
ဗစ်တိုးရီးယားအမှုတွင် ဖမ်းဆီးထားရသော အောင်ကြီး၏အလုပ်ရှင် ဒေါ်ဥမ္မာလှိုင်က အောင်ကြီး၏ရှေ့နေ ဒေါ်စုဒါလီအောင်အား တိုင်ကြားထားသည့် အမှုကို ရက်ပေါင်း ၂၇၀ အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးက ယနေ့ ဆုံးဖြတ်လိုက်သည်။
အခြားတစ်ဖက်တွင်လည်း ဒေါ်စုဒါလီအောင်က ဒေါ်ဥမ္မာလှိုင်အား တန်ပြန်တရားစွဲရန် ကြိုးစားနေသည်။
ကလေးငယ်၏အခွင့်အရေးကို ကာကွယ်သည့်အနေဖြင့် အမည်ရင်းကို ဖုံးကွယ်ပြီး ‘ဗစ်တိုးရီးယား’ဟု အများစုက ခေါ်ကြသည့် နေပြည်တော် သပြေကုန်း Wisdom Hill မှ အသက် သုံးနှစ်ပင် မပြည့်သေးသော မူကြိုကျောင်းသူသည် မေလအတွင်းက အဓမ္မပြုကျင့်ခံခဲ့ရပြီးနောက် ကိုအောင်ကျော်မျိုး(ခ)အောင်ကြီးအား ရဲက ဖမ်းဆီးခဲ့သည်။ ဒေါ်ဥမ္မာလှိုင်သည် အောင်ကြီး၏ အလုပ်ရှင်ဖြစ်ပြီး ဒေါ်စုဒါလီအောင်သည် အောင်ကြီး၏ ရှေ့နေများထဲမှ တစ်ယောက်ဖြစ်သည်။
ဒေါ်ဥမ္မာလှိုင် နှင့် ဒေါ်စုဒါလီအောင်တို့အကြား အငြင်းပွားမှုသည် ဗစ်တိုးရီးယားအမှု၏ လေးကြိမ်မြောက် တရားခွင်ဖြစ်သော သြဂုတ်လ ၁၄ ရက်နေ့ ရုံးချိန်းအပြီးတွင် စတင်ခဲ့ခြင်းဖြစ်သည်။ တရားခွင်အပြီးတွင် ဒေါ်စုဒါလီအောင်က သတင်းထောက်များအား ပြောဆိုခဲ့ရာတွင် သူ၏ကလေးငယ်များအား အထင်အမြင်လွဲအောင် ပြောဆိုသည်ဟု စွပ်စွဲပြီး ဒေါ်ဥမ္မာလှိုင်က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ကနဦးတိုင်တန်းချက်တွင် ဒေါ်စုဒါလီအောင်အား ဒေါ်ဥမ္မာလှိုင်က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ (နိုင်/လွတ်/လုံ )ပုဒ်မ ၁၀၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁–က (၂) နှင့် ၁၀၃–က (၅) တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။
သို့ရာတွင် တရားရုံးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁–က (၂) (စွပ်စွဲခံရသော သို့မဟုတ် မှုခင်းတွင် သက်သေအဖြစ် ပါဝင်သော ကလေးသူငယ်ကို မည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ဖော်မှု) တစ်ခုတည်းဖြင့် အမှုကို လက်ခံစစ်ဆေးရန် နှင့် ဒေါ်စုဒါလီအောင်အား ကျပ်သိန်း ၁၀၀ တန် အာမခံပေးရန် ဆုံးဖြတ်ခဲ့သည်။ ပုဒ်မ ၁၀၁–က(၂) သည် ထောင်ဒဏ် တစ်နှစ်အထိ အများဆုံးချမှတ်နိုင်သည်။
ယနေ့ ပထမဆုံးအကြိမ် မျက်နှာစုံညီ အမှုစစ်ဆေးရာတွင် နှစ်ဖက်အမှုသည်များအား တရားသူကြီးက ကျေအေးလိုသည့်၊ ရုပ်သိမ်းလိုသည့်ဆန္ဒ ရှိ၊ မရှိ မေးမြန်းရာ ကာယကံရှင် နှစ်ဦးစလုံးက “မရှိပါဘူး” ဟု ပြန်ဖြေခဲ့ကြသည်။
ဒေါ်စုဒါလီအောင်နှင့် ၎င်းဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေ ဦးသိန်းသန်းဦးက လာမည့် အောက်တိုဘာ ၂၁ ရက် ရုံးချိန်းတွင် တရားလိုကို စတင်မေးမြန်းခွင့် ရလိုကြောင်း တရားသူကြီးထံမှတစ်ဆင့် တောင်းဆိုရာ ဒေါ်ဥမ္မာလှိုင်ကလည်း မဆိုင်းမတွပင် လက်ခံခဲ့သည်။
ဒေါ်စုဒါလီအောင်၏ရှေ့နေ ဦးသိန်းသန်းဦးက သူ၏အမှုသည်အား ဒေါ်ဥမ္မာလှိုင်က နိုင်/လွတ်/လုံ ဖြင့် အမှုဖွင့်ခဲ့ခြင်းသည် ဒေါ်စုဒါလီအောင်၏ လွတ်လပ်လုံခြုံမှုကို ထိပါးရာရောက်သဖြင့် ပြန်လည်အမှုဖွင့်ရန် ဆောင်ရွက်မည်ဟု တရားခွင်အပြီး သတင်းထောက်များအား ပြောခဲ့သည်။
သို့သော် ယနေ့ညနေ ၄ နာရီအထိ ယင်းနှင့်ပတ်သက်သည့် အမှုဖွင့်တိုင်တန်းချက် တစ်စုံတစ်ရာ လက်ခံရရှိခြင်း မရှိသေးကြောင်း နေပြည်တော် ပတ္တာရဲစခန်းမှူး ဒုရဲအုပ် ဇော်လင်းထက်က Myanmar Now ကို အတည်ပြုသည်။
ဒေါ်စုဒါလီအောင်ထံ ဆက်သွယ်ရာ လိုအပ်သည့် အထောက်အထား စုဆောင်းနေဆဲဖြစ်ပြီး အသေးစိတ် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ဆိုသည်။ ဒေါ်ဥမ္မာလှိုင်ထံ မေးမြန်းရာ “ရင်ဆိုင်ရုံပဲရှိတာပေါ့” ဟု Myanmar Nowကို ပြောသည်။
ဒေါ်ဥမ္မာလှိုင်သည် စက်တင်ဘာလအတွင်းကလည်း ဗစ်တိုးရီးယား၏ အဖေ၊ ဦးလေး၊ အဒေါ်၊ ကူညီသူ သက္ကမိုးညို(ခ) ဒေါက်တာဝင်းကိုကိုသိန်း နှင့် ရှေ့နေ ဒေါ်ရွက်နုအောင်၊ ကိုအောင်ကြီး၏ ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော် စုစုပေါင်း ၆ ဦးအား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁–က (၂)ဖြင့် အမှုဖွင့်ထားခဲ့သည်။
ဒေါ်ဥမ္မာလှိုင်သည်အခင်းဖြစ်ပွားချိန်တွင် Wisdom Hill ကျောင်း၏ ကျောင်းကြီးကြပ်ရေးမှူးအဖြစ် တာဝန်ယူနေခဲ့ပြီး ယနေ့အချိန်တွင် ကျောင်းတွင် ဆက်လက် တာဝန်ထမ်းဆောင်နေခြင်း ရှိမရှိကိုတော့ သီးခြားအတည်မပြုနိုင်သေးပေ။