
တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော ရခိုင်လက်နက်ကိုင်အဖွဲ့၏ နိုင်ငံရေးဦးဆောင်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး အိန္ဒိယနိုင်ငံဘက်ခြမ်းတွင် ဖမ်းဆီးခံခဲ့ရသည့်ဖြစ်စဉ်တွင် အစိုးရနှင့် အပစ်ရပ် လက်မှတ်ထိုးထားသည့် ရခိုင်လက်နက်ကိုင် နောက်တစ်ဖွဲ့ ပါဝင်ပတ်သက်နေသည်ဟု ပထမအဖွဲ့က စွပ်စွဲသည်။
မြန်မာနိုင်ငံနှင့်ကပ်လျက်ရှိသော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ခြမ်း လုံတလိုင်မြို့ရှိ ရခိုင်တိုင်းရင်းသားများ နေထိုင်ရာ အိမ်တစ်အိမ်ကို ယခုလ ၆ ရက်နေ့ မနက်ပိုင်းက မျက်နှာဖုံးစွပ် လူခုနစ်ဦးခန့် ဝင်ရောက်စီးနင်းကာ နေအိမ်တွင် ခေတ္တရောက်နေသည့် ‘ရခိုင်အမျိုးသားအဖွဲ့ချုပ် – ULA’ မှ အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အဆိုပါအဖွဲ့၏ လက်နက်ကိုင်တပ်ဖြစ်သော ရက္ခိုင့်တပ်တော် (AA) ဘက်က ပြောသည်။
ULA သည် AA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည်။
လာရောက်ဖမ်းဆီးသူများထဲတွင် အိန္ဒိယ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များနှင့်အတူ အိန္ဒိယ-မြန်မာနယ်စပ်ရှိ တပ်မတော်နယ်စပ်စခန်းတစ်ခုမှ တပ်ဖွဲ့ဝင်အချို့နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ – ALP ၏ အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ခိုင်အေးပိုင်နှင့် တိုက်အောင်တို့ နှစ်ဦး ပါဝင်ကြောင်း AA ပြောခွင့်ရ ခိုင်သုခက အခိုင်အမာဆိုသည်။
“ဒီကိစ္စကို သက်ဆိုင်ရာအဖွဲ့အစည်းက ဘာမှ အရေးယူဆောင်ရွက်မှု မရှိဘူးဆိုရင်တော့ ကျွန်တော်တို့ဘက်က ဆက်ပြီးတော့ လိုအပ်သလို အရေးယူသွားမယ်” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသူ ULA အဖွဲ့ဝင်မှာ ကိုကျော်ဝင်းနိုင်ဖြစ်ပြီး ၎င်းကို အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ပိုင်းတွင် အာသံရိုင်ဖယ်တပ်က အိန္ဒိယ-မြန်မာနိုင်ငံနယ်စပ် တပ်မတော်စခန်းတစ်ခုဖြစ်သည့် မြိတ်ဝစခန်းထံ လွှဲပြောင်းပေးခဲ့ကြောင်း ခိုင်သုခက ဆိုသည်။
ယခုလအတွင်း အိန္ဒိယနိုင်ငံမှ တပ်မတော်နယ်စပ်စခန်းတစ်ခုသို့ တရားခံအမျိုးသားတစ်ဦး လွှဲပြောင်းပေးခဲ့သည်မှာ မှန်ကန်သော်လည်း မည်သူမည်ဝါ အသေးစိတ်အချက်အလက်များကို မသိကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက Myanmar Now ကို ပြောသည်။
ခိုင်အေးပိုင်နှင့် တိုက်အောင်တို့ နှစ်ဦးမှာ ALP အဖွဲ့ဝင်များ မှန်သော်လည်း ၎င်းတို့နှစ်ဦးကို တိုက်ရိုက် စစ်မေးမှုများအရ အဆိုပါဖြစ်ရပ်တွင် ၎င်းတို့နှစ်ဦး မပါဝင်ဘဲ မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ သုံးပွင့်ဆိုင် တြိဂံဒေသရှိ AL၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) စခန်းတွင်သာ ရှိနေသည်ဟု ALA မှ ဗိုလ်မှူးကြီး ခိုင်စောမြက ပြောသည်။
“ကျွန်တော်တို့က ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့ပါ။ ဒီလိုမျိုး ဘာကြောင့်လုပ်ရမှာလဲ။ တော်လှန်ရေးသမိုင်းမှာလည်း တစ်ခါမှ ဒီလိုမလုပ်ဖူးဘူး” ဟု ၎င်းက ဆိုသည်။
ထို့အပြင် AA စွပ်စွဲသလို ၎င်းတို့တပ်ဖွဲ့ဝင်များ လုံတလိုင်နယ်မြေအတွင်း လှုပ်ရှားမှုများမရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
ရခိုင်တိုင်းရင်းသားများထဲမှ ပေါက်ဖွားလာခဲ့သော လက်နက်ကိုင်နှစ်ဖွဲ့သည် ယခင်ကလည်း အချင်းချင်း တင်းမာခဲ့ဖူးသည်။ ၂၀၁၇ ခုနှစ် ဩဂုတ် ၂၂ ရက်နေ့က အိန္ဒိယ-မြန်မာနယ်စပ်ရှိ ALP/ALA ဌာနချုပ်ကို ဝင်ရောက်သိမ်းပိုက်လိုက်ကြောင်း AA က ကြေညာခဲ့ဖူးပြီး သိမ်းပိုက်ခံရသည့် စခန်းမှာ ဌာနချုပ်မဟုတ်ဘဲ နယ်စပ်ရှိ ရှေ့တန်းစခန်းတစ်ခုသာဖြစ်ကြောင်း ALP က တုံ့ပြန်သည်။
ရက္ခိုင့်တပ်တော် AA သည် ၂၀၀၉ ခုနှစ်က ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ဒေသ လိုင်ဇာတွင် တည်ထောင်ခဲ့သည့် အဖွဲ့ဖြစ်ပြီး ချင်းပြည်နယ်နှင့် ရခိုင်ပြည်မြောက်ပိုင်းတွင် ၂၀၁၅ ခုနှစ်ဝန်းကျင်မှ စတင်လှုပ်ရှားခဲ့သည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALP/ALA ကို ၁၉၇၀ ပြည့်နှစ်တွင် ထိုင်း-မြန်မာနယ်စပ် ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံနယ်မြေ ကော်မူးရာတွင် စတင်ထူထောင်ခဲ့ပြီး ယခုအချိန်တွင် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ နှင့် ထိုင်း–မြန်မာနယ်စပ်တို့တွင် စစ်ရေးလှုပ်ရှားနေသည့် အဖွဲ့ဖြစ်သည်။
၂၀၁၅ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့ပြီး အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် အဖွဲ့လည်းဖြစ်သည်။