အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖျာပုံမြို့နယ်တွင် ‘အိုက်စ်’ ဟု ယူဆရသည့် မူးယစ်ဆေးပါ ပီနံအိတ် ၂၀ ကျော် ပင်လယ်ပြင်မှ တွေ့ရှိ

ဖျာပုံမြို့နယ်၊ အမာမြို့ဝန်းကျင် ပင်လယ်ပြင်တွင် မျောပါနေသည့် ‘အိုက်စ် (Ice)’ ဟု ယူဆရသည့် မူးယစ်ဆေးများ ထည့်ထားသည့် အိတ်များကို ငါးဖမ်းစက်လှေများက တွေ့ရှိခဲ့ပြီး အမာရဲစခန်းတွင် သိမ်းဆည်းထားသည်ဟု ဖျာပုံခရိုင် ဒုတိယ ရဲတပ်ဖွဲ့မှူးက Myanmar Now ကို ပြောသည်။

အမာမြို့၊ အရှေ့ဖျားကျေးရွာမှ ရေမိုင် ၁၅ မိုင်အကွာ ပင်လယ်ပြင်တွင် ပီနံအိတ် ၂၃ အိတ် မျောပါနေသည်ကို ငါးဖမ်းစက်လှေ ခုနစ်စီးက ယမန်နေ့ ညနေပိုင်းက တွေ့ရှိခဲ့ပြီး ဆယ်ယူလာခဲ့သည်ဟု အဆိုပါပီနံအိတ်များကို ရဲစခန်းသို့ ပို့ဆောင်ရာတွင် ပါဝင်ခဲ့သူ အမာမြို့ဒေသခံ ကိုဇော်ဝင်းက ပြောသည်။

“သူတို့က ဘာတွေမှန်း မသိကြဘူး။ ပင်လယ်ထဲကနေ ဆယ်လာပြီး လှေပိုင်ရှင်တွေဆီ ယူလာကြတယ်။ ကော်စေ့လို့ထင်ပြီး မီးရှို့ကြည့်ပြီးတာကနေ အနံ့က ခေါင်းမူးတော့မှ မူးယစ်ဆေးဖြစ်နိုင်တယ်ဆိုပြီး သက်ဆိုင်ရာကို လှမ်းဆက်သွယ်ကြတာ” ဟု ကိုဇော်ဝင်းက ဆိုသည်။

ငါးဖမ်းစက်လှေများ ဆယ်ယူခဲ့သည့် ပီနံအိတ်များပေါ်တွင် “ငါးစာ” ဟု မြန်မာလို ရေးထားပြီး ပီနံအိတ်ကို ဖွင့်လိုက်သည့်အခါ “လက်ဖက်ခြောက်” ဟု တရုတ်စာဖြင့် ရေးထိုးထားသည့် ပလတ်စတစ်အိတ်များကို တွေ့သည်ဟုလည်း ကိုဇော်ဝင်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဖျာပုံခရိုင် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းဝင်းက “လတ်တလော သိရသလောက်တော့ crystal (အခဲ) တွေလို့ပဲ သိရသေးတယ်၊ ဓာတ်ခွဲပြီး သေချာကြည့်ရဦးမယ်” ဟု Myanmar Now ကို ပြောသည်။

ပင်လယ်ပြင်မှတွေ့ရသော ပီနံအိတ်များ (ဓာတ်ပုံ – Myanmar Now)

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အမတ် ကိုဘိုဘိုမင်းဇော်က အဆိုပါအထုပ်များ တွေ့ရှိသည်ကို အတည်ပြုပြီး “မနေ့ညကတည်းက မူးယစ်အဖွဲ့တို့ ဘာတို့နဲ့ သူတို့ သက်ဆိုင်တဲ့သူတွေ စစ်ဆေးနေကြပါတယ်” ဟု ဆိုသည်။

တွေ့ရှိထားသည့် ပီနံအိတ်များအတွင်း တစ်ကီလိုဂရမ် အထုပ် ၃၀ ပါဝင်ပြီး ပီနံအိတ်ပေါင်း ၂၃ အိတ် ရှိသည့်အတွက် ကီလို ၆၅၀ ရှိမည်ဟု ခန့်မှန်းရကာ အချို့ပီနံအိတ်များတွင် ပါကင်ထုပ်များ လျော့နည်းနေသည်များလည်း ရှိနေသည်။

ယင်းကဲ့သို့အထုပ်များကို လက်ဝယ်ထားရှိပါက ဥပဒေကြောင်းအရ အန္တရာယ်ရှိနိုင်ကြောင်းနှင့် ပင်လယ်ပြင်တွင် ထပ်မံတွေ့ရှိပါက သက်ဆိုင်ရာသို့ အပ်နှံရမည်ဖြစ်ကြောင်း ယမန်နေ့ညနှင့် ယနေ့ နံနက်ပိုင်းက အမာမြို့တွင် လော်စပီကာဖြင့် ကြေညာထားသည်ဟု ဒေသခံ ကိုဇော်ဝင်းက ဆိုသည်။

‘အိုက်စ်’ သည် စွမ်းအားအဆင့်အမြင့်ဆုံး မက်သမ်ဖက်တမင်း မူးယစ်ဆေးဝါးများဖြစ်ပြီး ပုံဆောင်ခဲအသွင်ရှိကာ ရှူရှိုက်ခြင်း၊ သွေးကြောထဲထိုးသွင်းခြင်း၊ မီးရှို့ကာ အငွေ့ကိုရှူခြင်း စသည့် သုံးစွဲနည်းအမျိုးမျိုး ရှိသည်။

တရုတ်လို ‘လက်ဖက်ခြောက်’ ဟု ရေးထားသည့် ပလတ်စတစ်အိတ် (ဓာတ်ပုံ – Myanmar Now)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button