
ဗစ်တိုးရီးယားအမှုမှန် ပေါ်ပေါက်ရေးအတွက် ကော်မတီတစ်ခုကို နေပြည်တော်တွင် ယနေ့ ဖွဲ့စည်းလိုက်ပြီး ကလေးငယ်နှင့် မိသားစု ကိုယ်ရေးအချက်အလက်များကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့သည့် ရဲအရာရှိများအား ရက်ပိုင်းအတွင်း မိသားစုကိုယ်စား အမှုဖွင့်ရန် ဆုံးဖြတ်လိုက်သည်။
ဗစ်တိုးရီးယား၏ မိသားစုနှင့် ၎င်းတို့အား စာနာထောက်ထားကြသူများ စုဝေးတိုင်ပင်ခဲ့ပြီးနောက် ‘ဗစ်တိုးရီးယားအတွက် အမှန်တရားတောင်းဆိုမှုကော်မတီ ( Committee for Demanding Justice for Victoria)’ ဟု အမည်ပေးထားသည့်ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းကော်မတီက “အမှုကိစ္စ အမှန်တရားပေါ်ပေါက်ရန်နှင့် တရားမျှတမှုကို ရရှိရန် ရေဆုံးရေဖျား ဆက်လက်ရင်ဆိုင်သွားကြမည်” ဟုလည်း ထုတ်ပြန်ကြေညာလိုက်သည်။
ကော်မတီအဖွဲ့ဝင်များအကြောင်း အသေးစိတ် ထုတ်မပြောသော်လည်း ရှေ့နေ၊ ဆရာဝန်နှင့် ကွန်ပျူတာပညာရှင်များအပါအဝင် နယ်ပယ်အသီးသီးမှ လူ ၇၀ ခန့် ပါဝင်သည်ဟု ယူဆရသည့် အဆိုပါကော်မတီ၏ ရှေ့ထွက်ပုဂ္ဂိုလ်အဖြစ် လူသိများသည့် စာရေးဆရာ ဦးထင်လင်းဦးက တာဝန်ယူမည်ဖြစ်သည်။
ဦးထင်လင်းဦးသည် ဗစ်တိုးရီးယားနှင့် မိသားစု၏အမည်၊ ကိုယ်ရေးအချက်အလက်များကို အသေးစိတ် ထုတ်ဖော်ပြောဆို၊ ထုတ်ပြန်သည့် ရဲတပ်ဖွဲ့တာဝန်ရှိသူများကို အမှုဖွင့်ရန်အတွက်လည်း ဦးဆောင်မည်ဟု ကော်မတီထုတ်ပြန်ချက်က ဆိုသည်။
“ဘယ်သူတွေကို အမှုဖွင့်မယ်၊ ဘယ်ပုဒ်မတွေနဲ့ဆိုတာတော့ အခု အတည်မပြုပေးနိုင်သေးပါဘူး၊ ရဲတပ်ဖွဲ့တစ်ခုလုံးကို မဟုတ်ဘဲ ဒါမျိုးပြောခဲ့သူ၊ ရဲဇာနည်အကောင့်အတွက် တာဝန်ရှိသူကိုသာ အရေးဆိုမှာပါ” ဟု ဦးထင်လင်းဦးက ဆိုသည်။
နေပြည်တော်တွင် မေလအတွင်း လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံခဲ့ရသည်ဟု ဆရာဝန်များအတည်ပြုထားသည့် မူကြိုအရွယ်ကလေးငယ်အမှုနှင့်စပ်လျဉ်း၍ ဒီဇင်ဘာ ၁၉ရက်၌ ရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲ နှင့် ရဲဇာနည်အမည်ရ Facebook စာမျက်နှာတွင် ကလေးငယ်၏ အချက်အလက်များကို ရဲတပ်ဖွဲ့က လူသိရှင်ကြား ထုတ်ဖော်ခဲ့၍ဖြစ်သည်။
- ဗစ်တိုးရီးယားနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းတချို့ ရဲတပ်ဖွဲ့ Facebook ပေါ်တင်
- ရဲတပ်ဖွဲ့လုပ်ရပ်ကို ဗစ်တိုးရီးယားမိသားစုက ဥပဒေကြောင်းအရ တုံ့ပြန်မည်
ဗစ်တိုးရီးယားမိသားစုထံမှ တရားဝင်ကိုယ်စားလှယ်လွှဲစာယူသည့် လုပ်ငန်းစဉ်ကို ကနဦးဆောင်ရွက်ရန်ရှိသဖြင့် ဒီဇင်ဘာ ၂၆ ရက်တွင် အမှုဖွင့်လှစ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆက်ပြောသည်။
ဗစ်တိုးရီးယား၏ဖခင်ကို အနီးကပ်ကူညီပေးနေသည့် ဒေါက်တာဝင်းကိုကိုသိန်း(ခ)သက္ကမိုးညိုကလည်း“ကလေးအဖေအနေနဲ့ ရင်ဆိုင်ရမှာတွေများတဲ့အတွက် ကိုယ်စားလှယ်လွှဲစာကတော့ ပေးဖြစ်ဖို့များတယ်”ဟု ပြောသည်။
သို့သော် ကော်မတီ၏ ဆောင်ရွက်ချက်အားလုံးကို ဗစ်တိုးရီးယားမိသားစု၊ ရှေ့နေဒေါ်ရွက်နုအောင်နှင့် ၎င်းတို့၏ သဘောထားရပ်တည်ချက်များအဖြစ် တထစ်ချမမှတ်ယူရန် ဒေါက်တာဝင်းကိုကိုသိန်းက ပြောသည်။
“ရည်ရွယ်ချက်ချင်းတူတဲ့အပိုင်းမှာ ကျွန်တော်တို့ ဘယ်တော့မှမငြင်းပယ်ဘူး။ ကျွန်တော်တို့ဘက်ကတော့ ဗစ်တိုးရီးယားကိစ္စမှာ ကလေးအဖေရဲ့ဆုံးဖြတ်ချက်သာ အတည်ဖြစ်တယ်လို့ ခံယူထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။