်းချက်

NLD နှင့် လမ်းခွဲပြီး လာမည့်ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများက သူတို့နယ်မြေ၌ သူတို့အနိုင်ရရန် ကြိုးပမ်းနေချိန်တွင် ကယားပြည်နယ် ဖရူဆိုမြို့နယ်နေ တောင်ယာစိုက်သည့် ခူဘူရယ်က ကယားနှစ်ပါတီ ပူးပေါင်းလိုက်သည့်အတွက် တိုင်းရင်းသားပါတီကိုသာ မဲထည်ဖို့များသည်ဟု ပြောသည်။

“အရင်က နှစ်ပါတီကနေ အခု ပေါင်းထားတယ်လေ။ ကိုယ့်ရဲ့ တိုင်းရင်းသားပါတီကပဲ ကိုယ့်ရဲ့ခံစားချက်ကို နားလည်တာ။ လိုအပ်ချက်ကို ပိုသိတော့ ဒေသအတွက် ပိုပြီးဦးဆောင်နိုင်မယ်လို့ ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ကယားဒေသခံတို့၏မဲကို NLD ရခဲ့ခြင်းနှင့်ပတ်သက်ပြီး “၂၀၁၅ မှာက NLD ကို ပြည်သူလူထုက အပြည့်အဝ ယုံကြည်ကြတယ်။ NLD ကပဲ သူတို့ဘဝကို ပြောင်းလဲပေးနိုင်မယ်လို့ ယုံကြည်တာကြောင့် လူထုက မဲပေးခဲ့တာလို့ မြင်တယ်” ဟု သုံးသပ်သည်။

၂၀၁၅ ကာလက အပြောင်းအလဲကို ဆောင်ကြဉ်းနိုင်မည့်ပါတီဟု NLD ကို မြင်ခဲ့သူများတွင် မွန်ပြည်နယ် ရေးမြို့နယ်သား မင်းစိုးသိမ်းလည်း ပါသည်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအဖြစ်လည်း ဆောင်ရွက်ခဲ့သည့် ၎င်းသည် ၂၀၁၅ တွင် NLD အပေါ် အပြည့်အဝ ယုံကြည်ခဲ့သော်လည်း ၂၀၂၀ တွင်မူ ထိုယုံကြည်မှုမျိုးကို အာမမခံနိုင်တော့သူဖြစ်သည်။

“သူတို့ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းအရ ဘာမှလည်း အကောင်အထည်ပေါ်မလာခဲ့ဘူး။ ၂၀၂၀ မှာတော့ ၂၀၁၅ တုန်းကလို နိုင်မယ်လို့ မမြင်ဘူး။ အရင်တုန်းက NLD ကို ယုံကြည်ခဲ့တဲ့သူတွေတောင်မှ တခြားပါတီတွေကို ယုံကြည်လာကြတယ်” ဟု ၎င်းက သုံးသပ်သည်။

NLD အစိုးရလက်ထက်တွင် တိုင်းရင်းသားများနှင့် ပြေလည်အောင် မဆောင်ရွက်ခဲ့ဘဲ ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းကဲ့သို့သော ကိစ္စများကို ဒေသခံများနှင့် ထိပ်တိုက်အဖြစ်ခံကာ ဆောင်ရွက်ခြင်းကို မနှစ်သက်သည့် ၎င်း၏အမြင်တွင် NLD ကိုယ်စားလှယ်အများစု၏ အရည်အချင်းသည်လည်း မေးခွန်းထုတ်စရာ  ဖြစ်နေသည်။

“သူတို့ရဲ့ရွေးကောက်ပွဲ ကြေညာစာတမ်းကလည်း ဘာမှအကောင်အထည် ပေါ်မလာဘူး။ ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကလည်း တကယ်တမ်းမှာ အရည်အချင်းပြည့်ဝတယ်လို့ မမြင်ဘူး” ဟု ၎င်းက ပြောသည်။

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading