သတင်း

ဒေသဖွံ့ဖြိုးရေး လုပ်ခွင့်ပြုရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီက အစိုးရထံတောင်းဆို

နိုင်ငံရေးဆွေးနွေးပွဲများ မစတင်နိုင်မီ ကြားကာလအတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ခွင့်ပြုရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်းက အစိုးရထံ တောင်းဆိုလိုက်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ALP တို့ ယနေ့ (အင်္ဂါနေ့) က ရန်ကုန်မြို့ NRPC ရုံးတွင် ပြုလုပ်သည့် အလွတ်သဘောဆွေးနွေးပွဲတွင် ဒေါ် စောမြရာဇာလင်းက ယင်းသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အစိုးရရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါ ငြိမ်းချမ်းရေးဖော်ဆောင်ရန် ကြိုးစားလာကြခြင်းမှာလည်း ပြည်သူများ၏အကျိုးကို လုပ်ဆောင်ရန်အတွက်သာဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်းက အဆိုပါတွေ့ဆုံပွဲအပြီးတွင် မီဒီယာများကို ပြောဆိုသည်။

အရှင်းဆုံးပြောရမယ်ဆိုရင်တော့ သံသယတွေကြောင့်ဖြစ်ပါတယ်။ အစိုးရဘက်ကမြင်တာကလည်း ဒါတွေကို ခွင့်ပြုလိုက်မယ်ဆိုရင် စင်ပြိုင်အစိုးရပုံစံမျိုး ဖြစ်လာမလားဆိုပြီး အစိုးရဘက်ကလည်း စဉ်းစားမယ်လို့ ထင်တယ်ဟု ၎င်းက ပြောသည်။

NCA စာချုပ် အခန်း(၆) ကြားကာလဆိုင်ရာ အစီအမံဆောင်ရွက်ချက်များတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေးလုပ်ငန်းများ လုပ်ဆောင်ရန်ဟု ပါရှိကြောင်း ၎င်းက ဆိုသည်။

ယနေ့တွေ့ဆုံမှုတွင် ALP ဘက်မှ ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်းနှင့် ဗိုလ်မှူးကြီးခိုင်စိုးမြတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး NRPC ဘက်မှ အတွင်းရေးမှူး ဦးခင်ဇော်ဦးနှင့် အဖွဲ့ဝင်များဖြစ်သည့် ဦးဇော်ဌေးနှင့် ဦးလှမောင်ရွှေတို့ တက်ရောက်ခဲ့သည်။

ALP မှ ဆွေးနွေးလာသည့် အချက်များကို သက်ဆိုင်ရာသို့ တင်ပြသွားမည်ဖြစ်ကြောင်း ဦးလှမောင်ရွှေက ဆွေးနွေးပွဲအပြီးတွင် ပြောသည်။

၁၉၇၀ ခုနှစ်က ထိုင်းမြန်မာနယ်စပ်ရှိ ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ နယ်မြေတစ်ခုဖြစ်သော ကော်မူးရာတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို စတင်ထူထောင်ခဲ့ပြီး အိန္ဒိယ-မြန်မာနယ်စပ်နှင့် ထိုင်း-မြန်မာနယ်စပ်တွင် စစ်ရေးလှုပ်ရှားနေသည့် အဖွဲ့ဖြစ်သည်။

၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သည့် ALP နှင့် အစိုးရအဖွဲ့တို့အကြား တရားဝင်ဆွေးနွေးပွဲများ ရပ်တန့်နေသည်မှာ တစ်နှစ်နီးပါး ရှိပြီဖြစ်ပြီး အလွတ်သဘောတွေ့ဆုံမှုမှာ ယခုအကြိမ်နှင့်ဆိုလျှင် ကြိမ်ခန့် ရှိပြီဖြစ်သည်။

ယင်းသို့ပင် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် အစိုးရအကြား တရားဝင်ဆွေးနွေးပွဲများ ဆိုင်းထားသည်မှာ တစ်နှစ်နီးပါးခန့် ရှိနေပြီး ကြားကာလအတွင်း အလွတ်သဘော တွေ့ဆုံမှုများသာ ရှိခဲ့သည်။

အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) ချင်းအမျိုးသားတပ်ဦး(CNF) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNL) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မွန်ပြည်သစ်ပါတီ ( NMSP ) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ ဖြစ်သည်။

Show More

Related Articles

Back to top button